Saturday, April 30, 2011

ဖေဖေ သုဂတိ လားပါစေ...။

ကျွန်တော်တို့ ညီအကို နှစ်ယောက် စင်္ကာပူတွင် စီးပွားရေး ဘုန်းမီးနေလ တောက်ပစ,ကာလတွင် အဖေသည် လောကကို အရှုံးဖြင့်  ထွက်ခွာသွားလေပြီ။

ကျွန်တော့် တစ်သက်တွင် အလိုက်သိသူ၊ နှုတ်သြဇာ ထိရောက်သူ၊ အပေါင်းအသင်းများသူ၊ ဘဝအတွေ့  စုံသူ
လူကြီးသူမ မြောက်များစွာကို တွေ့ ဘူးသော်ငြား အဖေ့ လို စကားပြောကောင်းသူကို ယနေ့ အထိ မတွေ့ ဘူး
သေးပါ။ အဖေက ထားဝယ်၊ ကံဘောက်သား။ အတန်းပညာ မကြွယ်ဝခဲ့ သည်တိုင် ဘဝအခြေအနေ မျိုးစုံကို
ကြုံဖူးသည်။

ကျွန်တော်ငယ်ငယ်က အိမ်မှာ မိသားစု ဗေဒင်တွက်ကြတော့ ကျွန်တော့် ဇာတာသည် အဖေနှင့်တူသဖြင့် ဆင်းရဲ
မည်ဟု တွက်ကြ၏။ ဆင်းရဲခဲ့ သည်မှာတော့  မှန်လေပြီ။ သို့ သော် ကျွန်တော် စကားပြော ကောင်းပါသလား။
ဒါက သိပ်မသေချာ။ သူငယ်ချင်းများကတော့ အပြောကောင်းသည်ဟု သတ်မှတ်ဖူးသည်။ ဖိုင် ကလည်း
ကျွန်တော့် ကို စကားပြောကောင်းသူဟု ပြောဖူးသည်။ ကျွန်တော် စကားပြောလျှင် ထိုင်းဘာသာစကား မပီသ
သဖြင့်  ဘယ်မှာ အပြောကောင်းပါ့ မလဲဆိုတော့  ဖိုင် ရယ်ဖူးသည်။ စကားပြော ကောင်းမကောင်း မသေချာ
သည့် တိုင် စာရေးကောင်းသည်ကိုတော့  ကျွန်တော် ယုံသည်။ ကျွန်တော့်အိမ်သို့  စာရေးလျှင် တစ်ခါတစ်ရံ
ကိုယ့် စာကိုယ် ကြိုက်လွန်းနေသဖြင့်  တော်တော်နှင့်  မထည့်ဖြစ်။

အဖေသည် စကားပြော အလွန်တော်သည်။ ပြီးတော့  မြန်မြန်နှင့်  ရှင်းရှင်း ပြောတတ်သူ ဖြစ်သည်။ အမေ့ ကို
စကားနာ ထိုးလျှင်ပင် အမေ့ ဘက်က လိုက်နာကြည်းမိနေရင်း တစ်ခါတစ်ရံ ရယ်မိပြန်သည်။ အဖေသည်
ဟုတ်သည် မဟုတ်သည် အသာထား၊ သူ ပြောသမျှကို ယုတ္တိရှိအောင် ပြောတတ်၏။ ဥပမာ ပေးတတ်၏။
အဖေ့ပါးစပ်ထဲတွင် ဘယ်အချိန်က ထိုအသုံးအနှုန်း ရောက်နေသည်ကိုပင် ကျွန်တော်တို့  မသိ၍ အံ့ သြရတတ်
သည်။ ဘာမှ အပစ်မရှိသည့် အမေ့ ကို အဖေ အပစ်ရှာ ပြောဆိုသည့်အခါ နားထောင်ရင်း နားထောင်ရင်း အဖေ
မှန်သလိုလိုပင် ထင်လာမိ၏။ အဖေ လုပ်ကြံပြောနေမှန်း သိသိကြီးနှင့်ပင် အဖေပြောသည်ကို ကျကျနန
နားထောင်မိသည်ချည်းပင်။

ကျွန်တော်နှင့် တော့  မတည့်။
ငရဲများလည်း ကျွန်တော့် မှာ မနည်း။
မှတ်မှတ်ရရ ငရဲသည်ကား အဖေ့ ကို အရက်က နိုင်နင်းလာပြီး စိတ်လွတ် ကိုယ်လွတ် သောင်းကျန်းလာချိန်
ပတ်ဝန်းကျင်နှင့်  ကြီးမားစွာ ပဋိပက္ခ ဖြစ်နေချိန်၌ သတိကင်းလွတ်နေသော အဖေ့ ကို စိတ်ကျန်းမာရေးဆေးရုံ
သို့  တင်ရန် ကျွန်တော် ကြိုးစားခဲ့ သည်။ အမေကလည်း ပတ်ဝန်းကျင်ကို ငဲ့ ညှာသောအားဖြင့်  အဖေ့ ကို
အရက်ပြတ်စေချင်လွန်းသဖြင့် သဘောတူခဲ့ သည်။ သို့ ရာတွင် ကျွန်တော် သွားမတင်ဖြစ်ခဲ့ ။ ကားငှားပြီးကာမှ
အဖေ ဟိုမှာ ဒုက္ခတွေ့ မှာကို ပြန်တွေးရင်း မပို့ ဖြစ်တော့ ။ ပို့ ခဲ့ လျှင်တော့  ကျွန်တော်သည် အဖေ့ ကို
စိတ်ဆေးရုံ ပို့ သူအဖြစ် ငရဲကြီးမည်လားမသိ။ မပို့ ဖြစ်တော့ လည်း အဖေ့ အခြေအနေက ပိုပို၍ ဆိုးဝါးလာခဲ့ 
သည်။

အဖေ့ ဘဝသည် စုံလင်လှ၏။
ဖ.ဆ.ပ.လ ခေတ်က ဝန်ကြီးချုပ် ဦးဘဆွေအပါးတွင် နေခဲ့ ဘူးသည်။ ထားဝယ်မှ သူ့ ဘထွေး ဦးစံမြိုင်ထ့တွင်
နေခဲ့ ဘူးသည်။ စက်လှေစာရေး ဖြစ်ခဲ့ သည်။ မှောင်ခိုကုန် အကြီးအကျယ် ကူးခဲ့ သည်။ နောက်တော့ ပ.ပ.ရ.က
( ပြည်သူ့ ပုလဲနှင့် ရေလုပ်ငန်း) မှ ပုဇွန်စခန်း တာဝန်ခံအဖြစ် ထားဝယ်နယ်မှ ဘဝါရွာတွင် နေခဲ့ သည်။ ဤသည်
မှာ အဖေနောက်ဆုံး ရွှေထီးဆောင်းသောဘဝ ဖြစ်၏။ နယ်ခံစီးပွားရေးသမားများနှင့် ပြိုင်ကြရင်း အဖေ ထောင်
ချောက်ထဲ ကျသည်။ မော်တာလေးတစ်လုံးကို တဲတွင် တွေ့ ရှိပြီး အစိုးရပုဒ်မဟု အကွက်ဆင်ကြသည်။
ထို့ နောက် အမှု ဖြစ်သည်။ ရန်ကုန် ပြန်ရောက်တော့  အဖေ့မှာ ဖိနပ်ပင်မပါ။ ထားဝယ်သားများ ရက်စက်ယုတ်
မာသည်ကို အဖေ ကိုယ်တွေ့  ခံခဲ့ ရရင်း အရက်သမားဘဝဖြင့် အဖေ ဇာတ်သိမ်းခဲ့ ရသည်။

အဖေ ကောင်းစားစဉ်က ဘဝါစခန်းသို့  ကျွန်တော် ရောက်ဖူးသည်။
အဖေက စကားကြွားပြီဟေ့  ဆိုလျှင် လက်ကိုင်စကားတစ်ခွန်း ပြောလေ့ ရှိသည်။
“ ဟေ့  .. စံတင်တို့ က မွေးကတည်းက ဖင်မှာ ပလ္လင်ပါလာတာကွ၊ ချီးရေ ” ဟု။
အဖေသည် ကြီးကြီးမားမား မဆင်းရဲခဲ့ ဖူး၍ ဤစကားကို လက်ကိုင် ပြောခြင်းဖြစ်သည်။ အဖေ့ ဘဝမှာ ဘယ်နေ
ရာမှာဖြစ်ဖြစ်၊ ဘာအလုပ် လုပ်လုပ် အမြဲအသာရခဲ့ သည်။ အဖေ့ လက်ချောင်း၊ ခြေချောင်းလေးများက အမြဲပင်
သွယ်လျနူးညံ့ နေသည်။ အဖေ ရေမိုးချိုးပြီး ခေါင်းမှ ဆံပင်ကော့ ကော့ လေးကို သပ်တင် ဖြီးထားသည့်အခါ
လွန်စွာ ကျက်သရေ ရှိလှ၏။ အဖေ မူးလာပြီဆိုလျှင်တော့  ကျွန်တော် ကြည့်မရတော့ ။ ကျွန်တော်က အတူနေ
ကြာသူမို့  ငရဲအများဆုံး ထုပ်ပိုးနိုင်ခဲ့ သည်။

မတ္ထီလာတွင် ကျွန်တော် ကျောင်းသွားနေသောအခါ အဖေတစ်ယောက် ရင်ကွဲနာကျတော့ သည်။ အညာဒေသ
၏ နေထိုင်စားသောက်မှုကို အဖေသိသည်။ အဖေလည်း သွားရောက်နေထိုင်ဖူးသည်မို့ ကျွန်တော့် ကို ငတ်လေ
ပြီဟု တွေးကာ သူ့ အပူကို အမေ့ ပေါ် ပုံချရင်း သောကရောက်နေတတ်သည်။ ကျွန်တော်နှင့်တွေ့ လျှင်တော့ 
စကားသုံးခွန်း ပြည့်အောင် သင့်မြတ်၍ မရကြ။ ကျွန်တော့် အား မထက်မြက်ရကောင်းလား၊ မစွမ်းဆောင်နိုင်ရ
ကောင်းလားဟု ပြစ်တင် ဆဲရေးသည်။ ကျွန်တော့်မာနကို ဆွသည်။ ကျွန်တော် တကယ်ပြည်ပကို သွားသော
အခါ ကြုံတွေ့ ရမည့်  ဒုက္ခများကို ပြောရင်းပြောရင်း အပူလုံးကြွတော့ သည်။ ကျွန်တော့် အဖြစ်မှာလည်း
သူပူပင်ခဲ့ သလို တစ်ဖက်နိုင်ငံသို့  ခိုးဝင်သည့်နေ့ မှာပင် ထောင်ထဲ ဝင်ခဲ့ ရသည်ကိုး။

အဖေနှင့် ကျွန်တော် မတည့်ရသည့် အကြောင်းအရင်းများတွင် စရိုက်တူ၍လည်း ဖြစ်နိုင်သည်။ အဖေက မာန
ကြီးသည်။ မဟုတ်မမှန်တာမျိုးကိုလည်း ပါးစပ်က အငြိမ်မနေ ပြောတတ်သည်။ အဖေပြောလာလျှင် ခံရသူမှာ
မချိအောင်နာရသည်။ ငြိုးရသည်။ အကွက်ကျပြီဆိုလျှင် ပိဿလေး ဘေးပစ်သလို ပြောထည့်တတ်သည်။
သူ သာလျှင် သူပြော၍၊ ကျွန်တော် သာလျှင် ကျွန်တော် ပြောပစ်လိုက်သည်မို့  သူနှင့် ကျွန်တော် မတည့် ကြခြင်း
ပါပဲ။

ကျွန်တော့်ကို အဖေ အနိုင်ဆုံးအကွက်မှာ “ အစ်ကို့ အား ဦးထုပ်၊ ကျွန်တော့်အား ဖိနပ် ”ဟု ခိုင်းနှိုင်းခြင်းပင်။
အဖေနှင့် ကျွန်တော် အတူဆုံးအချက်သည်ကား ငွေရှင် ကြေးရှင်ကို ဂရုမစိုက်ခြင်းနှင့် ငွေကြေးကို တန်ဖိုးမထား
ခြင်းပင်။ ငွေရှင်ကြေးရှင်များကို ဂရုမစိုက်ခြင်းက ပြဿနာမရှိသော်ငြား ငွေကိုကို တန်ဖိုးမထားခြင်းက မကြာ
ခဏ ငွေကြေးအခက်အခဲ ကြုံရသည်။

အဖေ့ မှာ ဘယ်တော့ မှ ငွေမမြဲ။ ငွေက အမြဲဝင်နေပြီး အမြဲထွက်နေသည်။ နောက်ဆုံးအချိန်မှာတော့  ငွေပုံပေါ်
ရောက်ခါစမှာပင် အဖေ လူ့ လောကကို ကျောခိုင်းသွားခဲ့ သည်။ ကျွန်တော် အဖေ့ ကို စိတ်အမျိုးမျိုးဖြင့်  လွမ်းမိ
သည်။ မျက်ရည်တော့ မကျ။ အဖေသေပြီဟု ကြားစမှာပင် ကျွန်တော့်နှလုံးသားကို မာကျောကျစ်လစ်စေရန်
နောက်နောင် မည်သည့်အကြောင်းနှင့်မှ မျက်ရည်မကျစေရဟု ဆုံးဖြတ်ချက် ချခဲ့ သည်။

အဖေ သေသည်ကို သိသည့်တိုင် ကျွန်တော် အလုပ်ပျက်၍မရ။ အစ်ကိုက အဖေဆေးရုံတင်စမှာပင် ပြန်သွားခဲ့ 
၍ သူ့ ကိုယ်စား နှစ်ယောက်စာ လုပ်နေရသည်။ မနက် ခြောက်နာရီမှ ည ဆယ်နာရီအထိ နားချိန်မရှိ။ ထိုအဖြစ်
ကို နာကျဉ်းစက်ဆုပ်စွာဖြင့် ကျွန်တော့်နှလုံးသားကို မာကျောကျစ်လစ်အောင် ထုဆစ်ပုံသွင်းလိုက်ဖြစ်သည်။

အဖေ့ ကို ကျွန်တော် ကြွားပြချင်သေးသည်။ အဖေ အထင်သေးစွာဖြင့်  ကျွန်တော် မနာနာအောင် ပုတ်ခတ်
ပြောဆိုသည်များကို ပြုံးပြီး ကျွန်တော်ရင်ဆိုင်ချင်သည်။ အဖေ သေရသည်မှာ အရက်ကြောင့်ဟု ဆိုရမည်။
သို့ ရာတွင် အရက်ကို ရုတ်တရက်ကြီး ဖြတ်လိုက်ရာမှ လဲသွားခြင်းဟု ကျွန်တော် ဝမ်းနည်းစွာ သိရ၏။ အဖေ့ ကို
ကားဝယ်စီးဖို့  ငွေပို့ လိုက်ချိန်တွင် အဖေက အစ်ကို့ ကို သူအရက်ဖြတ်ပါမည့်အကြောင်း ကတိပေး၏။ ပြီးတော့ 
ကောက်ကာ ငင်ခါ ဖြတ်သည်။ တစ်လအကြာမှာ ဆုံးသည်။

ကျွန်တော် အဖေ့ ကို နှမြောသည်။ မည်သူ့ အတွက်မှ မဟုတ်။ ကျွန်တော့်ရင်ထဲ၌ ဖြစ်နေသော ပဋိပက္ခများကို
အဖေနှင့်  အတိုက်အခံ မဆွေးနွေးနိုင်တော့ ၍ နှမြောခြင်း ဖြစ်သည်။ ကျွန်တော့် ဘဝအတွေ့ အကြုံများကို
စာဖြင့် ကြွားပြီးပြီ။ နှုတ်ဖြင့် ကြွားလိုသေးသည်။ အဖေ့ထက်ပင် ဘဝ အတွေ့ အကြုံမျိုးစုံ စောစီးစွာ စုံခဲ့ ကြောင်း
အဖေနှင့်  ဆွေးနွေးချင်သေးသည်။ အဖေ သေပြီဆိုတော့  ကျွန်တော့်ရင်မှာ ဟာ၍ ကျန်ခဲ့ သည်။

ဘာပဲဖြစ်ဖြစ် အိမ်မှာ နှစ်ယောက်က စရိုက်တစ်မျိုး၊ သုံးယောက်က စရိုက်တစ်မျိုး ရှိကြသော မိသားစု ငါးဦးတွင်
ကျွန်တော်နှင့် စရိုက်တူညီသည့် အဖေ မရှိတော့ ပြီ။ နဂိုကပင် ကျွန်တော် နေပုံ၊ ထိုင်ပုံ၊ ဘဝအတွေးအခေါ်များ
ကို မကြိုက်သော အမေ၊ အစ်မနှင့်  အစ်ကိုတို့  သုံးဦး ကျွန်တော်နှင့် ပို၍ သဘောထား ကွဲကြတော့ မည်။ အဖေ
က ကျွန်တော်နှင့်  ရန်ဖြစ်သည့်တိုင် ကျွန်တော့်လို စရိုက်မျိုးမို့  မိသားစုအရေး ကိစ္စများတွင် ကျွန်တော် အားရှိ
သေးသည်။

ကျွန်တော်သည် အိမ်ကို ခင်တွယ်သူမဟုတ်၊ အမေတို့ နှင့် စိတ်သဘောထားမိုက်ဆိုင်သည်ကတော့  လူမှန်း
သိတတ်ကတည်းကပင် ဖြစ်သည်။ အိမ်မှာ ကျွန်တော် မပျော်မွေ့ ။ ကျွန်တော့်  စရိုက်ကိုလည်း အမေတို့ က
မကြိုက်။ ရရ စားစား၊ သွားသွားလာလာနှင့် ရည်ရွယ်ချက်မရှိသူဟု ထင်ကြ၏။ ကျွန်တော် မည်မျှ ကြီးကျယ်
ခန်းနားချင်သည်ကို ကျွန်တော်ကလည်း ဖွင့်မပြော။ ကျွန်တော် မက်မောသည့်ဘဝက ပျော်ပျော်ရွှင်ရွှင် စိတ်
လက်ချမ်းမြေ့ စွာ လုပ်ကိုင်စားသောက်ကြရင်း အသိဥာဏ်ပညာ တိုးပွားအောင် ရှာဖွေရင်း နေသွားကြမည့် 
မိသားစုဘဝ ဖြစ်သည်။

ကျွန်တော် ဘန်ကောက်မှာ ရှိနေစဉ်က အစ်ကိုရောက်လာတော့  စင်္ကာပူကို လိုက်ခဲ့ ဖို့  သူခေါ်သည်။ ကျွန်တော်
ငြင်းလိုက်၏။ နောက်တော့  အဖေက ဖုန်းဆက်ပြီး ပြန်လာဖို့  ခေါ်သည်။ ကျွန်တော် မပြန်ဖြစ်။ နောက် အစ်ကို့ 
သူငယ်ချင်း ဇော်မင်းအေး ရောက်လာသည်။ ဒါလည်း ကျွန်တော်မပြန်။ နောက်ထပ် ကိုသူရိန် ရောက်လာတော့ 
ကျွန်တော့်ထံ အစ်ကိုက ဖုန်းဆက်သည်။ ကျွန်တော်တို့  အိမ်ပြန်ရွေးပြီးလျှင် တာဝန်ကျေမည်ဟု ဆို၏။ ထိုစကား
ကို ယုံစား၍ စင်္ကာပူသို့  ကျွန်တော် လာခဲ့ ခြင်းပင်။

အိမ်ရွေးပြီးတော့  ကားဝယ်ဦးမည်ဟု ဆို၏။ ထိုကြားထဲ တယ်လီဖုန်း တပ်သေးသည်။ ယခုတော့  အဖေ ဆုံးပြီ။
ကျွန်တော်လည်း စင်္ကာပူကို မုန်းပြီ။ နှစ်ထပ်တိုးဖြင့် မုန်းမိခြင်းဖြစ်သည်။ အဖေကတော့  ဒါတွေကို မသိတော့ ။
အဖေ ကောင်းရာသုဂတိ လားပါစေဟု တိုးတိုးလေးပင် ဆုတောင်းမိသည်။

အစ်ကို ပြန်လာချိန်တွင် ကျွန်တော်လည်း အလုပ်အကိုင် ပြောင်းရွှေ့ ဖို့  ကြုံလာသည်။ အသစ်ရောက်လာသော
ချိဖ်ဖြင့် ကျွန်တော် မတည့် ။ သူက ကျွန်တော်တို့  ပုံမှန် လုပ်နေသော လုပ်ငန်းများ၌ သုံးစွဲမှုများ လျှော့ ချသည်။
ကျွန်တော်တို့  ရှပ်က ကျွန်တော်တို့ ကို တိုးတိုးတိတ်တိတ် ပြော၏။ သူ မသိအောင် သုံးစွဲပါ။ ဖြစ်လာလျှင် ဖြေရှင်း
ပေးမည်ဟု ဆို၏။ ကြာတော့  စိတ်ဖိစီးမှု များနေသည့် ကျွန်တော်နှင့်  ချိဖ်တို့  စကားများကြသည်။ ကျွန်တော်
ထွက်ခဲ့ သည်။ ကျွန်တော်ထွက်အပြီး နှစ်လအကြာတွင် S.S.C ရေကူးကလပ်၌ မြန်မာ အလုပ်သမား အားလုံး
တာဝန် ရပ်စဲလိုက်သည်။ စင်္ကာပူမှာလည်း အဖမ်းအစီးက ကြီးမားလာခဲ့ ပြီ။

အလုပ်ကို လွန်လွန်ကဲကဲ လုပ်ခြင်း၏ ရလဒ်ဆိုးကို ကျွန်တော် ကောင်းကောင်း သဘောပေါက်လာမိပါသည်။
နေ့ နေ့ ညည ကျွန်တော့်အာရုံတွင် အလုပ်တာဝန်များ အလုပ်ထဲမှ အလုပ်များ ဖိစီးလွှမ်းမိုးနေသည်။ မနက်ဖြန်
ဘာလုပ်ရမည်၊ ဘာတွေဖြည့် ရမည်၊ ဘာတွေအသစ်လဲရမည်၊ ဘာကို စွန့် ပစ်ရမည် စသည့် အလုပ်ကိစ္စများက
အိပ်ယာထဲအထိ ပါပါလာတတ်၏။ ကြာတော့  ကျွန်တော် အလုပ်ချိန်ကိုပင် မမှတ်မိတော့ ။ နားချိန်မှာ ဝင်လုပ်
မိသည်။ အလုပ်ချိန်မှာ ငေးငိုင်နေဖြစ်သည်။ ကျွန်တော့်ရှပ်က ကျွန်တော့် ကို သုံးရက် နားခွင့် ပေးသည်ကို
ကျွန်တော် မယူမိခြင်းမှာ အမှားကြီးတစ်ရပ် ဖြစ်ခဲ့ သည်။ ကြာတော့  အလုပ်ကြောင်သည့်  ဒဏ်ကို ကျွန်တော်
ခံရပြီ။

အလုပ်က ထွက်လာမိချိန်မှာတော့  ကျွန်တော် ပြန်၍ ပေါ့ ပါးလွတ်လပ်လာခဲ့ သည်။
စာအုပ်များ ပြန်ဖတ်ဖြစ်ခဲ့ သည်။ ကျွန်တော်က စာဖတ်အားကြီးသူမို့  ခုနှစ်ရက်နီးပါး စာအုပ်များ ဖတ်နေဖြစ်၏။
အနားယူပြီးချိန်မှာ ကျွန်တော် ဆုံးဖြတ်လိုက်သည်က ဘန်ကောက်ပြန်ဖို့ ပင်။ ဘန်ကောက်၌ ဖိုင်နှင့် တွေ့ မည်။
ပြီးလျှင် ကျွန်တော် ဖြစ်ချင်သော ဇာတ်ညွှန်းဒါရိုက်တာလိုင်း၊ စာပေလိုင်းသို့  တိုးဝင်တော့ မည်။ အသိဥာဏ်
ပညာ အလိမ္မာနှင့်  လူ့ ဘဝကို နေသွားတော့ မည်။

ကျွန်တော့်ဆန္ဒများက တကယ်လက်တွေ့  ဖြစ်မလာခဲ့ ။
အစ်ကိုက ဂေါက်ကလပ်မှ စားသောက်ဆိုင်တွင် လူလိုနေသဖြင့် သွားလုပ်ဖို့  ပြောလာသည်။ ကျွန်တော် သွား
လုပ်မိပြန်၏။ ထိုအခါ ကျွန်တော့်ရင်ထဲမှ အစိုင်အခဲသည် ပို၍ပင် ကြီးမားလာပါတော့ သည်။ အလုပ်သမား
ဘဝကို ကျွန်တော် မုန်းနေပြီ။ ငွေကိုလည်း ကျွန်တော် မုန်းနေပြီ။ ကျွန်တော် တွေးဆနေသည့်  ဝါသနာနှင့် 
အသက်မွေးဝမ်းကျောင်း ပြုရမည့် ဘဝကား ဝေးနေဆဲပင်။

ငွေကို ကျွန်တော် မုန်းတီးသော်ငြား အလုပ်ခွင်မှာတော့  ပို၍ပျော်ရွှင်လာသည်။ ကျွန်တော့် အလုပ်ဆိုက်၌
ကျွန်တော် တစ်ဦးတည်း လုပ်ရသဖြင့် ပို၍ စိတ်တိုင်းကျ လုပ်ခွင့်ရ၏။ အသားကင်များကို ကိုယ်တိုင် လှီးရသည်။
ကင်ရသည်။ ဆော့ စ်ကို ကိုယ်တိုင် ချက်ရသည်။ ချိဖ်က သဘောကောင်းပြီး၊ အစ်ကိုနှင့် သူငယ်ချင်းများလို
ရင်းနှီးခဲ့ သူဖြစ်သည်။ ဂေါက်ကလပ်မှာက တစ်ပတ်လျှင် နှစ်ရက်လောက် ဘီယာသောက်ဖြစ်၏။ ကျွန်တော်နှင့်
အတူ ရေကူးကလပ်၌ လုပ်ဖူးသော ငြိမ်းချမ်းတို့ ၊ ဥက္ကာတို့ လည်း စားပွဲထိုး လာလုပ်နေကြသည်။ နောက်တော့ 
ဥက္ကာနှင့် ခိုင်မင်းထွန်းတို့  မီးဖိုဆောင်သို့  ပြောင်းလာကြသည်။

ကျွန်တော်တို့  မီးဖိုဆောင်မှ နားနေခန်းသို့  ထွက်ပြီး လှမ်းကြည့်လိုက်လျှင် ဆန်တိုဆာကျွန်းကို တွေ့ ရသည်။
နေ့ လည် နေ့ ခင်း ရေစပ်ဆင်း၍ ငါးမျှားကြလျှင် ဆန်တိုဆာမှ ကျွန်းပတ်ရထားကို လှမ်းတွေ့ နေရ၏။ တစ်ခါတရံ
အပျော်စီး သင်္ဘောကြီးများကို တွေ့ ရသည်။

ကျွန်တော် အလုပ်ဝင်ပြီး ခြောက်လကျော် အကြာတွင် မြန်မာအလုပ်သမား အချို့ နှင့်  အန္ဒိယအလုပ်သမားအချို့ 
ပြဿနာ ဖြစ်ကြ၏။ ရိုက်ကြ နှက်ကြသည်အထိ ဖြစ်ကြသည်။ ကျွန်တော်လည်း အလုပ်မှ ထွက်လာခဲ့ တော့ ၏။
ကျွန်တော် ဘန်ကောက် ပြန်တော့ မည်။

သည်တစ်ချီတော့  ကျွန်တော့် ဆုံးဖြတ်ချက်က အကောင်အထည် ပေါ်ခဲ့ ပါလေပြီ။

( ဆက်ရန် )

...............................................................................................................................

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

4 comments:

sosegado said...

ဆက်ဖတ်နေပါမယ်
စာရေးစရာသည် လက်တွေ့ကြစွာရေးသွားသည်ဟုဖတ်ရင်းဖတ်ရင်း ထင်မြင်မိပါသည်။

ကိုဇော် said...

အရင်က ကျန်နေတာတွေ အားလုံးပါ စုဖတ်သွားပါတယ်။

ဒီအဖေ အခန်းလေးကိုတော့ ခံစားရတယ်ဗျာ။

ချော(အစိမ်ရောင်လွင်ပြင်) said...

စိတ်ကူးယဉ်အဖြစ်မဟုတ်တဲ့ တကယ့်အဖြစ်တွေလို့ ထင်မိတယ်
ဖတ်ရတာ တအား အားပါလွန်းတယ်။ ကွက်ကွက်ကွင်းကွင်းမြင်သာစေတယ်

IDIOT-Ki said...

ကိုထွေး ဘဝ လည်း ဘယ်တော့ များမှ တည်ငြိမ်နိုင်ပါ့ မလည်း...
ဒါကြောင့် လောကဓံ ကို လှိုင်း နဲ့ တင်စား ပြောကြတာလား ။ နိမ့်လိုက် မြင့်လိုက် နဲ့..အမြဲ လှုပ်ရှားနေရလို့လေ..

ဆက်ရန် ကို မျှော်နေပါ၏ ...