Sunday, February 20, 2011

ဥာဏ် များသော ပန်းရန်သမားများ ( ၂ )

“ အလုပ်ကတော့  ပင်ပန်းမယ်၊ ဒါပေမယ့် လစာကောင်းတယ်၊ နေ့ စားရှင်းပေးမှာ”
“ လမ်း ၈၀ ထဲမှာ၊ ထမင်းလည်းကျွေးမှာ ”
“ ချ ကွာ ”
“ ပင်ပန်းမယ်နော် ”
“ လုပ်ရမှာပဲ ”
“ အဲ့ ဒါဆို ... ကိုထွေး သွားပြောလိုက်၊ မနက်ကျရင် လိုက်မယ်လို့  ”
သန့် စင်က ခြင်ထောင်နှင့်  ရောထွေးနေသော ခေါင်းအုန်းကို မှီအိပ်ရင်း ပြောလာသည်။ ကျွန်တော်တို့  အခန်း
နှစ်ခန်းကျော်မှာ တွင်းတူး တိုင်ရိုက်သမားများရှိသည်။ သူ ဘယ်လိုစကားကြောင်းလာသည်မသိ။ အလုပ်တော့ 
ရပြီ။ ကျွန်တော်က မနက်လိုက်မည့် အကြောင်း ပြောသည်။ အလုပ်ရှင်က ဖသိုက်လူမျိုး ခပ်ဝဝလူကြီးတစ်ဦး
ဖြစ်သည်။
“ မိချိုင်းထန်လုပေါင် ” ( ပိုက်ဆံသုံးဖို့  ရှိရဲ့ လား )
“ မဲ့ မိခမ် ” ( မရှိဘူးဗျ )
“ အောင်၊ ချိုင်းကွန် ” ( ရော့ ၊ သုံးထားနှင့် )
ကျွန်တော်တို့ မှာ အလုပ်မရှိတာ ကြာပြီကို သိသောကြောင့်  သုံးစွဲရန် ငွေ ထုပ်ချေးခြင်းဖြစ်သည်။
ချဉ်နှောင်ခြင်း မဟုတ်ပါ ။ ဒါ ကိုတော့  အလုပ်သမားချင်းမို့  ကျွန်တော်ယုံသည်။ သူ သည်လည်း အလုပ်သမား
ခေါင်းဆောင်ဖြစ်၍ အလုပ်သမားစိတ် အပြည့် ရှိနေခြင်း ဖြစ်သည်။

ကျွန်တော်နှင့် သန့် စင်တို့ မှာ လူငယ်များဖြစ်ပြီး ဟော့ ဟော့ ရမ်းရမ်း မနေသဖြင့်  သည်တန်းလျားမှာ လက်ခံ
ထားခြင်းဖြစ်သည်။ အမှန်ပြောရလျှင် ကျွန်တော်တို့  ယခုနေသည့်  တန်းလျားမှာ ဤပတ်ဝန်းကျင်မှ ဆောက်
လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသည့်  အလုပ်သမားများသာ နေခွင့်ရှိသည်။ ရေဖိုး၊ မီးဖိုးကို လုပ်ငန်းရှင်
က ပေးနေရသည်ကိုး ။ ကံကောင်းသည်မှာ လုပ်ငန်းရှင်များ လူလွှဲလူပြောင်းလုပ်ရင်း လုပ်ငန်းများ ရပ်ဆိုင်း
ထားသဖြင့် သည်တန်းလျားများကို လာဖယ်ခိုင်း၍ မရ။ အလုပ်သမားများ လစာ မရှင်းသေးသည့်အတွက်
နေထိုင်ခွင့် ပြုထားခြင်းပင် ။ ကျွန်တော်တို့ က တောကြောင်များသက်သက်။ ကျန်အလုပ်သမားများလည်း
ဤမှာပင်နေ၍ တစ်ခြားဆိုဒ်တွေမှာ အလုပ်လိုက်လုပ်နေသည်။ ကြာတော့  ကျူးကျော်ရပ်ကွက်လေးလို ဖြစ်
လာတော့ ၏။

တွင်းတူး တိုင်ရိုက် လုပ်ရသည်မှာ မသက်သာ။
ကျွန်တော်တို့  သွားလုပ်ရသည့်  အလုပ်မှာ လူနေရပ်ကွက်တွင်းမှ သူဌေးအိမ် တစ်လုံးကို အိမ်ရှေ့ ဝရန်တာ
ထုပ်ပေးရခြင်း ဖြစ်သည်။ အခိုင်အခန့်  လုပ်မည်ဖြစ်သည်။ အရင်ဆုံး ဒေါင့်လေးဒေါင့်ကို သုံးပေပတ်လည်၊
ငါးပေအနက် တွင်းတူးရသည်။ ဝရန်တာမှာ ရှေ့ နောက် ဆယ်ပေကွာ၍ အလျားလိုက်မှာ ဆယ့်ငါးပေ ကွာမည်။

ပထမနေ့ မှာ တွင်းတူးပြီးချိန်တွင် မိုးရွာလာသဖြင့်  အလုပ်နားခဲ့ ၏။
ဘန်ကောက်မှာ မိုးရွာလျှင် အလုပ်သိမ်းသည်မှာ ထုံးစံပင်။ နောက်နေ့ မှာတော့  တိုင်ရိုက်၏။ တိုင်မှာကွန်ကရစ်
တိုင် ရှစ်လက်မ အကျယ်ကို အလယ်မှာ တစ်လက်မခန့်  အပေါက်ပါ၏။ အရှည်မှာ ခြောက်ပေခန့်  ရှိသည်။
ထိုတိုင်မချမီ တွင်းတူးထားသော ငါးပေအနက် တွင်းထဲမှာ တိုင်ထည့်ရန် ထပ်၍ တူးထားသော တွင်းအကျဉ်း
ထဲသို့  ထည့်ရ၏။
ပြီးမှ လုံးပတ်တစ်ပေ၊ အရှည်လေးပေကျော်ရှိသော သံလုံးကြီးကို ဟိုဘက် ဒီဘက် လျှိုထမ်းပြီး အပေါ်မှ ညီညီ
ညာညာ ဆောင့်ဆောင့် ချ ရသည်။ သီချင်းလေးလည်း ဆိုရ၏။ ပထမ သံစဉ်ပျော့ ပျော့ လေး ဆိုပြီး ရုတ်တရက်
အသံမြှင့်ကာ ထမ်းထားသော သံလုံးကို ခါးညွတ်ချရ၏။ မြေပျော့ လျှင် တစ်တိုင်ကို သုံးမိနစ်ခန့် သာ ဆောင့်ချ
ရုံဖြင့်  ပြီး၏။ မြေမာနှင့် တိုးလျှင် ရေပါ ကူပေးရ၏။ တစ်တွင်းကို တိုင်ငါးတိုင်တူး၍ လေးတွင်းကို တိုင်နှစ်ဆယ်
ရိုက်ပေးရ၏။ သုံးရက်နှင့် ပြီးခဲ့ ၏။

တစ်နေ့  ဘတ်နှစ်ရာနှုန်း နေ့ စားရှင်းပေး၍ နောက်နေ့ မှာ ချေးထားသော ဘတ်ငါးရာကို မဖြတ်။ နောက်နေ့ မှ
ပြန်ပေးပါတဲ့ ။ သန်ဘက်ခါ ထပ်ခေါ်ဦးမည်တဲ့  ။
“ ကျွန်တော် မလိုက်ချင်တော့ ဘူး ”
“ ငါလည်း အီနေပြီ ”
လုပ်ခဲ့ သမျှ အလုပ်များတွင် အလုပ်ချိန် အနည်းဆုံး ဖြစ်သော်ငြားလည်း အပင်ပန်းဆုံး ဖြစ်သည်။ နေ့ လည်
သုံးနာရီဆို တစ်နေ့ တာ ပြီးပြီ။ လူလည်း ဘုရား တ ရအောင် ပင်ပန်း၏။ ပခုံးသားတွေဆိုတာ မြှောက်ပင်
မမြှောက်နိုင်၊ ထိဖို့ ဆိုတာဝေးရော၊ ဆပ်ပြာတိုက်လျှင်ပင် လက်ဖြင့်  ဆဆ၍ တိုက်ရပါသည်။ ဖိနွန်၏ ညီက
လည်း ဆက်မလုပ်ဖို့  တားသည်။ ဖိနွန်ကြားတော့  နောက်တစ်နေ့  မနက်မှာ အယုဒ္ဓရမှ ကားဖြင့်  ရောက်လာ
ပြီး သန့် စင်ကို ဆူသည်။ မြန်မာလို ကျွန်တော် တိုက်ရိုက် ပြောပြရတော့ မည်။
“ နင်ရူးနေလား မောင်သန့် စင်၊ ကြီးလာရင် ဒဏ်ဖြစ်မှာ မသိဘူးလား၊ ပိုက်ဆံ မရှိရင် ငါ့ ကို ဖုန်းဆက်ပါလား ၊
ငတုံး ၊ အရူး ”
သူ့ မိန်းမကလည်း ဝင်ပြောသည်။
“ နင်တို့  ပိုက်ဆံမရှိရင် အယုဒ္ဓရမှာ လာနေပါလား။ ပိုက်ဆံကလည်း တစ်ယောက် ငါးထောင်ကျော် ရှိတာ ကုန်
ရောလားဟယ်။ နင်တို့ ကို အံ့ တယ်။ ငါတို့  တစ်အိမ်သားလုံး စားတာတောင် ဒီလောက်မကုန်ဘူး။ အလကား
ပဲဟေ့ ၊ နင်တို့  သုံးလို့ ကိုမရဘူး ”
ဆူလို့  ငေါက်လို့  ဝ တော့  ဘတ်နှစ်ထောင် ထုပ်ပေးပါတယ် ။
“ အရက်မသောက်နဲ့ နော် ... ဟိုကောင် မောင်ထွေး... နင် အရက်သမားလား အသုံးမကျကွာ ”
အဲ့ ဒီ “ အသုံးမကျကွာ ” ဆိုတဲ့  ထိုင်းစကားဟာ ကိုယ် ပြောရင်သာ ကောင်းတာ။ အပြောခံရတာ နားဝင်မချိုပါ။
“ အချီးဖိုင် ” ဆိုပြီး ဆွဲဆွဲငင်ငင် ပြောရတဲ့  စကားပါ။ ဟုတ်တော့ ဟုတ်သည်။ ကျွန်တော် တကယ် “ အချီးဖိုင် ”
ဖြစ်နေပြီ။ ပိုက်ဆံက ဘယ်လိုမှ စုလို့ မရပေ ။

ဒီတစ်ခါတော့  ချက်ပြုတ်စားသောက်ဖို့  နှစ်ယောက်စလုံး ဆုံးဖြတ်လိုက်ပါတယ်။ ဒီလို ဆုံးဖြတ်တဲ့  အထိမ်း
အမှတ်နဲ့  မက်ခေါင် တစ်ပြားတော့  သက်သေတည်ကြပါသည်။ သန့် စင်က မက်ခေါင်ပဲ သောက်၏။ ကျွန်တော်
တို့  နှစ်ယောက်ပေါင်းလိုက်ရင် ဘတ်သုံးထောင်တော့  ရှိသည်။ ည ည သွားကြည့် တဲ့  ပိတ်ကားထောင် ရုပ်ရှင်
သုံးကားတစ်ဆယ်ဖိုးအတွက် ဘတ်နှစ်ရာ ချန်ထားသည်။ ကျန်တာထဲက လမ်းစရိတ် ဘတ်ငါးရာ ချန်ထားသည်။
ပြီးတာနဲ့  ဈေးဝယ်စရာရှိတာ ဝယ်ထားလိုက်သည်။ အလုပ်လက်မဲ့ ဘဝကို ခါးစည်းခံရင်း၊ စည်းစိမ်နဲ့  နေတော့ 
မယ်လေ ..။

ပင်လယ်ရေဟာ သောက်လေ သောက်လေ ငတ်မပြေဆိုတာ ကိုယ်တွေ့ မကြုံဖူးပေမယ့်  ဘန်ကောက်မှာ ငွေရှာ
ရတာ ပင်လယ်ရေ သောက်သလို ဖြစ်နေပါ၏။ အလုပ်ကလေးကောင်းတုံးမှာ ပိုက်ဆံ ရလာသည်။ အလုပ်မရှိ
တဲ့ အခါ ရတာလေး ပြန်စားရင်း အချိန်ကုန်လာပါပြီ။ မြို့ တော်ကြီးကို ဂျင်ဂျင်လည်အောင် သွားနိုင်ခဲ့ တာ အမြတ်
လို့  ပြောရပါတော့ မည်။ ဘန်ကောက်မြို့ ကြီး တိုးတက်လာတာကို မြင်နေရသည်။ ဒါပေမယ့်  ကျွန်တော်တို့ 
ဘဝနဲ့  ဘာမှ မပတ်သက်။ အဆင့် မြင့်  အသုံးဆောင်တွေ မှန်သမျှ ငေးကြည့် ရုံကလွဲလို့  သွပ်မိုး သွပ်ကာ
တန်းလျားလေးမှာ ခေါင်းချရင်း နေ့  လ နှစ်တွေ ကုန်ဆုံးသွားကြသည်။

၉၂ ခုနှစ်က ထွက်လာခဲ့ တာ ၉၄ ခုနှစ်ထဲ ရောက်နေပြီ။
အသက်ကို ဥာဏ်စောင့် ဆိုတဲ့  စကားအရ၊ အသွားအလာ၊ အနေအထိုင် မှာတော့  ရန်သူမျိုးငါးပါးလက်က
လွတ်အောင်နေနိုင်ပါတယ်။ ဥစ္စာကို ကံစောင့်ဆိုတဲ့ အတွက် ဘတ်ငွေသုံးသောင်းလောက် စုမိမဲ့  အလုပ်မျိုး
ရှာလို့ မတွေ့  နိုင်ကြ။ လေး ငါးလ ဆက်တိုက် လုပ်ရတဲ့  အလုပ်ရရင်တော့  သေချာပါတယ်။ ကျွန်တော်တို့ 
ဒီမှာ သုံးနှုန်းသည့်စကား ရှိသည်။ အလုပ်သမားချင်းအတူတူ ခွဲခြားခွဲခြား လုပ်လာတာမျိုး၊ မြန်မာဆိုရင် ရဲဝင်ဖမ်း
မှာစိုးလို့  လက်မခံရဲတဲ့  အလုပ်ရှင်မျိုးတွေ ကြုံလာရင် “ မြန်မာလည်း လူ၊ ငါးခူလည်း ငါး၊ ဘာများကွာလို့ လဲ ”
လို့  ရင်ထုမနာ ပြောမိကြသည်။ ပြောရုံပဲလေ။ တကယ်တန်းကျတော့  ထိုင်းဟာ ထိုင်း၊ မြန်မာဟာ မြန်မာပါပဲ။
လုပ်ရင်းစားရင်း လုံးပါးပါးရတာ အများစုဆိုတာ လက်တွေ့ မြင်နေရပါသည်။

ဒါပေမဲ့  ဘာမှ မတတ်နိုင်။
ထိုသို့  စိတ်ပျက်စရာစရာများကို နည်းလမ်းမျိုးစုံဖြင့်  ဖြေဖျောက်ကြရသည်။ ဝါသနာပါသည့်  စိတ်ဖြေစရာများ
ကို ရှာကြပါသည်။ တစ်ချို့ က ရုပ်ရှင်၊ တစ်ချို့ က သောက်ကြ စားကြ၊ တစ်ချို့ ကျတော့  ရုံတွေ တက်ကြရင်း၊ ရှိစု
မဲ့ စုလေးတွေ ကုန်သည့်အခါ၊ နောင်တရသလိုလိုဖြင့် သည်တစ်ခါ ငွေများများရလျှင် ပြန်တော့ မယ်လိုလို ပြော
မိပြန်ရော။ တကယ်တော့ လည်း ဒီလိုနဲ့ ပဲ လုံးလည်ချာလည် လိုက်နေကြသူတွေ သိန်းနှင့်ချီကာ ရှိကြပြီ။
ရှိလည်းရှိနေကြလိမ့် ဦးမည် ။

ငွေသာ ကောင်းကောင်းရှာ၍ မရနိုင်ပေမယ့်၊ ထိုင်းမှာ ဖြစ်သမျှ အကြောင်းကြီးငယ်ဆိုလျှင် သူ့ ထက်ကဲ သိအောင် လုပ်ကြမြဲ။ “ ခေါက်ဆိုင် ” လက်ဝှေ့ ပွဲမျိုးကိုပင် ဘယ်နှချီမှာနိုင်ရမည်ကို တွက်ချက်လောင်းမိကြသူ
တွေ တစ်ပုံတစ်ပင်။ “ ခေါက်ဆိုင် ” မှာ နိုင်ငံကျော် ဘောက်ဆင်လက်ဝှေ့  ချန်ပီယံ ဖြစ်သည်။ တစ်နိုင်ငံလုံး
သဲအူပြတ်မတတ် အားပေးခြင်းခံရသော လက်ဝှေ့ သမားပင်။

ခြောက်လတစ်ကြိမ် သူ၏ ချန်ပီယံခါးပတ်ကို လာရောက်ယှဉ်ပြိုင် လုယူထိုးသတ်ပွဲများ ကျင်းပလေ့ ရှိသည်။
တစ်ကြိမ်မှ မရှုံးဘူးသေးပါ။ ချန်ပီယံလုပွဲ တစ်ကြိမ်ထိုးတိုင်း ကာကွယ်နိုင်သည့်  ခေါက်ဆိုင်အတွက် သီချင်းများ
ပင် စပ်ဆို ဂုဏ်ပြုကြသည်။ ရွှေ ငွေ များ ဆုချီးမြှင့် သည်မှာ အံသြလောက်ပါပေ၏။

တကယ်တော့  ကျွန်တော်တို့ သည် ထိုပွဲများတွင် ခေါက်ဆိုင်ဘက်မှ အားပေးလေ့  မရှိပါ ။
တဖက်နိုင်ငံသားကိုသာ ကြိတ်၍ အားပေးနေတတ်သည်။ ခေါက်ဆိုင်ကို ဒုက္ခလှလှကြီးတွေ့  ၍ အရှုံးကြီင်္း ရှုံးစေ
ချင်သည်။ ဘာကြောင့် ဤသို့ ဖြစ်ရသည်ကို ကျွန်တော်တို့ ကိုယ်တိုင်လည်း နားမလည်ပေ။ မြန်မာဖြစ်၍ပဲ
သွေးက စကားပြောသည်ဟု ထင်မိသည်။ တစ်ခါတစ်ရံ မြဝတီနယ်စပ်၌ ကျင်းပသည့်  ရိုးရာလက်ဝှေ့ စိန်ခေါ် ပွဲ
များတွင် ကရင်များ ဝင်ရောက်ထိုးသတ်သည်ကို ကြည့်၍ ပျော်ရသလို နာကြည်းဝမ်းနည်းရသည်လည်း ရှိသည်။

ကျန်သည့်  ပျော်စရာရွှင်စရာများ၊ တီဗွီဇာတ်လမ်းတွဲများကိုတော့  ကျွန်တော်တို့  ကျေနပ်မိ၏။
တစ်ချို့  တီဗွီဇာတ်လမ်းတွဲများဆိုလျှင် ဗီလိန်အဖြစ် သရုပ်ဆောင်ရသည့်  ဇာတ်ဆောင်အမျိုးသမီးအား ဈေးထဲ
၌ ဈေးမရောင်းသည့်  ဈေးသည်မျိုးပင်ရှိကြောင်း ၊ လက်တွေ့ ဖေါ် ပြကြသည်အထိ သရုပ်ဆောင်ကောင်းကြ၏။
“ မယ်နာ့ ” ဆိုသည့်  သရဲကားဇာတ်လမ်းဆိုလျှင် နှစ်ပေါင်းနှစ်ဆယ်မက ကြာမြင့်လာသည့် တိုင်၊ အကြိမ်ကြိမ်
ရိုက်ကူးတင်ဆက်ပြ၍ အောင်ပွဲ ခံနေမြဲ။

ဇာတ်လမ်းမှာ ဘာမှ မဆန်း။ အလုပ်ထွက်လုပ်သည့်  ခင်ပွန်းသည် ပြန်မရောက်မီ ကလေးမီးဖွား၍ သေဆုံးသွား
သည့် မိန်းခလေးမှ စွဲလန်းစိတ်ဖြင့် သရဲ ဖြစ်ကာ လင်ယောင်္ကျားအပေါ် မေတ္တာပြသည့်  ဇာတ်လမ်း ဖြစ်သည်။
သို့ သော် မယ်နာဆိုသည့်  ဇာတ်ဆောင်အမျိုးသမီး၏ ကြေကြေကွဲကွဲဖြင့် လင်သားအား ဟစ်ခေါ် သည့် အသံ
မှာ အတော်ပင် ရင်ထဲ၌ ဂရုဏာ ဖြစ်မိသည်။ ထဘီရင်လျားဖြင့်  ဆံပင်ဖားလျား ချကာ၊ သူ့ လင်သားနောက်သို့ 
လိုက်ခန်းများ ဆိုလျှင် အသဲတယားယားဖြင့်  ကြည့် ၍ မဝ။

များသောအားဖြင့်  ထိုင်းဇာတ်ကားများကို ကျွန်တော်တို့  ကြည့် ၍နားလည်ကြပါသည်။ ပေါက်တတ်ကရ ရိုက်
ကာ ထိုးကြ ကြိတ်ကြရင်း လူပျင်းကြိုက် ဇာတ်ပေါ့ ကားများလည်း အလွန်ပေါ၏။ သုံးကားပေါင်း ဘတ်တစ်ဆယ်
ဖြင့် ပြသော လမ်းဘေး ပိတ်ကားထောင်ပွဲများတွင် ထိုကားမျိုး ပါလာပါက နောက်ကြည့်မည့်  နိုင်ငံခြားအက်ရှင်
ကားမလာမီ၊ အောင့် သက်သက်ဖြင့်  စောင့် ကြည့် ရပြန်သည်။

လမ်းဘေး ပိတ်ကားထောင်ရုံများဖြစ်သဖြင့်  ကိုယ့်စိတ်ကြိုက်ချည်း ပြ၍မဖြစ်။
ရုံကလည်း အကာမျှသာ ရှိသည်၊ သတင်းစာစက္ကူဖြစ်ဖြစ်၊ ဖိနပ်ဖြစ်ဖြစ် ဖင်ခုထိုင်၍ ကြည့် ရ၏။ အခါကြီး၊ ရက်
ကြီးများဆိုလျှင် ကံစမ်းမဲ ဖောက်ပေးသည်။ ပထမဆုမှာ ရွှေ တစ်ကျပ်သားအထိရှိပြီး၊ အဆင့်မြင့်ကားများကို
ထိုးပြသဖြင့်  ရုံဝင်ခကို ဈေးပိုကောက်သည့် တိုင် လူအများအပြား လာကြည့် ကြပါသည်။ ဆုမဲတွေ နှစ်ဆယ်ဆု
လောက် ပေးတတ်ကြ၏။ ဇန်နဝါရီလ နှစ်ကူး ( ပီမိုင် ) ဆိုလျှင် ဆုမဲ အကောင်းစားများ ဖောက်ပေးတတ်ကြ၏။

ပီမိုင် ( နှစ်ကူး ) ပွဲတော်သည် ကျွန်တော့်အတွက် အတွေ့  အကြုံအသစ်တစ်ခု ဖြစ်သည်။
ကျွန်တော်တို့ ဆီမှာ သင်္ကြန်ရက်ရောက်မှသာ နှစ်ကူးပွဲ ကျင်းပကြသည်ကိုး။ ထိုင်းမှာတော့  အနောက်နိုင်ငံများ
နည်းတူ နှစ်ကူးပွဲကို ဒီဇင်ဘာနောက်ဆုံးရက် ညသန်းခေါင်ယံ ( ၁၂း၀၀ ) တိတိ အဓိက ထား၍ ကျင်းပ၏။
ရုံးပိတ်၊ ကျောင်းပိတ်၊ ကုမဏ္ဏီများပိတ်၊ ဈေးများပိတ်၍ ကိုယ့်ရပ် ကိုယ့် ရွာ ပြန်သူတွေ ပြန်ကြ၊ အလုပ်မှ အပို
ဘောက်ဆူးပေး၍ ပျော်သူတွေ ပျော်ကြသည့် ပွဲ ဖြစ်သည်။ လေး ငါးရက် ဆက်တိုက် အလုပ်ပိတ်ကြသည်။
တစ်ရုပ်နှစ်ကူးလျှင် တစ်ခါ ပိတ်ကြပြန်သည်။ ကြာလာတော့  ထိုပွဲမျိုးများကို ကျွန်တော်တို့ ပင် မျှော်လင့်လာမိ
ကြသည်။ ကိုယ်နှင့် တော့  ဘာမျှမဆိုင်။ သို့ သော ပျော်စရာများဖြစ်၍ ရောယောင် မျှော်ပြီး ပျော်ကြရသည်ကိုး။


မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။


...............................................................................................................................

( ဆက်ရန် )


7 comments:

sosegado said...

“ မယ်နာ့ ”ကားကြည့်ဘူးတယ်၊ ကြောက်စရာမကောင်းဘူး၊ သနာစရာကောင်းတယ်၊

IDIOT-Ki said...

“ မြန်မာလည်း လူ၊ ငါးခူလည်း ငါး၊ ဘာများကွာလို့ လဲ ”...
ကွာ တာ ပေါ့ ...

လူချင်းတူပေမဲ့ အသက်ရှုတာချင်းကွာ သလို မျိုးပဲလေ .. ကိုယ့် လူမျိုးမှ လူ ထင် သူတွေ အများကြီး ရှိသလို ၊ ကိုယ့်လူမျိုး အချင်းချင်းတောင် မနာလို ၊ နှိမ့်ချ၊ ညှင်းဆဲ နေသူများလဲ တပုံကြီး ရှိပါတယ် ..

ငါးခူ ဆို ကြော်စား ..
ငရံ့ ခေါင်းဆို ဟင်းချို ချက်သောက် ၊
ငသလောက်ဆို ပေါင်းစားးး
အဲ့လို ကွာ တယ် .....း)

ကိုထွေးတို့ လို ပန်းရံ သမား မျိုး ၊ ပင်ပင်ပန်းပန်းလုပ်ပြီး ရတာတွေ မစုပဲ ဖြုံးပစ်တာ .... သနားရ မှာလား ၊ မသနားရဘူး လား တောင် မသိတော့ ဘူး ..

ချမ်းလင်းနေ said...

မွေထိုင်းတော့ အလုပ်အတူလုပ်တဲ့ ယပလက်တွေနဲ့သွား ကြည့်ဖူးတယ် နဂိုထဲက မြန်မာ့လက်ဝှေ့တောင် ဝါသနာမပါတာ မွေထိုင်းလဲ ထိုနည်းလည်းကောင်းပဲ။ အသားအနာခံပြီးထိုးနေတာ မကြည့်ရက်လို့ပါ။ ယပလက်တွေကတော့ ကလေးလူကြီးမိန်းမ အစုံကြည့်ကြတယ်။ ဘုရားသုံးဆူသွားတုန်းကဆို အို.. လက်ဝှေ့ပွဲချည်းပဲဗျာ။ အထူးသဖြင့် ကရင်နဲ့ မွန်ချည်းပဲ။ ကျွန်တော်အဖေကတော့ မွန်ဆိုတော့ လက်ဝှေ့ပွဲဆို မလွတ်တမ်းပဲ။ ငယ်ငယ်ကဆို အောင်ဆန်းကွင်းက လက်ဝှေ့ပွဲတွေ အဖေနဲ့လိုက်ကြည့်ဖူးတယ်။ ကြည့်နေတုန်းတော့ စိတ်လိုက်မာန်ပါပဲ။ ကြည့်ပြီးသွားတော့လဲ ရုံးတဲ့သူအပေါ် စိတ်ထဲမကောင်းဘူး။ သရဲကားတော့ အခုထိမကြည့်ဘူး။မကြိုက်လို့။ သရဲဆိုတာ သူကုသိုလ်လိုချင်လို့ ကိုယ်ထင်ပြတာပဲရှိမှာ အဲဒီအချိန် ကိုယ်က အမျှဝေပေးလိုက်ရင် သူတို့ကျွတ်လွတ်နိုင်ရောလို့ ဆရာတော်တွေ ပြောတာသိရတယ်။မြန်မာပြည်မှာလဲ ယပလက်လိုပဲ ခွင့်ပေးရင် သရဲကားရိုက်လိုက်မယ့်ဖြစ်ခြင်း။ အမျိုးသမီးက သရဲကားအရမ်းကြိုက်တယ်။ဒါပေမယ့် သူက သရဲ တော့ကြောက်သဗျ။ သူကြည့်ရင် ကျွန်တော်ကတော့ စာဖတ်နေလိုက်တယ်။အပေါ်က မကိရှင်းပြတာ သဘောကျမိတယ်။ အတော်ရှည်သွားတယ်ကိုကျော်ရေ။ ဖတ်ရင်းနဲ့ ပေါ်လာတဲ့အတွေးတွေ လျှောက်ရေးမိသွားတာ။

Angelhlaing(May everybody be happy and healthy! said...

အတွေးရောအရေးမှာအတုယူစရာလေးနော်
အားကျလိုက်ပါဘိနော်။
စာတွေအားပေးသွားပါတယ်အကို။
ကောင်းသောနေ့လေးဖြစ်ပါစေရှင်။

blackcoffee said...

အစက ကြုံးဝါးခဲ့သမျှ ခုချိန်ထိတော့ ဘာမှ ဖြစ်မလာသေးပါလား ကိုထွေးရေ...

အစ်ကိုရေ စာကြွေးတွေကို အကြောင်းကြောင်းတွေကြောင့် ခုမှလာရှင်းနိုင်တယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပိုက်ဆံဟာ ရှာရတာသာ ခက်တာ
သုံးဖို့များကျတော့ ဆီလိုအပေါက်ရှာထွက်တယ်
ထိုင်းနဲ့မြန်မာ ဘာများကွာခြားလဲ ဆိုတဲ့ စကားလုံးလေးတော့ ထိတယ်
ဘာကွာခြားလဲလို့ ကိုယ်တိုင်လဲ မေးချင်တယ်.
အဖြေကလည်း ထူးမခြားနား အဖြေကိုဘဲ ပေးချင်နေမိတယ်။
ဘယ်တော့များမှ သူများတကာထက် သာမယ် မသိနော်

ကိုဇော် said...

နိုင်ငံခြားမှာ ကြာလာလေလေ ဖြစ်လာတတ်တဲ့ ရောဂါပါပဲ။ ကျားကြီး ခြေရာကြီး ဆိုပြီးတော့ ကာကွယ် ပြောဆိုတတ်တဲ့ အဖြစ်အပျက်လေးပေါ့ဗျာ။