Tuesday, June 14, 2011

ကျွန်တော့် အတွက် ဒုတိယစိန်ခေါ်ပွဲ ( သို့  )

အဖြူရောင် သီးသန့်  ဆေးခြယ်ထားသည့်  နံရံတစ်ချပ်ကို မည်းညစ်သော လက်ဝါးဖြင့်  ကျွန်တော် ထိခတ်လိုက်
မိလေသည်။ ထိုအခါ ထိုနံရံအဖြူ၌ အမည်းကွက် စွန်းညစ်ရတော့ ၏။ နံရံအဖြူပေါ် မည်သူမှ အပြစ်မမြင်။
မည်းညစ်သော လက်ဖဝါးရှင်ကိုသာ အပြစ်တင်ကြမည်။ အထူးသဖြင့်  ထိုလက်ဖဝါးရှင်ကိုယ်၌ပင် ကိုယ့်ကိုယ်
ကိုယ် ယူကျုံးမရ ဖြစ်နေတော့ မည်။
“ အေး ... ”
အေး ဆိုသော မိန်းမသားသည် ကျေးလက်တောရွာလေးမှ လယ်ပိုင်ရှင်ကြီး၏ သမီးကညာ ဖြစ်၏။ သူ့ ဖြူစင်မှု၊
သူ့ ရိုးသားမှု၊ သူ့ ဂုဏ်သတင်း မွှေးပျံ့ မှုကို လွန်ခဲ့ သော တစ်နှစ်ကျော်ကျော်ကပင် ကျွန်တော် ကြားခဲ့ ဖူးပြီး ဖြစ်ပါသည်။ ကျွန်တော့်  ညီအကိုဝမ်းကွဲ ဖြစ်သူ အောင်နိုင်အေးတစ်ယောက် ဘန်ကောက် ရောက်လာစဉ်ကပင်
အေးနှင့်  ပတ်သက်သော သတင်းစကားများ ကျွန်တော့်အတွက် ပါလာခဲ့ သည်။ ထိုစဉ်က ဘန်ကောက်သို့  ကျွန်တော် ပြန်ရောက်ခဲ့ သည့်  ၁၉၉၇ ၌ ဖြစ်သည်။

ကျွန်တော်နှင့် မတွေ့ ခင်မှာပင် အမေသည် ညီမဖြစ်သူ ရှိရာ ခရမ်းမြို့ ၌ ရိပ်သာဝင်စဉ် “ အေး ” ကို တွေ့ ခဲ့ ပြီး
ဖြစ်၏။ အမေ့ ညီမများနှင့်  အမေ့ တူမများက ထိုစဉ်ကပင် “ အေး ” ကို ကျွန်တော့် အတွက် လျာထားခဲ့ ကြ
သည်။ ကျွန်တော်က လက်မခံ။ ကျွန်တော့် မှာ ဖိုင့်အတွက် ကတိကဝတ်တွေ ရှိနေပြီးဖြစ်သည်။ အိမ်ထောင်ရေး
ကိုလည်း မစဉ်းစားချင်သေး ။

“ အေး” ၏ စိတ်သဘော ဖြူစင်သန့် ရှင်းမှုများ၊ လူကြီးမိဘအပေါ် သိတတ်မှုများက ပတ်ဝန်းကျင်တွင် ဂုဏ်
သတင်းမွှေးပျံ့ နေသည်မို့  “ အေး ” ကို ချဉ်းကပ်သူတွေ များလှပါသည်။ ထိုအထဲတွင် ကျွန်တော်က ငွေဓနအင်
အားများ၊ အသိုင်းအဝိုင်းအင်အားများ၊ ခင်မင်ရင်းနှီးမှု ရှိရင်းစွဲ ဖြစ်သည့် “ အေး ” နှင့် ကျွန်တော့်ညီအစ်မများဝမ်း
ကွဲများ ၊ အေးသည် ကျွန်တော့်အဒေါ် ကျောင်းဆရာမ၏ တပည့်  ဖြစ်ခဲ့ ဖူးသည့်  အခြေအနေ ခြင်းရာတို့ ကြောင့် 
ကျွန်တော်နှင့် ပို၍ နီးစပ်လာခဲ့ သည်။

မှန်တာပြောရလျှင် “ အေး ” ကို မတွေ့ ခင်က ကျွန်တော် စိတ်ဝင်စားမှု မရှိ ။ အထူးသဖြင့် ကျွန်တော်၏ ဂျင်ချေ
လည်နေသော ဘဝလမ်းကြောင်းထဲသို့  “ အေး ” လို မိန်းခလေးတစ်ယောက်ကို ဆွဲမခေါ်ချင် ။ ကျွန်တော့်
ဘာသာ ပြန်တွေးလန့် နေမိမှာမျိုး မလိုချင်။ ကျွန်တော့် သမိုင်းကြောင်းအတွက် ဖြေရှင်းချက်တွေ ပေးမနေချင်။
ဤစိတ်ဖြင့်ပင် ကျွန်တော် သူ့ ကို သွားကြည့်ခဲ့ သည်။

ကျွန်တော် အချုပ်ကျစဉ်က ဘန်ကောက်မှ ဘိန်းစားအချုပ်သမားကြီးက ကျွန်တော့်ကို မိန်းမဋိကာ ဖွင့်ပြဖူးပါ၏။
“ ထင်ရှားသည့်  မိန်းမတစ်ယောက်ကို နောက်ဖက်ကို ကြည့်ချင်ကြည့်ပါ။ တင်, ရင်, ခါး, လည်ဆံတို့ ကို ငေးချင်
ငေးပါ ။ မျက်လုံးကို မကြည့်မိစေနဲ့  ..၊ ထိုမျက်လုံးကို ကြည့်မိလျှင် ချစ်မိတတ်သည် ” ဟု ပြောပြခဲ့ ဖူးသည်။ သူ
ပြောသည်ခဲ့ ကို စေ့ စေ့ ပတ်ပတ် ကျွန်တော်နားမလည်သော်ငြား၊ ထိုသဘော ဖြစ်သည်ကိုတော့  ကျွန်တော်
ရိပ်မိခဲ့ ပါပြီ။ ယခု “ အေး”၏ မျက်လုံးများကို ကျွန်တော် ကြည့်လိုက်မိသည်။ ကျွန်တော့် လောဘကို ကျွန်တော်
သိမ်း၍ မရတော့ ပြီ။

ထိုလောဘ၏ နောက်၌ ယောင်္ကျားပဲဟူသော မာနကလည်း ဝင်မိချေပြန်သည်။ ငွေကြေးဂုဏ်ဓနနှင့်  အသိုင်း
အဝိုင်းအင်အားကြောင့် လည်း ကိုယ့်အတိတ်ကို ချက်ချင်း မေ့ ပစ်မိ၏။

ကျွန်တော်သည် မည်းညစ်သော လက်ဖြင့် ဖြူစင်သန့် ရျင်းသော “ အေး ” ၏ နှလုံးသားကို အမိအရ ချုပ်ကိုင်
လိုက်တော့ သည်။ တကယ်ပင် ကျွန်တော် ညစ်ပတ်လိုက်တော့ သည်။ ဤသည်ကို အချစ်ဟု ကင်ပွန်းတပ်ကာ
“ အေး ” ကို စာ မြောက်များစွာ ရေး၍ သိမ်းသွင်းပါတော့ သည်။ “ အေး ” လည်း ကျွန်တော်တို့  အင်အားကို
မလွန်ဆန်နိုင်ခဲ့ ပါ။

တကယ်ဆိုလျှင် “ အေး ” ၏ ဘဝသည် ရိုးရိုးကုတ်ကုတ် ကျောင်းဆရာကတော် ဘဝမျိုး ၊ ဈေးရောင်းဈေးဝယ်
ကျွမ်းကျင်သည့်  တောသူဋ္ဌေးပေါက်စ၏ ဇနီးမျိုး၊ ဆန်စပါး ကုန်သည်တစ်ဦး၏ ဇနီးမယားမျိုးသာ ဖြစ်ထိုက်သည်။
ကျွန်တော်နှင့်တော့  မတန် ။

“ အေး” ၏ ကိုယ်စောင့် နတ်ကလည်း “ အေး ” ဘက်ကို တာဝန်ကျေရှာပါသည်။ ကျွန်တော်နှင့်  တွေ့ စကပင်
သူ လက်မထပ်ဖြစ်ပါစေနှင့် ဟု ဘုရားမှာ ဆုတောင်းမိကြောင်း “ အေး ” က ဖွင့်ပြောပါ၏။ ကျွန်တော်သည်ကား
လောကပရိယာယ် ကြွယ်ခဲ့ ပြီကိုး ။ “ အေး ” ဆီမှ အချစ်ကို စာအတန်တန် ရေး၍တစ်မျိုး၊ “ အေး ” မိဘဆွေမျိုး
များထံသို့  ကျွန်တော့် အဒေါ်နှင့် ညီမဝမ်းကွဲများ လွှတ်၍တစ်မျိုး၊ “ အေး ” ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကြိုးစား
ပါတော့ သည်။

ကျွန်တော် “ အေး” ကို ချစ်သောအချစ်သည် “ အေး ” ၏ ဘဝအပြင် “ အေး” ၏ မိဘ အသိုင်းအဝိုင်းနှင့်  အေး
ချမ်းသော လူမှုဘဝလေးကိုပါ ချစ်မြတ်နိုးခြင်း ဖြစ်ပါသည်။ ကျွန်တော့် ဘဝ၏ ပူလောင်ပြင်းထန်မှုတို့ အား
“ အေး ” ၏ အရှိန်အဝါဖြင့်  အတန်ငယ် အေးချမ်းနိုင်မည်ဟု တွက်ဆ၍ “ အေး ” ကို မရမက လက်ထပ်ယူခဲ့ ခြင်း
ဖြစ်သည်။

“ အေး ” ကို လက်ထပ်နိုင်ချိန်တွင် ကျွန်တော် အတော့် ကို ပျော်ရွှင်မိသည်။ ဘဝင်လည်း မြင့်မိသည်။ လောက
တွင် လုပ်ချင်တာတွေ လုပ်နိုင်ခဲ့ သည်။ ဇနီးကောင်းကိုလည်း ရ အောင် ရှာနိုင်ခဲ့ သည်။ ဤလောကဓံကို မမှု
တော့ ဟု ဘဝင်တွေ ကြွမိခဲ့ ပါသည်။

ဖိုင့်ကို ကျွန်တော် မေ့ ထားလိုက်သည်မှာ “ အေး ”၌ ကျွန်တော့် ရင်သွေးလေး စ, လွယ်ခဲ့ သည့်  အချိန်ထိ ဖြစ်၏။
“ အေး” ကိုယ်ဝန်လွယ်စမှာပင် ကျွန်တော် စင်္ကာပူသို့  ပြန်ထွက်ဖို့  အရေး ကြုံလာခဲ့ တော့ သည်။ ထိုအခါ
ကျွန်တော် “ အေး ”ကို မခွဲချင်။ အထူးသဖြင့်  ကျွန်တော့်ရင်သွေးလေးကို မခွဲချင်။ ဘာမှ အနှောက်အယှက်မရှိ
နိုင်သည့်  ကံကြမ္မာကို တွေးတောစိုးရိမ်မှု လွန်ကဲနေသည်။ မမြင်ရသော ရင်သွေးလေးကို ကျွန်တော် ချစ်နေမိ
တော့ ၏။ ထိုအခါမှပင် သိုက်မြုံဟူသော အသိတရားနှင့်တကွ ဖိုင့်ကို ကိုယ်ချင်းစာမိရတော့ သည်။

ကျွန်တော် ဖိုင့် ကို ပြန်သတိရမိချိန်၌ “ ဖိုင့် ” အပေါ် ထားသော အချစ်စိတ်သည် အသွင်ပြောင်းလဲသွားလေပြီ။
ဖိုင့် ရှေ့ ၌ ဒူးထောက်ပြီး ကျွန်တော်အတ္တကြီးခဲ့ သည်များအတွက် တောင်းပန်ချင်မိတော့ သည်။ ဖိုင်နှင့်စူဒါနမ်ကို
ခွဲကာ ကျွန်တော့် အတ္တကို ရှေ့ တန်းတင်၍ “ ဖိုင့် ” သိုက်မြုံအား ဂရုမစိုက်ခဲ့ သည်များကို “ ဖိုင် ” ကြောက်လန့် 
ခဲ့ သည်။ လုပ်ချင်ရာ ဇွတ်လုပ်တတ်သည့် ကျွန်တော့်ဥာဉ်ကို ကြောက်ရွံ့ ၍ ဖိုင်တစ်ယောက် ပြောင်းရွှေ့  ပုန်း
ရှောင် သွားခဲ့ ရှာသည်။ စူဒါနမ်အား ကျွန်တော်လာတောင်းသွားမည်ကို တွေးတော ကြောက်လန့် ကာ ဖိုင်တစ်
ယောက် မည်မျှစိတ်ဆင်းရဲခဲ့ မည်ကို ကျွန်တော် တွေးမိခဲ့ ပါပြီ။ ကျွန်တော် ယခု “အေး” တို့ နှင့် ခေတ္တ ခွဲခွာရ
မည့်  ဒုက္ခကိုပင် ကိုယ့်သိုက်မြုံ၊ ကိုယ့်ဘဝ အဖြစ်အပျက်ကို တွေးတောထိန့် လန့် နေ၏။ “ဖိုင့်” တုံးက ကိုယ်ချင်း
မစာမိခဲ့ ။

ဖိုင့်ကို ကျွန်တော် ကြည်ညိုမိတော့ သည်။
သူ့ ရင်သွေး ၊ သူ့ ဘဝ ၊ သူ့  သိုက်မြုံ ၊ သူ့ ဝတ်ကျင်းအတွက် ကျွန်တော့် ကို ရှောင်ခွာပြေးထွက်သွားချိန်တွင် သူ
ခံစားရမည့်  သောကကို ကျွန်တော် မတွေးပေးခဲ့ ပါ။ မြင့်မြတ်ရမည်၊ ထက်မြက်ရမည်ဟူသော ကျွန်တော်၏
ပင်ကိုယ် ကြွေးကြော်သံသည် ယုတ္တိမတန်ခဲ့ လေပြီ ။ ယခုလည်း “ အေး ” ၏ ဖြူစင်သန့် ရှင်းသော နှလုံးသားကို
မည်းညစ်ရိပ် စွန်းထင်းခဲ့ ပြန်ပြီ ။

“ အေး” သည် ကျွန်တော်၏ အတိတ်ဖြစ်ရပ်များကို သိရသောအခါ သူ့ မိဘရင်ခွင်ထဲသို့  တိုးဝင်ကာ ချုံးပွဲချ
ငိုကြွေးရှာသည် ။ သူ့ ဘဝ သူ ယူကျုံးမရ ဖြစ်ရှာသည် ။ ကျွန်တော့် ကိုမူ အပြစ်မတင် ။ အတိတ်ဘဝက သူ ပြုခဲ့ သည့်  မကောင်းမှုများကြောင့်  ယခုကဲ့ သို့  လိမ်ညာ လှည့်ဖျားခံရသည်ဟုသာ တွေးဆပါကြောင်း မျက်ရည်ဖြင့်
ဖြေသိမ့် ရှာ၏။

ထိုအခါ ကျွန်တော် အသည်းကွဲလေသည်။
ပြုပြင်ရန်မရနိုင်သော အမှားကြီးကို ကျူးလွန်ခဲ့ လေပြီဟု ကိုယ့်ကိုယ်ကို နောင်တ ရရင်း ဖိုင်တို့ သားအမိပေါ်
၌လည်းကောင်း၊ အေးတို့ အပေါ်၌ လည်းကောင်း အပြစ်ရှိဆုံးလူဟု ပြစ်ဒဏ်ခတ်နေစိတ် ကြီးစိုးပါတော့ သည်။
ကျွန်တော်ပြုခဲ့ သော မကောင်းစိတ်များအတွက် ကျွန်တော်ခံရတော့ မည့်ပြစ်ဒဏ်သည်ကား သံသရာနှင့်  ချီပါ
လေတော့ မည်။

နေပူ လေပူ၊ ပင်ပန်းဆင်းရဲ ၊ ဒုက္ခသုခမျိုးစုံကို ဆယ်နှစ်နီးပါး ခါးစည်းရင်ဆိုင်ခဲ့ စဉ်က ကျွန်တော့်နှလုံးသားသည်
မြင့်မြတ်စွာဖြင့် ရင်ဆိုင်ခဲ့ ပါ၏။ ငွေကြေးဥစ္စာဓန ပြည့်ဝချိန်တွင်ကား ကျွန်တော့် နှလုံးသားသည် ဂုဏ်မောက်
ကာ မာန်ကြွခဲ့ သော ဘဝမေ့ မှုများကြောင့် အရောင်စွန်းခဲ့ လေပြီ။ ထို အစွန်းအထင်းကို ဘာနှင့် ကျွန်တော်
ဆေးကြောမည်နည်း ။

ဤကား ဘဝ၏ အကြီးမားဆုံး စိန်ခေါ်မှုပါတကား ။
နှလုံးသား၌ အမည်းစက် စွန်းထင်းခြင်းကို ဆေးကြောရမည့် စိန်ခေါ်မှုအား ကျွန်တော် ရင်ဆိုင်ရပါအုံးတော့ မည်။


( ဆက်ရန် )

......................................................................................................................

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။





7 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ကောင်းတယ် ကျေးဇူး ...

IDIOT-Ki said...

လူတွေဟာ ဆင်းရဲဒါဏ်ကိုခံနိုင်ကြတယ် ချမ်းသာခြင်းရဲ့ဒါဏ်ကို မခံနိုင်ကြဘူး ဆိုတာ အမှန်ပဲ ၊ ကိုထွေးတယောက်လည်း ဘာသားနဲ့ထုထားတာမို့လည်းလေ...

မိန်းမ နှစ်ယောက် ကလေးနှစ်ယောက် နဲ့ဗျာများနေမဲ့ ကိုထွေးကို စိတ်ထဲ ပုံဖေါ်ကြည့်မိလိုက်တယ်...
ဇာတ်သိမ်းလှပါ့ မလား ..

လရိပ်အိမ် said...

ဖိုင်ပြီးတော့အေးပေါ့လေ

ဟန်ကြည် said...

ဖြစ်တတ်ပါတယ်လေ...ဘယ်သူ့ကိုမှလည်း အပြစ်တင်စရာမတွေ့တော့ပါဘူး...ဘာကြောင့်လဲဆိုရင် အားလုံးပဲ အမှားမကင်းတဲ့ လူသားစစ်စစ်တွေ ဖြစ်နေကြတာမို့လား...

sosegado said...

ဖအေတူမအေကွဲ ကလေးနှစ်ယောက်ရဲ့ဘဝကိုတွေးကြည့်မိပါတယ်

Angelhlaing(May everybody be happy and healthy! said...

စာဖတ်ရင်းအတွေးတွေနဲ့ ချာချာလည် သွားတယ် အကို..
စောင့်မျှော်အားပေးလျှက်..

nyopyar88888 said...
This comment has been removed by a blog administrator.