Friday, February 4, 2011

ဝက်ချေး နှင့်  တွယ်တာခြင်း ။


တကယ်တော့  လူ့ ဘဝဆိုတာ “ ချောတိုင် တက်ခြင်း ” နှင့်  ဆင်တူနေပါသည်ဟု ကျွန်တော် ခိုင်းနှိုင်းချင်၏။

ကိုယ်ရည်မှန်းထားရာ အမြင့် ရှိ “ ပန်းတိုင် ” ဆီသို့ ၊ မရောက်မခြင်း ရှိသမျှ အားအင်တို့ အံကြိတ်၊ ညှစ်ထုတ်၍
ကျားကုတ်၊ ကျားခဲ ကုတ်ကပ် တွယ်တက်နေရသလို ဖြစ်နေလို့ ပါပဲလို့  ။ ဘဝ ဆိုသည်မှာ ကြိုးစားရုန်းကန်ခြင်း
တို့ နှင့်သာ ပြည့် နှက်နေပါသည် ဆိုသော အင်္ဂလိပ်စကားပုံတစ်ခုအတိုင်း ရုန်းကန် လှုပ်ရှားနေရင်းနဲ့ ပဲ ဆုံခဲ့ 
ကြုံခဲ့ ရသော အတွယ်အတာ တို့ ကိုလည်း ချန်ခဲ့ ၊ ကျန်ခဲ့  ကြ ရ တတ်ပါသည်။ လူဆိုတာကတော့ ကိုယ့်ဝန်းကျင်
မှ ကိုယ်နဲ့ ထိစပ်မိသော အရာရာ အားလုံးကို အမြဲပဲ ဆုပ်ကိုင် တွယ်တာမိလေ့  ရှိပါသည်။ သည်ဝတ္ထုလေး၏
ရှေ့ လာမည့်  အပိုင်းတို့ တွင် အလွန်ပဲ ဖြတ်ဖို့ ၊ ပြတ်ဖို့  ခက်ခဲ လွန်းသော တွယ်တာ တတ်သည့် သဘော တို့ ကို
တွေ့ မြင်ရပေအုံးတော့ မည် ဟု ။

................................................................................................................................

ကျွန်တော်တို့  ဝက်မွေးမြူရေးခြံရဲ့  အနောက်ထဲမှာ ရွာတစ်ရွာရှိသည်။
ဆံပင်ညှပ်တာတို့ ၊ ဈေးဝယ်တာတို့ ၊ အရက်ဝယ်တာတို့  ဆိုရင် ရွာထဲသွားရမြဲ ဖြစ်၏။ တစ်ခါတစ်လေ အလှုတွေ
ဘာတွေ ရှိရင် ပိတ်ကားထောင် ရုပ်ရှင်ပြ၏။ သွားကြည့်ကြပါသည်။ ကျွန်တော့်ကို ဆံပင်ညှပ်ဖို့  တိုက်တွန်းတာ
ဝက်ရုံက အဒေါ်ကြီးပါ။ ကျွန်တော် ဆံပင်မညှပ်တာ ကြာပြီ။ ထောင်က ထွက်ကတဲက ဆိုတော့ သုံးလလောက်
ရှိပြီလေ။ ဆံပင်သန်တော့  ခြင်္သေ့ ခေါင်းလို ဖြစ်နေသည်။ ညှပ်ခက ဈေးမကြီးပေမယ့်  ဘယ်လိုပြောရမယ်ဆို
တာကျွန်တော် မပြောတတ်သောကြောင့်  သွားမညှပ်ရဲပါ။ အဒေါ်ကြီးက စာရေးပေးသည်။ နှုတ်တိုက်လဲ ချပေး
သည်။ “ လုံစုန့် နန့်  ” တဲ့ ။

တိုတို ရှင်းရှင်းလေး ညှပ်ပေးလိမ့် မယ်ဟု ပြောပါသည်။ ဟုတ်သည်။ တိုတိုရှင်းရှင်း ညှပ်ပေးသည်။ ငါးဘတ်သာ
ယူသည်။ နားရွက်မွေးတွေ၊ လည်ပင်းမွေး၊ ပါးမွေးပါ မကျန်၊ မျက်နှာက အမွေးနုတွေပါ ရိတ်ပေး၏။ နားရွက်မှာ
အမွေးလေးတွေကို သင်တုံးဓားနဲ့  ရိတ်ပေးတာမျိုး ဒီတစ်ခါပဲ ကြုံဖူးသည်။ တော်တော် ကျွမ်းကျင်တဲ့ အဘိုးကြီး
ဖြစ်ပါသည်။ စေတနာလည်း ပါ၏။

ပြောရရင်တော့  ကျွန်တော့် ရုပ်က နည်းနည်းသားနားသလိုလိုရှိပါသည်။
သွားတက်ပါတာရယ်၊ ရယ်လိုက်ရင် သွားအပြားကြီးတာရယ်၊ မေးစေ့  ချွန်တာရယ်၊ မျက်နှာချိုတာရယ် ပေါင်း
လိုက်ရင် မဆိုးလှ။ ကျွန်တော် ဖြောင့် တယ် ဆိုတာ ကျွန်တော့် ဟာ ကျွန်တော် သိနေလောက်အောင် ဘဝင်မြင့် 
နေတော့ ၊ တော်ရုံ တန်ရုံ လူတောတိုးဖို့ ဆိုရင် ရဲတင်းနေမိသည်။ ဒါဟာ ဘာသဘောလဲတော့ ကျွန်တော်မပြော
တတ်ပါ။

ဘုတ်ဆုံကို အနိုင်ယူလာတာလည်း၊ ဒီအချက်တွေ ပါသည်။ ပထမတုံးက သူကချည်း ဟောက်နေမြဲ။
တစ်လလောက်ကြာတော့  ကျွန်တော်က သူ့ သူငယ်ချင်းတွေနဲ့ ဆိုရင် ရယ်ကာမောကာ ပြောသည်၊ ကူညီသည်၊
ပြောဟယ်ဆိုဟယ်ရှိသည်။ သူ့ ဦးလေးတွေက အစ ကျွန်တော့် ကို သဘောကောင်းလို့  ခင်ကြသည်။ ဒါတွေကို
သူ ကြားပါလိမ့် မည်။

“ ကိုရန်ကုန် ” သဘောကောင်းတယ် ဆိုတာ တမင်လုပ်ယူတာမဟုတ်ပါ။ သူလည်း ကြာတော့  တွေဝေလာပုံ
ရပါသည်။ သူ့ ကိုမှ ကျွန်တော် ဘာလို့  စကားမပြောတာလဲ ဆိုတာ စဉ်းစားပြီ။ သူ့ အလုပ်တွေ ငေါက်ငန်းခိုင်း
တာတွေကို ပြန်တွေးမိမှာပါ။ အဲ့ ဒီလို ငေါက်ငန်းခိုင်းတာကို သူ့ ဦးလေးတွေကလည်း ဆူ သည်။ သူငယ်ချင်း
တွေကလည်းတားသည်။ မိုးမိုး သိရင် စိတ်မကောင်းဖြစ်မယ်တဲ့ ။ မိုးမိုးက သည်ခြံမှာ လုပ်သက်ရင့် ပြီ။ ဘုတ်ဆုံ
က မိုးမိုးတပည့်  ဖြစ်ဖူး၏။ ကျေးဇူးမကင်းပါ။ ပြီးတော့  ကျွန်တော်က သန့် စင် လာခေါ်ရင် သွားမဲ့ လူ။ တခဏ
တွေ့ ချိန်မှာ ဒုက္ခရောက်လို့  ဝင်မှီခိုတဲ့ သူအပေါ် သူ ဒီလို ဆက်ဆံတာ လွန်သွားပြီလေ ။

ကျွန်တော်တို့  စစ်ပြေငြိမ်းကြတော့  အလုပ်လုပ်ရတာ ပိုပျော်စရာ ကောင်းလာပါသည်။ ခင်မင်ရင်းနှီးလာကြ၏။
သန်းခေါင်စာရင်းကိစ္စတွေ ပြောလာကြသည်။ သူ့ မိဘအကြောင်းတွေ၊ မောင်နှမအကြောင်းတွေပြော၊
ကျွန်တော်ကလည်း ပြော ။ ပြောနေရင်းနဲ့  သူက .......
“ ကိုရန်ကုန် ရည်းစားက ဘယ်သူလဲ ” တဲ့ ..
ဘယ်ရမလဲဗျာ။ ရန်ကုန်သားပဲဟာ ။
“ ငါ့ မှာ ရည်းစား ဘယ်လိုရှိမှာလဲ ”
“ မယုံဘူး၊ ရှိကိုရှိမယ် ”
“ မင်းလိုများ အောင့် မေ့ နေလား၊ ငါ လိုချင်တာ ငွေပဲ ”
“ တကယ် ”
“ ငါ ငွေရှိမှဖြစ်မှာ၊ ကျန်တာ ငါ စိတ်မဝင်စားဘူး ”
“ ကိုရန်ကုန် ရုပ်နဲ့  ရည်းစားမရှိတာ မယုံချင်စရာဘဲ ”
ကျွန်တော် ဆက်မပြောတော့ ပါ။ ဘာဖြီးစရာ လိုပါသလဲဗျာ။ ဘယ်ရန်ကုန်သားကရော ဒီအချေအနေမှာ
ရည်းစားကို ထုတ်ကြွားမှာလဲ၊ ငတုံး ဖြစ်မှာပေါ့ ။ ဒီလို ကောင်မလေးတွေရှေ့ မှာ ဘုရားစူးတို့ ၊ မိုးကြိုးပစ်တို့ 
ကြိမ်တဲ့ သူဟာ အရူးသာ ဖြစ်မည်။ မြို့ သားဖြစ်ရတဲ့  ဂုဏ်သတ္တိအရ ကိုယ်က မရှိဘူးဆိုရင်၊ မရှိဘူးလို့  သူတို့ 
သတ်မှတ်မှာ သေချာသည်။

သေချာတာတွေထဲမှာ ဒီကရင်မလေး တွေဝေနေတာလည်း သေချာမှုပင်။
ဒါပေမယ့်  ကျွန်တော် စည်းထားပါသည်။ ကိုစော ဆိုတဲ့ လူကို ကျွန်တော်မမြင်ဘူးပေမယ့် ၊ ဒီကရင်မလေး
တော်တော်သံယောဇဉ်ရှိတယ် ဆိုတာ ကြားထားပြီးသား။ အချောင်သမား အဖြစ်မခံနိုင်ပါ။ ကျွန်တော် ဒီစိတ်ကူး
ရှိတာ မှန်သွားပါသည်။

ဘာဖြစ်လို့ လဲ ဆိုတော့  ကိုစော ပြန်ရောက်လာလို့ ပါ။
သူနဲ့  အတူ သန့် စင် သတင်းလဲ ကြားရ၏။ သန့် စင်နဲ့  သူနဲ့ က သူဌေး တစ်ဦးတည်းတဲ့ ။ ကျွန်တော့်ကိုလည်း
မှာလိုက်တယ်တဲ့ ။ သူ ဒီတစ်ခါပြန်ရင် ကျွန်တော် ဒီမှာ ရောက်နေတာ ပြောပြမယ်တဲ့ ။ သုံးရက်လောက်ကြာ
တော့  သူ ပြန်သွားသည်။ ဘုတ်ဆုံနဲ့  တော်တော်စကားများကြတာလည်း ကြားရ၏။ သူ ပြန်သွားပြီးသည့် 
နောက်ပိုင်း ဘုတ်ဆုံမျက်နှာ မကောင်းလှ။ ဘုတ်ဆုံတို့ ဦးလေးတွေက သဘောမတူကြဘူးဆိုတာ ကိုစောကို
ပြောခိုင်းတယ်ဆိုပဲ။ ဘာတွေမှန်းတော့  သေသေချာချာ မသိပါ။ ကျွန်တော်ကတော့  သန့် စင်ကို မှာလိုက်သည်။
လစာထုတ်ရက်နဲ့  မှန်းပြီး လာခဲ့ ဘို့  အကြောင်း။

ကျွန်တော် ဘန်ကောက် သွားတော့ မယ် ဆိုတော့  ဘုတ်ဆုံရဲ့  ဦးလေးတွေက တားကြသည်။ သူတို့ နဲ့ သာနေဖို့ 
နားချကြသည်။
“ ဘန်ကောက်မှာ လစာကောင်းပေမယ့်  စုမိဖို့  မလွယ်ဘူး၊ ဒီမှာ နေပါလားကွာ ”
“ မင်းစဉ်းစားနော် မောင်ရန်ကုန်၊ ဒီမှာ မိသားစုတွေချဉ်းဘဲ ”
“ စု တတ်ရင် ဒီမှာလည်း ရပါတယ်ဟယ် ”
ဒီခြံမှာက ဘုတ်ဆုံတို့  ဆွေမျိုးသားချင်းတွေ အများဆုံးပါ။ လူနှစ်ဆယ်လောက်တောင်ရှိလိမ့် မည်။ အားလုံး
သံပုရာရွာကချည်းပင်။ ဝက်အစာချက်တဲ့  ရုံကနေ၊ နောက်ဆုံး ဝက်ချေးအခြောက်တွေ အိပ်သွတ်တဲ့  နေရာ
အထိ သုံပုရာရွာက လူတွေရှိနေသည်။ ဝက်အစာဆိုတာ ဖြစ်သလို လုပ်ထားတာ မဟုတ်ပါ။ ဖွဲ၊ဆန်ကွဲ၊ပြောင်းဖူး
အရိုးခြောက်မှုန့် ၊ အဟာရ ဆေးဝါးတွေနဲ့ စက်ကြီးထဲမှာ ရောမွှေထားတာကို ကျွေးခြင်း ဖြစ်သည်။

ဝက်ပေါက်စ အစာက သတ်သတ်၊ ဝက်အကြီးတွေအတွက်က သတ်သတ် လုပ်ရ၏။ ဝက်တွေ မကြီးထွားဘဲ
ဘယ်နေမလဲ။ ဝက်တင်မကတော့ ပါ။ ဝက်ချေးကို ကျုံးပြီး ငါးကန်တွေထဲ သွားသွန်ရင်းနဲ့  ငါးတွေပါ ကြီးထွားနှုန်း
တိုးနေသည်။ ငါးအတွက် ပိုတဲ့ အခါ ဝက်ချေးခြောက်တွေကို ဆာလာအိပ်ထဲ ထည့် ပြီး အပြင်မှာ ရောင်းလို့ 
ရသေးသည်။

ဝက်ရုံတွေ ဆိုတာလည်း ပေ၅၀၊ ပေတစ်ရာ ရှည်တဲ့  ရုံကြီးတွေ၊ သေသေချာချာ ခိုင်ခိုင်ခံ့ ခံ့ လုပ်ထားသည်။
ဝက်ရုံထဲ ဝင်တော့ မယ်ဆိုရင် ခြေထောက်အရင်ဆေးရ၏။ လယ်ယာသုံး ဖိနပ်အရှည်ကြီးတွေ စီးထားရသည်။
အစိမ်းရောင် အင်္ကျင်္ီတွေ ထုတ်ပေးသည်။ ဝက်အစာနှင့်  ဝက်ချေးနဲ့  လုံးထွေးနေရတော့  ယူနီဖောင်းမရှိရင်
မလွယ်လှပါ။

ဒီဝက်ရုံတွေရဲ့  ပန်းတိုင်က အသားစားဝက်များများထွက်ရေးသာ အဓိက ထားသည်။ ကီလိုငါးဆယ်ကျော်သည့် 
ဝက်တွေကို ဝက်အသားပေါ်တဲ့  ရုံက လာဖမ်းသွားမြဲ။ ကျွန်တော်တို့ ရုံက ဝက်ပေါက်စတွေကို တစ်လဆိုရင်ပဲ
သင်းကွပ်ပြီးသား၊ သိပ်မကြာခင် တခြားရုံတွေ ပြောင်းသည်။ ဝက်တွေက မကြာခဏ မွေးနေတာကိုး။ နို့ ခွဲပြီး
သိပ်မကြာခင် ရုံပြောင်းပေးလိုက်ရုံပင်။ ပြီးလျှင် မော်တာနဲ့  သန့် ရှင်းရေး လုပ်ရသည်။ ပညာတော့ ပါသည်။
ပထမ ဝက်လှောင်အိမ်ကို ရေနူးနေအောင်ထားလိုက်၊ တစ်နာရီလောက် ကြာတော့ မှ ဖိအားနှင့်  ထိုးပက်လိုက်
လျှင် ပြောင်ရှင်းသွားသည်။ ဝက်ထီးပေါက်စတွေ သင်းကွပ်တာကိုတော့  ဆရာဝန်လာလုပ်ပေးပါသည်။ ဘုတ်ဆုံ
က ပြောသည်။
“ ယောင်္ကျားတွေ အားလုံး သင်းကွပ်ပစ်လိုက်ရင် ကောင်းမယ် ” တဲ့ ။
ကရင်မဆိုတော့  နှုတ်ကလည်း ခပ်ရဲရဲ၊ အဒေါ်ကြီးက သဘောတူသည်။
“ ကိုရန်ကုန် သဘောကျလား၊ ဆရာဝန်ကို ခိုင်းလိုက်မယ် ”
“ သူ့ ဘဲ လာမှ လုပ်ခိုင်းလိုက်၊ ဆေးဖိုး ကျွန်တော် စိုက်မယ် ”
“ ဘာဆိုင်လို့ လဲ၊ ဘာဆိုင်လို့ လဲ ”
ကရင်မလေး ထ အော်တော့ သည်။

ကျွန်တော်တို့ ရုံက ဝက်အသေအပျောက် ရှိတဲ့ အခါ၊ ဝက်ချေးသွန်တဲ့  တွန်းလှည်းထဲထည့် ပြီး မိကျောင်းကန်ထဲ
သွားပစ်ချရပါသည်။ နို့ ခွဲပြီးတဲ့ ရုံက သေရင်တော့  ချက်စားတာ များသည်။ စားလို့  ကောင်းပါသည်။ သူဌေး က
လည်းခွင့်ပြုသည်။ အနာရောဂါ ဖြစ်လို့  သေရင်တော့  မစားခိုင်းပါ။ စစ်ဆေးပြီး မိကျောင်းစာ ဖြစ်သွားသည်။

ဝက်သိုးတွေ၊ ဇီးဝက်မကြီးတွေ သေရင်တော့  သူဌေးရော၊ ဆရာဝန်တွေပါ ပျာယာခတ်တော့ သည်။ ဆုံးရှုံးမှု
ကြီးမားတာကိုး။ ဝက်သိုးတွေကတော့  သေခဲ၏။ ဇီးဝက်မတွေ သေတာကတော့  ကလေးမမွေးနိုင်လို့  သေတာ
များသည်။ တစ်ခါတစ်လေ အထဲ နှိုက်ပြီး ဝက်ကလေး ဆွဲထုတ်ရတာတောင် ရှိသည်။ အဒေါ်ကြီးက အဲ့ ဒီကိစ္စကို
ကျွမ်းသည်။ ဘယ်ဝက်မမွေးရင် ဘယ်နှစ်ကောင်မွေးတယ်ဆိုတာ သိတော့ ၊ အထဲမှာ ခလေးကျန်နေရင်
ဆွဲထုတ်တာ မြန်သည်။ ညကြီး အချိန်မတော်ဆိုရင်တော့  သူဌေးက သူ့ ဘာသာ သူ လုပ်သွားသည်။ ကျွန်တော်
လုပ်တဲ့  ဝက်ရုံက သူ့ အိမ်ရှေ့  တည့်တည့်မှာ ရှိ၏။ သားမွေးရုံက အဓိကကျတာကိုး။ သူဌေးကိုယ်တိုင် ဝင်တဲ့ ရုံ
က ဒီသားမွေးရုံနဲ့ ၊ အသားဝက် မွေးတဲ့ ရုံ နှစ်ရုံတည်း ရှိသည်။

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည် ။
လာမည့် ရက်တွင် ညီမငယ် တစ်ယောက်၏ ပူဆာထားသော တဂ်ပို့ ( စ ) လေးကို
တင်ဖြစ်ပါမည်။
..........................................................................................................................

( ဆက်ရန် )


8 comments:

ရွှေရတုမှတ်တမ်း said...

အဖြူလေးတို့ ဝက်ချေးကို ဘာလို့တွယ်တာနေပါလိမ့်လို့ ..စဉ်းစားနေတာ..
ဝတ္ထုဖြစ်နေတာကိုး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝက်ချေးကျုံးရင်းတွယ်တာလောက်စရာ ကရင်မက ဖြူဖြူချောချောလေးကိုး...
ကိုရန်ကုန်ကို ကရင်မလေး ပြောလိုက်တဲ့ စကားတစ်ခွန်းတော့ သဘောကျသဗျား)

ချော(အစိမ်းရောင်လွင်ပြင်) said...
This comment has been removed by the author.
ချမ်းလင်းနေ said...

ကိုထွေးစိတ်ကိုတော့ လေးစားမိတယ်ဗျာ...။ ယောင်္ကျားကောင်းတစ်ယောက်ရဲ့စိတ်ဓာတ်ပဲ။ အချောင်ဆိုတာ သံသရာအတွက်တော့ ကျွေးမကင်းဘူးပေါ့။ ဝက်ကလေးတွေ အကြောင်း သိကောင်းစရာလေးပဲ။ ဝက်တွေကြည့်ရတာ အတော်သန်မာမယ်ထင်ရတာ အတော့်ကို မွေးရခက်ပါလား။

မျက်မှန်လေး said...

အဟီး ...စောင့်ဖတ်နေတယ်နော်...ပျင်းပြီးဆက်မရေးဘဲမနေနဲ့။ လင့်ခ်လည်း တစ်ခါတည်းယူသွားတယ်နော်.

ကိုဇော် said...

စောင့်ဖတ်နေပါကြောင်း . . .

kiki said...

ဝက် ချေးကို ငါးကျွေး တာ ၊ဝက်စာ စပ်တာ ၊ ဝက် သား ဖေါက်တာ တွေ ကိုယ်တိုင် မြင်ခဲ့ဖူးတော့ ရယ်ချင် သွားတယ်..ခု မြန်မာ ပြည် မှာလဲ အဲ့ လို မွေးနေကြ ပြီလေ .. အနံ့  အသက် ကတော့ အတော် ဆိုး ပါ ပေ့ .. သန့် ရှင်း ရေး မနိုင် လို့ နဲ့ တူ တယ်..

အတွယ် အတာ တွေ ..သတိ ထား နော်..ကို ထွေး ရေ .. အဲ့..ကို ကျော်ရေ

blackcoffee said...

ကိုထွေးရဲ့ စောင့်ထိန်းနိုင်မှုကို လေးစားတယ်ဗျာ....
ဒီအခြေအနေမှာ အပျော်ရှာချင်တဲ့သူတွေက များသားလား...
ပတ်ဝန်းကျင်မှာလဲ မြင်တွေ့ နေရတာပဲလေ...