Wednesday, March 9, 2011

လင်းဖိုင်စာသိုက် ( ၂ )


ဘယ်တော့ မှ အေးစက်မသွားနိုင်သော၊ အေးခဲ မသွားနိုင်သော ရင်ခုန်သံတို့ ဖြင့် ကိုထွေးတစ်ယောက်
“ ဖိုင့် ” အပေါ်မှာ ရစ်ပတ်တွယ်တာမိခဲ့ ရပါသည်။ မိုးကြိုး၊ လျှပ်စီးတို့ ထက် မြန်လွန်းသော အဟုန်ဖြင့် 
စက္ကန့် ပိုင်းသောအချိန်လေးအတွင်းတွေမှာပင် မိုင်ပေါင်းများစွာ ရစ်ပတ်တွယ်နှောင်သွားနိုင်သော အရာကို
“ ချစ်ခြင်း ” လို့ ပဲ ခေါ် ဆိုနိုင်ပါတော့ မည်လား ..။


“ နမ့် ခစဝမ်ကို သွားလည်မယ်၊ အဒါ လိုက်ခဲ့ ပါလားရှင် ”
သူက ကျွန်တော့် ကို “ အဒါ ” လို့  နှုတ်ကျိုးနေပါပြီ။
“ ဘယ်တော့ လဲ ဖိုင် .. ဘာသွားလုပ်မှာလဲ ”
“ စက်ရုံက သူငယ်ချင်း မင်္ဂလာဆောင်လို့ ၊ အလည်လိုက်သွားကြမယ်လေ။ မကိုင် တို့ လည်း ပါတယ်၊ လူတွေ
အများကြီး စုသွားကြမှာ ”
“ လိုက်မယ်လေ ”
ဒီကိစ္စဟာ ကျွန်တော့် အတွက် ဒုတိယအကြိမ် အလည်အပတ်ခရီးပဲ ဖြစ်ပါသည်။
ပထမအကြိမ်က ဖိုင်တို့  ဇာတိမြေကို လိုက်သွားခဲ့ ဘူးသည်။ ရှင်ပြု နားသ အလှုပွဲ လုပ်ကြတာပါ။ တော်တော်
ပျော်စရာ ကောင်းပါသည်။ ဖိုင်တို့ အဖွားဆိုတာ ပါးရိုးကြီးတွေကျပြီး ကွမ်းတွေဝါးရင်း၊ ကျွန်တော့် မျက်နှာကိုသူ့ 
လက်ဝါးနဲ့ လိုက်ပွတ်သည်။ မျက်စေ့ က မွဲနေပြီကိုး။ စကားတွေလည်း ပြောသည်။ ကျွန်တော်နားမလည်တော့ 
ဖိုင်က ဝင်ရှင်းပြ၏။
“ သင်္ကန်းစည်းမလားလို့  မေးတာပါ ”
“ ဟုတ်လား ”
“ ဒီမှာ နေနိုင်သလား တဲ့  ”
“ ဟင်း ..ဟင်း ”

ဖိုင်တို့  ဇာတိမြေဟာ ကျွန်တော်တို့ တိုင်းပြည်က ကျေးလက်တောရွာလိုပါပဲ။ တောင်သူလယ်သမားတွေ နေကြ
ပါသည်။ အလှုမှာလည်း ဝိုင်းလုပ်ဝိုင်းစားဖြင့်  ပျော်ဖို့ ကောင်းပါသည်။ သူတို့ ဆီမှာ မောင်ရင်လောင်းနှင့် ရဟန်း
လောင်းကို လူဖြင့် ထမ်းကြသည်။ ထမ်းသည့် လူတွေက နီးစပ်ရာ ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေနဲ့ ကုသိုလ်
ယူသည့် သူတွေဖြစ်ပါသည်။
မောင်ရင်လောင်းရော၊ ရဟန်းလောင်းပါ တစ်နေကုန်လှည့် ပြီးရင် ညဆို အိမ်မှာပဲနေကြသည်။ ဘုန်းကြီးကျောင်း
ကို မသွားပါ။ မနက်ကျမှ သင်္ကန်းစည်းကြသည်။ သူတို့ ဓလေ့ ပဲလားတော့  ကျွန်တော်မပြောတတ်ပါ။ အခုမှ
ဒီတစ်ခါပဲ မြင်ဘူးတာကိုး။ ညဘက်မှာ ပိတ်ကားထောင် ရုပ်ရှင်ပြပါသည်။ လယ်ကွင်းကြီးထဲမှာ ပြတာပါ။
ကျွန်တော်တို့ ဆီမှာဆိုရင်တော့ ဆိုင်း ငှားလေ့ ငှားထ ရှိသည်။ ဒီမှာတော့  ဆိုင်းအဖွဲ့ တွေ ဘာတွေ ရှားပါးကုန်
တာလား၊ အလေ့ အထမရှိတာလား မသိ။ သိပ်တောင်မမြင်မိပေ။ ဇာတ်ပွဲလို သဘောမျိုး၊ အငြိမ့် သဘောမျိုး
ကပြတာတော့  ရှိသည်။ ဇာတ်သံ၊ ဇာတ်ဟန်ဖြင့် ယဉ်ကျေးမှု ကပွဲတွေ၊ တီဗွီတွေမှာလည်း လွှင့် ပါသည်။
မြို့ မှာလည်း မကြာခဏ ကြည့် ဘူးသည်။ သူတို့  ဇာတ်သံ ကျွန်တော် ဘယ်နားလည်မလဲ။ အရယ်၊အသော၊အငို
အနွဲ့ တွေက မြန်မာ့ ဇာတ်လို ကျကျနနပဲ သရုပ်ဆောင်ကြပါသည်။ ဝတ်စားဆင်ယင်ပုံလည်း သားနားကြသည်။
ဇာတ်စကားကိုသာ ကျွန်တော် နားမလည်တာပါ။ ကြည့် လို့ တော့  ကောင်းပါသည်။

ထိုင်းနိုင်ငံမှာလည်း ကျွန်တော်တို့  မြန်မာနိုင်ငံမှာလို လူမျိုးကွဲတွေ အများကြီးရှိသည်။ ဖသိုက်၊ ဖနူရာ၊ ထိုင်းလစ်
ဖအိစံ စသည်ဖြင့်  ရှိကြသည်။ အသေးစိတ်တော့  ကျွန်တော်မပြောတတ်ပါ။ ကျွန်တော်တို့ နှင့်  အရင်းအနှီးဆုံး
လူမျိုးက ဖအိစံ လို့ ခေါ်သည့်  ကောက်ညှင်းစားသည့်  ထိုင်းလူမျိုး ဖြစ်ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ
သူတို့  အမြဲရှိသည်။ တော်တော်လုပ်နိုင်တဲ့ သူတွေဖြစ်ပါသည်။

နေပူထဲမှာ တစ်နေကုန် လုပ်နိုင်သည်။ စားတာက ကောက်ညှင်းစားသည်။ သောက်လဲ အလွန်သောက်နိုင်ကြ၏။
ညညဆိုရင် အရက်ပုလင်းကို ဇွန်းဖြင့် ခေါက်ပြီး ရိုးရာသီချင်းတွေ ဆိုကြသည်။ အတော်ရိုးသားကြပါသည်။
သင်္ဘောသီးထောင်းတို့ ၊ သခွားသီးထောင်းတို့ ဆိုတာ သူတို့ ဖအိစံတွေရဲ့  အစားအစာဖြစ်ပါသည်။ လှည်းကလေး
တွေနှင့်  လမ်းစုံ၊ လမ်းခွတိုင်းမှာ ရောင်းကြသည်။ အမဲသားကင်ပြီး သုပ်တာလည်း သိပ်စားလို့  ကောင်းပါသည်။

သူတို့ က ပြောသေးသည်။ သူတို့ သာလျှင် ရာခိုင်နှုန်းပြည့် ပြည့်  ထိုင်းသွေးစစ်စစ်တွေပါပဲတဲ့ ။ ဘန်ကောက်
တစ်မြို့ လုံးမှာ သူတို့ မရှိသည့် နေရာဆိုတာ တကယ်ရှားပါသည်။ သူတို့  ဘာသာစကားက သိပ်နားထောင်လို့ 
ကောင်းပါသည်။ ကျွန်တော်တို့  မြန်မာအချင်းချင်းတောင် တစ်ဦးနဲ့ တစ်ဦး စ,ကြ နောက်ကြရင်း သူတို့ လေသံ
မျိုး လိုက်လိုက်ပြောကြပါသည်။ “ အိညံဝ ” ( ဘာလဲကွ ) တို့ ၊ “ ကင်ခေါက်ဘော် ”( ထမင်းစားပြီးပြီလား ) တို့ 
က ပြောလို့ ကောင်းနေသည်။

ရုပ်ရှင်တို့ ၊ သီချင်းတို့ မှာလည်း ဖအိစံတွေက တော်တော်နေရာယူထားကြသည်။
ရိုးရာကျေးလက်တေးတွေက မြို့ ပေါ်မှာ အလုပ်လာလုပ်ကြသည့် သူတွေအတွက် ဇာတိအလွမ်းပြေပင်။ MTV
က ခေတ်စားလွန်းသည်။ မြို့ မှာ အလုပ်သွားလုပ်သည့် ကောင်မလေးကို တွေ့ ချင်လို့  မြို့ ကို လိုက်လာ၊ အလုပ်
မျိုးစုံလုပ်၊ ဒုက္ခတွေတွေ့ ၊ နောက်ဆုံး ကောင်မလေးစပယ်ယာလုပ်သည့် ဘတ်(စ)ကားပေါ် အပြေးအလွှားတက်
မိရင်း ပြန်စုံကြတာတို့ ၊ မြို့ မှာ အလုပ်လုပ်ပြီး ပြန်လာသည့်  အမျိုးသားကို ဇာတိမြေက အမျိုးသမီးက ဆီးကြိုတာ
တို့ ဆိုသည့်  MTV များကို ကြည့်လို့ ကို မဝနိုင်ပါပေ။

ကျွန်တော်တို့ ဆီမှာ ဆိုလျှင်တော့  အထက်အညာ သရုပ်ဖော်သဘောမျိုးဖြစ်သည်။ သူတို့  ထိုင်းလူမျိုးတွေထဲမှာ
မြန်မာနှင့် မျက်နှာအကျ အပေါက်၊ ဆံပင်ပုံစံက အစ ဆင်တူသည့်  လူမျိုးလည်းရှိသည်။“ ဖသိုက် ” လူမျိုး ဖြစ်၏။
ဘယ်လောက်ဆင်တူသလဲဆိုရင် “ နာ့ လမ်း ” ထဲက လက်ဖက်ရည်ဆိုင်မှာ သူတို့ ထိုင်နေပြီး ရေနွေးသောက်၊
ဘာသောက် လုပ်နေသည့်အခါ မြန်မာပြည်ပြန်ရောက်နေသလိုတောင် ခံစားရသည်။ အဲ့ ဒီလောက်တောင် တူ
ပါသည်။ ထိုအခါမျိုးမှာဆိုလျှင် ဘယ်ဝိုင်းကများ မြန်မာစကားသံ ကြားရမလဲလို့ တောင် နားစွင့် မိပါသည်။

သူတို့ က “ ရခမ်ဟမ်း ” တက္ကသိုလ် လာတက်နေကြသည့် ကျောင်းသူ ကျောင်းသားတွေဖြစ်ပါသည်။ လက်ဖက်
ရည်ဆိုင် ထိုင်တာ သူတို့ လူမျိုးပဲ ရှိသည်။ မြန်မာပြည်နှင့် ထပ်တူပင်။ သူတို့ ရပ်ရွာမှာတော့  လက်ဖက်ရည်ဆိုင် ရှိလား၊ မရှိလား ကျွန်တော်မသိပါ။ “ နာ့ လမ်း ” ထဲက လက်ဖက်ရည်ဆိုင်ကတော့  မြန်မာပြည်က ဆိုင်လိုပင်ဖြစ်
နေသည်။ “ နာ့ လမ်း ” က ထွက်လျှင် ( ရခမ်ဟမ်း )တက္ကသိုလ်သို့  ရောက်သည်။ မြန်မာပြည်က အင်္ဂလိပ်မေဂျာ
သင်သည့် ဆရာတွေတောင် ရှိတယ်လို့  ကြားမိသည်။ တွေ့ တော့  မတွေ့ ဘူးပါ။

ကျွန်တော်တော့  နာ့ လမ်းက လက်ဖက်ရည်ဆိုင်ကို တမင်တကာ သွားသွားထိုင်သည်။ တက္ကသိုလ် လာတက်ကြ
သည့် လူငယ်တွေကိုမြင်ရတာ၊ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ရေနွေးကြမ်း သောက်ရတဲ့ အရသာများကိုတော်တော်
စွဲနေပြီ။ အခါကြီး ရက်ကြီးတွေမှာတောင် အရင်လို ဘုရင့် နန်းတော်တို့ ၊ ကျောက်တိုင်တို့ ဘက်ကို မသွားဖြစ်
တော့ ပေ။ ဖိုင်နဲ့  ရင်းနှီးလာတော့ ဘုရားတို့  ကျောင်းတို့  သွားတာလာတာရှိလာသည်။

ကျွန်တော်တို့ နေတဲ့  ၁၂၂ လမ်းရဲ့  ဟိုဘက်မှာ ၈၉ လမ်းရှိသည်။ အဲ့ ဒီလမ်းထိပ်မှာ “ လွတ်တို့ ” လို့ ခေါ်သည့် 
သုံးဘီးကားလေးကို စီးသွားလျှင် စေတီ တစ်ဆူသို့  ရောက်သည်။ သီတင်းကျွတ်တို့ ၊ တန်ဆောင်တိုင်တို့ မှာ
ဖိုင်နှင့် ရောက်ဖူးသည်။

ဘုရားမီးပူဇော်ကြပုံမှာ ဆန်းလှ၏။
ဘုရားကို ဆီမီးတွေကိုင်ပြီး ပတ်ကြသည်။ ပတ်ရတာ ကျေနပ်ပြီဆိုလျှင်တော့  စေတီမှာ ထွန်းညှိပူဇော်ကြသည်။
ရေထဲကို ဆီမီးပူဇော်တာကျတော့  ဘူတာကြီးနားက မြစ်ထဲမှာ သွားပြီး ပူဇော်ကြသည်။ တစ်ခါတစ်လေတော့ 
အဲ့ ဒီမြစ်ထဲမှာ မော်တော်စီးပြီး ဘုန်းကြီးကျောင်းတွေ လိုက်ဖူးကြသည်။ ဖိုင်က ဒါတွေ တော်တော်လိုက်စား၏။
ဘုရားရွှေကပ်တာတို့ ၊ တရားထိုင်တာတို့ ကို ခေါ်ခေါ် သွားလေ့ ရှိသည်။ အဲ့ ဒီလို နေရာတွေ ရောက်ပြီးလျှင်
ကျွန်တော် သူ့ ကို ယူချင်စိတ် ပေါက်ပေါက်လာတော့ သည်။

“ နန့် ခစဝမ် ” ကို သူ့ သူငယ်ချင်း မင်္ဂလာဆောင်အတွက် လိုက်ခဲ့ ရင်း ကျွန်တော် သူ့ ကို တော်တော်သနားသွား
မိပါသည်။ သတို့ သားနှင့်  သတို့ သမီးတို့ က ပရိတ်သတ်ရှေ့ မှာ လက်ချင်းယှက်ပြီး ထိုင်ကြသည်။ ပရိတ်သတ်
တွေက သူတို့ လက်ကို ရေသွားလောင်းပေးကြသည်။ လက်ဖွဲ့ တွေလည်း ထည့်ကြ၏။ နှစ်ဖက်မိဘဆွေမျိုးတွေ
က ပီတိတွေ ဖြာလို့ ။ တက်ရောက်သည့်  ပရိတ်သတ်ထဲမှာ သမီးရည်းစား စုံတွဲပါလျှင် စုံတွဲလိုက် သွားပြီး
ရေလောင်းရတာကိုး ..။

သတို့ သားနှင့် သတို့ သမီး လက်ချင်းယှက်ထားသည့်  အောက်ခြေမှာ ဖလားကြီး ခံထားသည်။ ရေကတော့ 
အဖြစ်သဘော လောင်းရခြင်းပင်။ ဖိုင်က ကျွန်တော့်ကို ရေလောင်းဖို့  လာခေါ်သည်။ ကျွန်တော်လိုက်သွားပါ
သည်။ တကယ်တော့  ဒီကိစ္စက ဘဝနှင့် ရင်းရတာမှန်း ပြီးမှ ကျွန်တော်သိတော့ သည်။ လူသိရှင်ကြား ကြေညာ
လိုက်သည့်  သဘောဖြစ်တော့ သည်။ သည်လိုမျိုးကို တကယ်ယူမည့်  သမီးရည်းစားတွေသာ လုပ်လေ့ လုပ်ထ
ရှိကြပါသည်။

တကယ်တန်းပြောကြကြေးဆိုရင် ဖိုင်နှင့် ကျွန်တော် ချစ်တင်းနှောတာမျိုး မရှိသေးပါ။ နားလည်နေကြသည့် 
အဆင့် သာ ရှိပါသေးသည်။ နယ်လုသည့် ကိစ္စမှာလည်း ပိုလို့ တောင် တင်းမာနေကြပါသည်။ ဘာပဲဖြစ်ဖြစ်
သူနဲ့ ကျွန်တော် မလွန်ကျူးမိကြသေးပါ။ ချစ်တယ်၊ ကြိုက်တယ်၊ ဘာဘာညာညာတွေတော့ ပြောဖို့  မလိုကြတာ
မို့  မပြောကြပါဘူး။ ဒါတွေ ပြောဘို့ လည်း မလိုဘူး ထင်လို့ ပါ။ တစ်နေ့ ကို အကြိမ်နှစ်ဆယ်လောက် ဆုံနေကြ
တာမဟုတ်လား။

သမီးရည်းစားဆိုတာ ဒီလို နီးနီးကပ်ကပ် တွေ့ နေမြင်နေရရင် ချစ်ကြောင်း၊ ကြိုက်ကြောင်း ပြောနေမယ်မထင်ပါ။
အရွယ်တွေကလည်း ဆယ့် လေးငါးခြောက်နှစ်တွေ မဟုတ်ကြတော့ ။ ပြီးတော့  လက်လုပ်လက်စားတွေမဟုတ်
လား။

နောက်တစ်ကြောင်းက အသိုင်းအဝိုင်းတို့ ပတ်ဝန်းကျင်တို့  ဝင်ပါမလာတော့ သူနဲ့ ကျွန်တော်ကြားမှာ ပဋ္ဋိပက္ခ
ဆိုတာ နယ်လုသည့်  ပြဿနာသာရှိသည်။ သူ့ ဘဝထဲ ကျွန်တော်မဝင်နိုင်သလို၊ ကျွန်တော့် ဘဝထဲလည်း သူ
ဝင်မလာနိုင်ပါ။ ကြားချလို့ မရတဲ့ ကိစ္စကြီး ဖြစ်နေသည်။ သွားကြ လာကြသည့် အခါမှာတော့  နယ်လုပွဲကို
နှစ်ယောက်စလုံး မေ့ ထားလိုက်ကြသည်။ ဒီလိုနှင့် ပင် တစ်နှစ်ခွဲလောက် တွဲခဲ့ ကြပါသည်။

နောက်တော့  .....

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

................................................................................................................

( ဆက်ရန် )

7 comments:

ကိုဇော် said...

အဓိက က နှစ်ယောက် စိတ်ချင်းတူဖို့ ဆိုပေမဲ့လည်း နောက်အတွက် ဒါကလည်း လိုပါတယ်။

IDIOT-Ki said...

နယ်လုပွဲအပြီး ဗိုလ်လုပွဲ ကို လဖက်ရည်ဆိုင်မှာ ထိုင်ရင်း စောင့်ကြည့် နေတယ်...
ကိုထွေးလည်း ယိုးဒယားစကား အတော်တတ်နေရောပေါ့ ..

Angelhlaing(May everybody be happy and healthy! said...

စိတ်ဝင်တစားနဲ့ စောင့်မျှော်နေပါတယ်။
ဖတ်ခွင့်ရလို့ ကျေးဇူးပါအကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

sosegado said...

ယ ယူထားတဲ့ ရွေတွေတွေ့ဘူးပါတယ်၊ နောက်တော့ဘာဖြစ်သွားသလဲ၊ စောင့်ဖတ်နေပါမယ်။

...အလင်းစက်များ said...

အဲ့သည်မင်္ဂလာပွဲမှာ ရေလောင်းဖြစ်လိုက်လား သေချာမရေးထားဘူးနော်... ထိုင်းကတော့ ဘာပြောပြော မြန်မာမထက်ရဲတာတော့ အမှန်ပဲမို့  ဘယ်လို အဆုံးသတ်မလဲ သိချင်နေတာ အမှန်ပဲ။

နောက်တစ်ခုက ဘန်ကောင်မှာမွေးတဲ့သူတော်တော်များများက အိစံ ဆိုရင် အလုပ်ကြမ်းလုပ်တဲ့လူများတယ်လို့  သတ်မှတ်ကြတယ်ထင်တယ်... သေချာတော့မသိဘူး.. သူငယ်ချင်းတွေပြောပြတာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ကြည့်လိုက်... အဲ့ဒါ အိစံတွေချည်းပဲလို့  ပြောဖူးတယ်....

ကျနော့ကိုလဲ အိစံလူမျိုးနဲ့  တူတယ်လို့  ပြောဖူးတယ်... အဟီး... စိတ်တိုလိုက်တာမှ.. :(

blackcoffee said...

နောက်တော့ ဘာထပ်ဖြစ်လဲ အစ်ကို...
ဆက်ရန်ကို မျှော်နေသည်။

ဒီစာလေး ဖတ်ပြီး မြန်မာပြည်က လက်ဖက်ရည် ဆိုင်လေးကို ပြေးသတိရမိသည်။

ချော(အစိမ်းရောင်လွင်ပြင်) said...

နောက်တော့ဆိုပြီး ရပ်လိုက်တော့ ဆံ့ငင်ငင် ဖြစ်သွားတယ်
ထိုင်းမလေး နဲ့ ဘာတွေဆက်ဖြစ်လဲ ကိုအဖြူလေး
သိချင်ပါတယ်..
မြန်မြန် ဆက်ပါ