Wednesday, June 8, 2011

လန်းဖိုင်စာသိုက်နှင့်  သံသယာအဆက်ဆက်...။


ဤဝတ္ထုလေးကို ဂရုဏာ၊ဒေါသော အမျိုးမျိုးဖြင့် တုန့် ပြန်ဝေဖန်လာသူများနှင့် အစဉ်တဆိုက် စိတ်ရှည်ရှည်
ဖြင့် စောင့်ဖတ်ပေးနေကြသည့်အတွက် ကျွန်တော် အချိန်ယူ ပြန်ရေးနေရကျိုး နပ်ခဲ့ ပြီဟု ပြောလိုပါသည်။
“ ရသ ” အကြောင်း ကျွန်တော် နားမလည်သော်လည်း “ကိုထွေး” အကြောင်းကို ဖတ်လို့  ကောင်းလွန်းသဖြင့်
ကျွန်တော် ပြန်တင်မိခဲ့ ခြင်းဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်ပင်လျှင် ဖတ်နေရင်း ကိုထွေး ဖြစ်သွားရသည့်
အကြိမ်ပေါင်းလည်း မနဲတော့ ပြီ။ ရုန်းကန်လှုပ်ရှားနေရင်း ငြိတွယ်မိတတ်သည့်  သမုဒယ သံယောဇဉ်အကြောင်း
အကျယ်တဝင့် ရေးဖွဲ့ ထား၍လည်း ကျွန်တော် ကြိုက်ခဲ့ ရပါသည်။ “ သံယောဇဉ် ” တဲ့ ..။ လူတိုင်းလည်း
တစ်ကွေ့ ကွေ့ တိုင်းတွင် ဆုံဖူး၊ ကြုံဖူး ခဲ့ ကြပါလိမ့် ဦးမည် ...ဟု ။

...............................................................................................................................

အချစ်သည် မည်သူမျှ အမြတ်ထုပ်ယူ၍ မရသော အရာ ဖြစ်သည်။
ဖိုင်သည် ကျွန်တော့် ကို ချစ်သည်။
ကျွန်တော်လည်း ဖိုင့် ကို ချစ်သည်။ သို့ ရာတွင် ကျွန်တော့် ဘဝနှင့် ကျွန်တော့် ရေမြေတောတောင် ပထဝီကို
ဖိုင် မချစ်။ ကျွန်တော်ကလည်း ဖိုင့်ပထဝီကို မချစ်။ လူနှင့် လူချင်းသာ ချစ်ကြ၍ လူနောက်က ဘဝတွေကို မချစ်
ခဲ့ ကြ။ လူမှာ ဘဝ ရှိသည်။ ထိုဘဝကို မချစ်မက်နိုင်သဖြင့်  ကိုယ့် ဘဝကိုယ် လျှောက်ခဲ့ ကြလျှင် လျှောက်ကြရုံ
သာ ဖြစ်ပါ၏။ ကျွန်တော်နှင့်  ဖိုင်က ကောင်းကောင်း မလျှောက်။ ဘဝကို မချစ်နိုင်ကြပါလျက် လူနှင့် လူအချစ်
ကို အမြတ်ထုတ်ချင်ကြသည်။ ထို့ ကြောင့်  စူဒါနမ်ကို တည်ဆောက်ခဲ့ ကြလေပြီ။

စူဒါနမ်ဘက်က ကြည့် လျှင် ကျွန်တော်တို့  လုပ်ရပ်ကား တရားမဲ့ လှ၏။ အထူးသဖြင့်  အတွေးကြီးကြီး ခံယူချက်
ကြီးကြီး ရှိသော ကျွန်တော်သာလျှင် အပြစ်အကြီးဆုံး ဖြစ်လေသည်။

ဖိုင်နှင့် ကျွန်တော်သည် တစ်စ,တစ်စ ချစ်ခဲ့ စဉ်က လည်းကောင်း၊ ပိုမို ရစ်နွယ်ချစ်လာကြစဉ်က လည်းကောင်း၊
လှိုက်လှိုက်လှဲလှဲ တွယ်တာချစ်မိခဲ့ စဉ်ကလည်းကောင်း၊ နောက်ခံဘဝတွေကို မေ့ ထားခဲ့ ကြသည်။ ကျွန်တော်
က တရားမဝင်နိုင်ငံသား ပတ်(စ)ပို့  အတုဖြင့်  နေနေသူ။ ကျွန်တော့်  ရှေ့ ရေးသည်လည်း လှုပ်ရှားရုန်းကန်မှု
များ၊ စိန်ခေါ်မှုများ၊ ရေကြည်ရာသို့  ရွေ့ လျားသွားရမည့်  လမ်းစဉ်များဖြင့်  ပြည့် နှက်နေပါ၏။ ဖိုင်ကတော့ 
သက်ငြိမ်၊ ကျွန်တော်၏ ရွေ့ လျားမှုမျိုး စိုးစဉ်းမျှမရှိ။

ဖိုင်နှင့် စကားလက်စုံကြလေတိုင်း ရှေ့ ဘဝခရီးကို ရောက်ပြီဆိုလျှင် သူရော ကျွန်တော်ပါ မှိုင်ကြရလေသည်။
ကျွန်တော်က ဆင်းရဲပင်ပန်းမှုများကို ခါးသက်နာကြည်းနေလေပြီ။ ကျွန်တော် ထန်းရည်ခါးခါး ရောင်းခဲ့ ရသော
ဘဝ အစိတ်အပိုင်းကို ဖိုင့် အား ပြောပြဖူးသည်။ ကျွန်တော် ဘာကြောင့်  ခရီးရှည်ကြီးကို ချီတက်လိုကြောင်း
သိစေလို၍ပင် ။ ကျွန်တော်သာ ဖိုင်တို့ မိသားစုအတွင်းသို့  အသာတကြည် ဝင်ရောက်ခိုလှုံလိုက်လျှင် သူနှင့် 
ကျွန်တော် မည်မျှ ငြိမ်းချမ်းမည်ကို သိပါသည်။ ထိုသို့  ပြုလုပ်လိုက်လျှင် ကျွန်တော် ကိုယ့် ကိုယ်ကို သစ္စာဖေါက်
ခြင်းသာ ဖြစ်လိမ့် မည်။

နေပူစပ်ခါးသို့  ကျွန်တော် စ,ဝင်စဉ်ကပင် မဟာပထဝီမြေကြီးကို သံန္နိဠာန်ပြုခဲ့ ပြီးပြီ။ ကျွန်တော် အောင်မြင်
ရမည်။ ခမ်းနားရမည်။ ဖြစ်ချင်တာတွေ ဖြစ်အောင် လုပ်နိုင်ရမည်ဟု။ လောကဓံအတွက် ကျွန်တော် ရုန်းကန်ခဲ့ 
သည်များက သေ မြေကြီး၊ ရှင် ရွှေထီး နှစ်လမ်းသာ ရှိ၏။ ဖိုင်၏ သိုက်မြုံ၌ ဝပ်ဆင်း ခိုလှုံဖို့ မဟုတ်။

စိတ်ဓါတ်ဟူသော ဝေါဟာရနှင့်  အနှစ်သာရသည် ကျွန်တော့် အတွက် ထူးကဲစွာ အကျိုးပြုသော စကားလုံး
ဖြစ်သည်။ ကျွန်တော့် ဘဝတွင် စိတ်ဓါတ်မှ လွဲ၍ ဘာမှ မရှိသော ဖြစ်ရပ်သို့  ကြိမ်ဖန်များစွာ ကျရောက်ခဲ့ ဖူး၏။
စိတ်ဓါတ်လေးကျန်နေ၍ပင် ကျွန်တော် ပြန်ဦးမော့ ခဲ့ ရခြင်း ဖြစ်သည်။ ထို့ ကြောင့်  ထိုစိတ်ဓါတ်ဟူသော
အဘိဓမ္မာသည် ကျွန်တော့် အသက်ပင် ဖြစ်နေပါ၏။

ဟိုးမိတ္ထီလာမြို့  အလွန်၊ ဝက်ကျောက် ကျေးရွာလေးမှာ ကျွန်တော်နေခဲ့ စဉ်က ကျောင်းပိတ်ရက်တွင် ထန်းရည်
ခါး လိုက်ရောင်းချိန်က စ,၍ စိတ်ဓါတ်ဟူသော ဝေါဟာရကို စ,တင် အကျွမ်းဝင်ခဲ့ ခြင်း ဖြစ်သည်။ ကျွန်တော့် ကို
ချစ်သော အမေ့ ညီမ ဒေါ်ကြီးနှင့် ဒေါ်ကြီး၏အဖေ ကျွန်တော့် ဘကြီးတို့ က ကျွန်တော့် ကို ကျောင်းပိတ်ရက်တွင်
အေးအေးဆေးဆေး နေစေချင်ကြသည်။ ရန်ကုန်သို့  ပြန်လိုလျှင်လည်း ပြန်၊ မိတ္ထီလာမြို့ ထဲမှ ဝါးတန်းအိမ်သို့ 
သွားနေလိုလည်း နေ ၊ ရွာမှာ နေလိုလျှင်လည်း နေစေချင်ကြသည်။ ကျွန်တော်က ငြိမ်ငြိမ်မနေချင်။ ထန်းရည်ခါး
လိုက်ရောင်းသူများနှင့်  အဖွဲ့ ကျပြီး အင်ကြင်းစုဘူတာနားမှ ထန်းတဲတွင် မနက်စောစော ထန်းရည်ခါးသွားယူပြီး
သာစည်သို့  သွားရောင်းသည်။ ကျွန်တော်တို့  အဖွဲ့ မှာ မများလှ။ တစ်ခါတစ်ရံ လေးဦး၊ တစ်ခါတစ်ရံ ငါးဦးသာ
ရှိသည်။ သာစည်သည် ကိုယ့် နယ် မဟုတ်။ လူရမ်းကားများ ပေါသည်။ အထူးသဖြင့် ဘူတာတစ်ဝိုက်မှ လူများ
ဆိုလျှင် စာဆိုနှင့်  အညီ ရိုင်းချင်ကြ၏။ “ လူသာစည်၊ နွား နပြာနီ ” ဟု ခေါ်တွင်ကြသည်။ ကျွန်တော်တို့ က
ထို နယ်သို့  သွားရောင်းကြမည်ဖြစ်၍ အားလုံးက စောင့် ကြည့် နေကြသည်။

ကျွန်တော်တို့  ရွာမှ ကျွန်တော်နှင့်  သန်းမင်း၊ ပျော်ဘွယ်ရွာလေးမှ ကိုသိန်းဝင်း၊ ထန်းတောရွာမှ ကိုမြင့် ထွန်းတို့ 
လေးဦးက တစ်ဖွဲ့  ဖြစ်၏။ မနက်ပိုင်းတွင် ထန်းတဲမှ ထန်းရည်ကို ချင်ငှဲ့ ယူ၍ ထန်းဆိုင်းဖြင့်  ဘူတာသို့  လာကြ၏။
ဘူတာမှာ ဆုံကြသည်။ ရထားက မနက်ခုနှစ်နာရီဆိုလျှင် မြင်းခြံဘက်မှ ဆိုက်ရောက်လာပြီး မိတ္ထီလာ၊ ထိုမှ
တစ်ဆင့်  သာစည်တွင် ခရီးဆုံးသည်။ အင်းကြင်းစုဘူတာမှာပင် ထန်းရည်ရောင်းလိုက်မည့် သူများ ဆယ့်လေး
ငါးဦး ရှိကြသည်။ များသောအားဖြင့်  မိတ္ထီလာသို့  သွားရောင်းမည့် သူက များပါသည်။ သာစည်သို့  သွားရောင်း
သည်က လေးငါးဦးထက် မပို။

ထန်းရည်ဆိုင်းများကို တွဲနှစ်တွဲကြားမှာ အဆင်ပြေအောင် တင်ကြရသည်။ လူစီးတွဲတွေက ပြည့်ကျပ်နေသည်မို့ 
ဆိုင်းထမ်းနှင့် ဆိုလျှင် အဆင်မပြေချင်။ ဈေးရောင်းလိုက်သူများဖြင့်  ပြည့် ကျပ်နေတတ်သည်မို့  တွဲကြားမှာ
တင်လျှင် အဆင်ပြေ၏။ အန္တရာယ်ကတော့  သေမင်းနှုတ်ခမ်းဝ ရောက်နှင့်နေပြီး ဖြစ်သည်။ ရထားက မိတ္ထီလာ
သို့  မိနစ်နှစ်ဆယ်မျှသာ မောင်းရသည်။ သာစည်ကိုတော့  မနက် ကိုးနာရီလောက်မှ ရောက်တတ်မြဲပင်။ ထိုအချိန်ကပင် ရောင်းချဖို့  အချိန်ကောင်း ဖြစ်သည်။

ကျွန်တော်တို့ က ဘူတာအထိမလိုက်။ ရထားက ဘူတာမရောက်ခင် မကြာခဏ ရပ်သည်။ သာစည်ဘူတာမှာ
ရထားလမ်းစုံဘူတာ ဖြစ်သည်မို့  ဝင်လာသော အမြန်ရထားများကို ဦးစားပေးတတ်သည်။ တစ်ခါတစ်ရံတော့ 
ဘူတာရောက်သည်အထိ ပါသွားတတ်ကြသည်။ ထိုအခါမျိုးတွင် ယစ်မျိုးအဖွဲ့ နှင့်  လိုင်စင်ခွန်သမားများကို အထူး
သတိထားရပါသည်။ အထူးသဖြင့်  လိုင်စင်ခွန်သမားများက ကျွန်တော်တို့ ကို ဘူတာအပြင်မှ စောင့် ၍ အမြဲ
လိုက်ဖမ်းတတ်သည်။ သူတို့ က လိုင်စင်ခွန် ဆောင်ထားရသည်မို့  ကျွန်တော်တို့ လို လိုင်စင်မဲ့ များ ဝင်ရောင်း
လျှင် သူတို့  ရောင်းအားကျသည်။ ထို့ ကြောင့်  ဖမ်းရသည်။ မိလျှင် လိုင်စင်ကြေး ဆောင်ခိုင်း၏။ ကျွန်တော်တို့ 
က မဆောင်ချင်။ ဆိုင်းထမ်းဖြင့် ရောင်းချရာတွင် ဆိုင်းထမ်းတစ်ဖက်၌ လေးမြူကျော် ဝင်သော ရေအိုး ပါ၏။
နှစ်ဖက်ဆိုလျှင် ရှစ်မြူမှ ဆယ်မြူအထိ ပါသည်။ ထိုဆယ်မြူ မကုန်ခင် ရေနှစ်မြူခန့်  ရောနိုင်သည်။ ထိုသို့  ရော
သည့် တိုင် နယ်ခံ ထန်းရည်များထက် သာလွန်ကောင်းနေမြဲမို့ ဝယ်သောက်သူများက မိတ္ထီလာထန်းရည်သမား
ဆီကသာ ဝယ်ကြသည်။ သုံးလေးရက်မျှ သာစည်မြို့ တွင်း လှည့် ပြီးလျှင် ပုံမှန်ဖောက်သည် မရှားတော့ ။

ဒါကို လိုင်စင်ခွန်သမားများက မကျေနပ်။ သူတို့ က အခွန်ဆောင်ထားရသည်မို့ ကျွန်တော်တို့ ကို ရအောင် လိုက်
ရှာဖမ်းသည်။ လိုင်စင်ခွန် ဆောင်ခိုင်းသည်။ မဆောင်လျှင် ရစ်မျိုးသို့  အပ်၍ ဖမ်းချုပ်ခိုင်းသည်။ ကျွန်တော်တို့ 
အထဲတွင် ကိုသန်းဝင်းက လိုင်စင်ဆောင်ထားသည်။ သို့ ရာတွင် သူသည်လည်း သတ်မှတ်သည်ထက် ပိုရောင်း
သည်။ လိုင်စင်ဆောင်စဉ်က တစ်နေ့ ငါးမြူ ရောင်းချခွင့် သာ ဆောင်ထားသော်ငြား သူ ရောင်းသည်က
မြူနှစ်ဆယ် ကျော်သည်။ သူ့ သားတစ်ယောက်က ဆိုင်းထမ်းတစ်ထမ်းဖြင့် လိုက်ပို့ ပေးနေကျ ဖြစ်၏။ သူ့ မှာက
ဖောက်သည် ဆိုင်များရှိနေပြီ။ သူက ထိုဆိုင်များကို သွားသွင်းပြီး လက်ကျန် လေးငါးမြူကိုသာ လှည့် ရောင်း
တတ်၏။ သူ့ သားကိုတော့  ဘူတာထဲက ပေးမထွက်။ လိုင်စင်ခွန်သမားများက ဘူတာထဲအထိ ဝင်ဖမ်းခွင့် မရှိ။
သူတို့ က ဘူတာမှ လူမိုက်များကို လန့် သည်။ ထိုလူမိုက်များက ကျွန်တော်တို့ ၏ ဖောက်သည်ကြီးများ ဖြစ်နေ
သည်ကိုး ။

ကျွန်တော်တို့ ကျတော့  ကိုသန်းဝင်းတို့ လို ရောင်းလို့ မရ။ လမ်းကြို လမ်းကြား အရင်ပြေးခိုရသည်။ နေ့ လည်
ပိုင်းရောက်ပြီဆိုမှ လှည့် ပြီး ရောင်းရသည်။ နေပူပြီ ဆိုလျှင် လိုင်စင်ခွန်သမားများ အပြင်မထွက်တော့ ။
ကျွန်တော်တို့  အတွက် နေမင်းသည် ကျေးဇူးရှင် ဖြစ်တော့ ၏။ တစ်ခါတစ်ရံ ခရီးသည်တင်ကားများနှင့် တိုးလိုက်
လျှင် ခဏလေး ကုန်သွားတတ်သည်။ ကုန်ပြီဆိုလျှင်တော့  ဘူတာသို့  ရင်ကော့ ပြီး ပြန်လာနိုင်ပြီ။ ထန်းရည်
မရှိလျှင် ဖမ်း၍မရပဲကိုး ။

ဘူတာ ရောက်လျှင် မနက်စာ စားကြသည်။ ရထားက နေ့ လယ် ၁၀နာရီခွဲမှ ထွက်ပါမည်။ လူစုံအောင် စောင့်ပြီး
ဘော်လီဘော ကစားကြမည်။ ဤသို့ ဖြင့် ထန်းရည် တစ်ရာသီကို ဖြတ်သန်းကြရသည်။ တစ်ချီမှာတော့  ဘော်
လီဘော အပုတ်ကောင်း၍ နယ်ခံလူမိုက်များနှင့် စကားများကြသည်။ သူတို့ က ရှုံးကြေးကို မပေးလို ။ ထန်းတော
ရွာသား ကိုမြင့်ထွန်း၏ အိုးများကို ရိုက်ခွဲကြသေး၏။ ကိုမြင့်ထွန်းက ဝှက်ဓားနှင့် ထိုးမည်လုပ်၍ ဆွဲကြရမ်းကြရင်း
ကျွန်တော်တို့ ကို မလာရဟု တားမြစ်ကြသည်။ တကယ့်လူမိုက်ကြီးများက ဝင်ရောက်ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။
သူတို့  မရှိချိန်တွင် သူတို့ လူများကို တာဝန်မယူနိုင်ကြောင်း၊ ကျွန်တော်တို့ အတွက် အန္တရာယ်ရှိကြောင်း ရုံမှ
တာဝန်ရှိသူများကို ပြောပြသည်။ ရုံမှ လူများကလည်း ရိုက်ကြ နှက်ကြလျှင် ပြဿနာပေါ်မည်မို့  ကျွန်တော်တို့ 
ကို မလာခိုင်းတော့  ။

သာစည်ဘူတာသို့  ဆိုင်းထမ်းဖြင့် မလာရသောအခါ ပလတ်စတစ်ဂါလံပုံးကြီးများဖြင့် သယ်လာကြပြီး ရွှေညောင်
တောင်ကြီးသို့  ပို့ ကြသည်။ သာစည်ဘူတာမှာပင် စခန်းချကြသည်။ သို့ သော် အထမ်းသမားများ မဟုတ်တော့ ။
ထန်းရည်ကုန်သည်ကြီးများ ဖြစ်နေကြပြီ။ လိုင်စင်ဖြင့် သယ်ဆောင်ကြသူများ ဖြစ်နေကြပြီ။ ထိုသို့  လုပ်ရန် လမ်း
စ ရခဲ့ သူမှာ ကျွန်တော် ဖြစ်သည်။ သာစည်ဘူတာမှာ ရထားစောင့်နေစဉ်အတွင်း ဘူတာအနီးအနားကို ကျွန်တော် လျှောက်လေ့ လာဖြစ်ရာမှ ထန်းရည်ခါးကို တောင်ပေါ်သို့  ပို့ သော ကုန်သည်များနှင့် သွားဆုံဖြစ်ကြ
သည်။ သူတို့ က လိုင်စင်ခွန်များဖြင့်  တရားဝင် တင်ပို့ နေကြသူများ၊ ကယ်ရီများ ဖြစ်ကြပြီး တောင်ကြီးမြို့ ပေါ်ရှိ
ထန်းရည်ဈေးကွက်ကို ပြောပြသည်။ သာစည်တို့ ၊ မိတ္ထီလာတို့ တွင် ရောင်းချရသည့်  ထန်းရည်ဈေးနှုန်းနှင့်
တောင်ပေါ်တွင် ရောင်းရသည့်  ဈေးနှုန်းက သုံးလေးဆ ကွာနေ၏။

လိုင်စင်ကိစ္စကိုတော့  လူလည်လုပ်ရန် ကျွန်တော် စဉ်းစားထားပြီးပြီ။
လိုင်စင်ဒိုင်ဆီမှာ ထန်းရည်ငါးမြူ ဝယ်လျှင် အပြင်မှ ဆယ်မြူ ဝယ်မည်။ အားလုံးက ထိုအတိုင်း လုပ်နေကြ၏။
ပထမအခေါက်တွင် သန်းမင်းတို့ က မလိုက်ရဲ။ ကျွန်တော် ကုန်ကားများဖြင့် ခိုးတင်သွားသည်။ လူစီးခ ပေးစရာ
မလိုပါ။ ထန်းရည်ကိုတော့  နောက်တစ်နေ့ တွင် ပြုပြင်ပေးဖို့  ထန်းတဲမှ အလင်များ၊ ထန်းလျက်ခဲများ ဆောင်
သွားရ၏။ ဆေးသကြားလည်း ဝယ်သွားရသည်။ တောင်ပေါ် ရာသီဥတုက အေးစိမ့် နေသည်မို့  ထန်းရည်မှာ
စိမ်းလဲ့ ကြည်လင်ပြီး အရသာ ပို၍စူးရှလာ၏။ တောင်ပေါ်သားတို့  ကြိုက်နှစ်သက်သော အရသာ ဖြစ်သည်။
ကုန်ကားကြီးက ဈေးထိအောင် ဝင်ပေးသည်။ ကျွန်တော် ချက်ချင်း မချရဲသေး။ အခြေအနေ ကြည့်ရသေးသည်။
မိသွားလျှင် ရစ်မျိုးပုဒ်မဖြင့် ဖမ်းကြလိမ့် မည်။

ကျွန်တော် လိုင်စင်ဆောင်လာသည်က သာစည်၊ မိတ္ထီလာနယ်များတွင်သာ ဖြန့် ဖြူးရောင်းချခွင့်  ရှိ၏။ တောင်
ပေါ်သို့  သယ်လိုလျှင် သီးသန့် လိုင်စင်ဆောင်ရမည်။ ကျွန်တော်မဆောင်ခဲ့  ။ ကားဂိတ်မှာ လူရှင်းတော့ မှ ဈေး
ထဲသို့  ဂါလံပုံးများ သယ်သွားပြီး ရင်းနှီးသော ရေနံဆီတန်းမှ အမကြီးတို့ ဆိုင်တွင် သွားဝှက်ထားသည်။ ထန်းရည်
ခါးတွေ ပါလာသည် ဆိုတော့  ချက်ချင်းပင် လာဝယ်ကြ၏။ ရေရောချိန်လေးတောင်မှ မရလိုက်။ ထန်းရည်များက
အဖုံးဝမှပင် ဆူထွက်ပြီး အနံ့ က ပြင်းပြင်း လျှံနေပြီ။ ဆယ့်ငါးမိနစ်လောက် ရောင်းတော့  ကုန်သွားပြီ။ မြတ်လိုက်
သည်ဖြစ်ခြင်းဗျာ..။

သန်းမင်းတို့ ပါ ကျွန်တော် ဆွယ်ပြီး ရထားဖြင့် တင်ကြပြန်သည်။
လိုင်စင်ကလည်း အထိုက်အလျောက် ဆောင်ခဲ့ ပြီ။ ပြီးတော့  ထန်းရည်ချိုများကိုပါ ဂါလံပုံးအသေးများဖြင့် ရော
ထည့်ခဲ့ သည်။ လာစစ်လျှင် ထန်းရည်ချိုကို ပြမည်။ မည်သူမှလည်း ရေးကြီးခွင်ကျယ် မစစ်ကြပါ။ ဤသို့ ဖြင့်
ရွှေညောင်သို့  ရောက်ကြသည်။ ရွှေညောင်ဆိုင်များက လာတောင်းဝယ်ကြ၏။ မရောင်းခဲ့ ။ တောင်ပေါ်မှာ ဆို
လျှင် ထန်းရည် တစ်ပုလင်းဈေးက ရွှေညောင်မှ တစ်မြူဈေး ( လေးပုလင်း ဈေး ) ရမည်ကိုး။ သန်းမင်းတို့  ထန်း
ရည်ဒိုင်သို့  သွားသွင်းသည်။ ကျွန်တော်လည်း လိုက်သွား၏။ ကျွန်တော်တို့ ရွာသားများပင် ထန်းရည်ဒိုင် ဖွင့်၍
လိုင်စင်နှင့် ရောင်းနေကြခြင်း ဖြစ်သည်။ ကျွန်တော့်ကို တွေ့ တော့  ဒိုင်က ပြင်းပြင်းထန်ထန် ပေါက်ကွဲ၏။
ကျွန်တော့်ကို တည်းခွင့် မပေးနိုင်ကြောင်း၊ ယခင်အခေါက်က ဈေးထဲတွင် ဒိုင်ကို အသိမပေးပဲ ရောင်းချသွားခြင်း
ကြောင့် မကျေနပ်ကြောင်း၊ ကျွန်တော့်ကို လက်မခံကြောင်း ပြောပါပေ၏။

ကျွန်တော်ကလည်း ဂရုမစိုက်၊ ဈေးနယ်မြေသည် သူတို့ နယ်မြေမဟုတ်။ သူတို့  လိုင်စင်ယူထားသည့် နယ်လည်း
မဟုတ်။ မည်သူမဆို ရောင်းခွင့်ရှိသည်။ ယစ်မျိုးက မဖမ်းလျှင် မည်သူမျှ ဖမ်းခွင့် မရှိ။ သူ ပေးမတည်းတော့ 
လည်း စပ်စံထွန်းရပ်ကွက်ထဲမှ ဦးမောင်သန်းတို့ ထံတွင် သွားတည်းကြသည်။

ကျွန်တော် ဒိုင်မှာ သွားမသွင်းရခြင်းမှာ သူတို့ က ငွေအကြေမချေ။ ပြီးတော့  ဈေးနှိမ်သည်။ ကျွန်တော်တို့ ဆယ်
မြူသွင်းလျှင် နှစ်မြူလောက် ရေရောကြသည်။ ထို့ ကြောင့် ထန်းရည်မှာ သိပ်မပြင်းတော့ ။ သူ့ ဆီမှာ သွင်းပြီး
နှစ်ရက် သုံးရက်စောင့်ပြီးမှ ငွေရ၏။ စားစရိတ် တက်၏။ အချိန်ကုန်၏။ အခုလည်း သန်းမင်းတို့  စောင့်ကျန်ရစ်ပြီး
ကျွန်တော် ပြန်လာခဲ့ သည်။

ကျွန်တော့်ဘဝတွင် ခေါင်းပုံဖြတ်ခြင်း၊ လူညွန့် ခူးစားခြင်းကို ထိုစဉ်ကပင် တေးမှတ် နာကြည်းခဲ့ ရသည်။
ကျွန်တော် တည်းခိုသော အိမ်မှာ ဦးလေး ဦးမောင်သန်းက ကျွန်တော့် ကို ကြည့်၍ အံ့ သြဝမ်းသာနေ၏။ တကယ်တော့  ကျွန်တော်သာလျှင် လူရည်လည်သည် မဟုတ်။ ကျွန်တော့်အဖေနှင့် ကျွန်တော့်အဖိုးတို့ သည်
လည်း ကုန်သည်လောကတွင် ကျင်လည်ခဲ့ သူများ ဖြစ်ကြောင်း သူ သိထားသည်ကိုး။ အမေ့ အဖေ ကျွန်တော့်
အဖိုးက “ လယ်လုပ်တတ်လျှင် တစ်မတ်၊ ဈေးရောင်းတတ်လျှင် တစ်ကျပ် ” ဟု ကြွေးကြော်ကာ ဝက်ကျောက်ရွာ
ကို စွန့် ပြီး ကုန်သည်လောကကို ဝင်ခဲ့ သည်။ အောက်ပြည်အောက်ရွာတွင် ကြီးပွားပြီး ဆောက်လုပ်ရေးကန်
ထရိုက်တာကြီးဖြစ်၊ ဝါးဓနိကုန်သည်ကြီးဖြစ်၊ အညာကုန် ပွဲစားကြီး ဖြစ်ခဲ့ သည်။ အဖေ့ တုန်းကလည်း စက်ပစ္စည်း
ယူနစ်များကို အုန်းသီးထဲ ထည့်ရင်း နာမည်ကျော် မှောင်ခိုသမားကြီး ဖြစ်ခဲ့ သည်။ ထိုလမ်းစဉ်များကို ကျွန်တော်
လိုက်နေခြင်းမို့  ဦးလေးဦးမောင်သန်းက ပြုံး၏။ “ မင်းကတော့ ကွာ မင်းကတော့ ကွာ ” ဟု အားရဝမ်းသာ ပြော
ရင်း ပြုံးနေတတ်သည်။

ကျွန်တော် ထန်းရည်ခါး ကုန်ကူးသည်ကို မိတ္ထီလာမြို့ မှ ကြီးကြီးတို့ က မကြိုက်။ အပြင်းအထန် ကန့် ကွက်သည်။
၉တန်းကျောင်းသားတစ်ယောက် လုပ်ရမည့်ကိစ္စမဟုတ်ဟု ဆိုလေသဖြင့် ဆန်ကုန်သည်ဘက်သို့  လှည့်ရပြန်
သည်။ ရှုံးလိုက်သည်မှာ ရစရာမရှိ။ အကြွေးတွေ တင်ပြီး နောက်ဆုံး ကျွန်တော့်အမေ လာဆပ်တော့ မှ ကျေပါ
တော့ သည်။ သို့ သော် အမေသည် ကျွန်တော့် ကို ကျေနပ်နေ၏။ တောင်ကြီးသို့  စေလွှတ်ပြီး ငါးခြောက်ရောင်း
ရန် အရင်းအနှီး ထုပ်ပေးသည်။ အမေနှင့် ရွာမှ ဘကြီးတို့  အချေအတင် ဖြစ်ရပြန်၏။ ဝါးတန်းမှ ကြီးကြီးတို့ နှင့် 
ဆွေးနွေးရပြန်၏။ သူတို့ က ကျွန်တော့်ကို မယုံ။ ရှုံးရင် ခက်မည်ဟု ဆိုကြ၏။ အမေက မရှုံးဟု မဆို။ ကျွန်တော်
သည် အရှုံးကို ကျကျနန သိလျှင် ကုန်သည်ကောင်း ဖြစ်လာမည်ကို တွေးဆ၍ ငါးခြောက်များနှင့် တောင်ကြီးသို့ 
စေလွှတ်လိုက်တော့ ၏။

ကျွန်တော် မရှုံးခဲ့ ။ မြတ်လည်း မမြတ်ခဲ့။
ကျောင်းတွေ ပြန်ဖွင့်သဖြင့် တစ်ခေါက်တည်းနှင့်ပင် ငါးခြောက်သည်ဘဝ တန့် တော့ ၏။
နောက်တစ်နွေမှာတော့  တောင်ပေါ်မြေကို အနိုင်ယူရန် ကျွန်တော်သန္နဋ္ဌာန် ချထားပြီးပြီ။ တောင်ပေါ်က ဈေး
ပတ်ကားများနှင့် ကျွန်တော် အကျွမ်းဝင်ခဲ့ ပြီးပြီ။ တောင်ကြီးမှ ပစ္စည်းများ တင်သွင်းပြီး ဟိုပုံး-နမ့် စန်-ဆိုက်ခေါင်
ဆီဆိုင်-ဘမ်းယင်မြို့ များသို့  ပတ်သည့်  ဈေးပတ်ကားများနှင့် ကျွန်တော် အဆက်အသွယ် ရခဲ့ ပြီးပြီ။ ရှမ်းမ
ချောချောလေးများ၏ ဧည့်မျှော်ပြုံးလေးများကို မထိတထိ လေ့လာပြီးပြီ။ ခေါင်ရည်လည်း ကြိုက်ခဲ့ မိပြီကိုး ။

ဤဖြတ်သန်းမှုများဖြင့်ပင် ကျွန်တော်သည် လောကလူမှု အတတ်ပညာမျိုးစုံကို အတန်အသင့်  တီးခေါက်မိခဲ့ ပြီး
သူ ဖြစ်ပါ၏။ ဖိုင့် ဝပ်ကျင်းလေးသည် ကျွန်တော့် အတွက် ခိုလှုံစရာဟု မထင်။ ယနေ့ ပင်လျှင် ကျွန်တော်သည်
အနှစ်နှစ်ဆယ် စိန်ခေါ်မှု ခရီးစဉ်ကြီးကို တွေ့ နေရပြီ။ ကျွန်တော် တန့် ၍ မနေလို။ တွေဝေ၍ မနေလို။ ကျွန်တော့် 
မှာ ဘာမှ သေချာ ရေရာမှု မရှိသော်ငြား စိတ်ဓာတ်က ထင်းင်းကြီးရှိနေ၏။ ပို၍ပို၍ပင် ထင်းထင်းကြီး ဖြစ်လာ၏။
အနှစ်နှစ်ဆယ်အတွင်း ကျွန်တော် မြင့်မြတ်ရမည်၊ ထက်မြက်ရမည်၊ လူအများ ကောင်းကျိုးကို ရှေးရှု့  ဆောင်
ရွက်နိုင်သူ ဖြစ်ရမည်ဟု ပို၍ အားမာန် ပြည့်ဝလာခဲ့ သည်။

ကျွန်တော် စွန့် ခွာသွားသော ရင်ခွင်တို့ သည် မနဲလှ။ ဖိုင်သည် ထိုရင်ခွင်များထဲတွင် နှောင်ကြိုးနှင့် စွန့် ခွာခဲ့ 
သည့်  ကျွန်တော့်သိုက်မြုံလေး ဖြစ်၏။ ဖိုင့်ကိုမူ သီးသန့်  ဖြစ်သည်။ သံသယာနှင့် နွယ်ယှက်ထားသည်။ ဘဝ၏
နှောင်းပိုင်းကာလများဖြင့် တည်ဆောက်ထားသည်။ ဤသည်ကား ကျွန်တော့် ၏ သစ္စာတည်း။ မည်သူမျှ လာ
ဟန့် တား၍ မရသော ကျွန်တော့် ခံယူချက်လည်း ဖြစ်သည်။ ဖိုင် အိမ်ထောင်ပြုလိုသလား၊ ပြုပါ။ ကျွန်တော်
တားနိုင်မည်မဟုတ်။ သူ့ ဝပ်ကျင်း ခိုင်ခန့် ရေးအတွက် ဖိုင် စိတ်ကြိုက် အရောင်ခြယ်နိုင်သည်။ ကျွန်တော့်အထင်
တော့  ဖိုင်သည် အိမ်ထောင်သည် ဘယ်တော့ မှ ဖြစ်မည် မဟုတ်။ စူဒါနမ် ရှိနေသည်က တစ်ကြောင်း၊ သူကိုယ်
တိုင်လည်း ဇနီးသည်တစ်ယောက်လို မကျင့်ကြံချင်၍ တစ်ကြောင်း၊ သူ့ မိသားစုအတွက် အရေးကြီးဆုံး သမီးကြီး
ဖြစ်နေသည်က တစ်ကြောင်း တို့ ကြောင့်  အိမ်ထောင်ပြုလိမ့် မည် မထင်။

ပြီးတော့  ဖိုင့်မှာ ကျွန်တော့်ကို ရင်နှင့် အမျှ ချစ်လိုက်ရ၍ စွဲမက်စရာ ခန်းနေလောက်ပြီ။ သာမန်အတ္တမျှ ရှိသော
ပုရိသသည်ပင် ထိုကိစ္စကို ခွင့်လွှတ်မည် မထင်။ သူ့ နှလုံးသားထဲတွင် ခိုဝင်နေသည့်  ကျွန်တော့်ကို ဖိုင် ဘယ်သို့ 
နှင်ထုတ်မည်နည်း။ ဤအချက်မှာ ဖိုင့်အတွက် ခက်လှ၏။ ကျွန်တော့်နှလုံးသားမှာ ဖိုင် ရှိနေ၍ ကျွန်တော် ခက်နေ
သလိုပင် ဖြစ်ပါ၏။

ဖိုင် ကျွန်တော့် နှလုံးသားတွင် ရှိနေ၏။
ထို့ အပြင် သံသယာမှာပင် ရှိနေ၏။ သံသယာ အဆက်ဆက်မှာပင် ရှိနေစေချင်ပါ၏။


( ဆက်ရန် )

..........................................................................................................................

ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။





4 comments:

လရိပ်အိမ် said...

ကလေးအတွက်ဝမ်းနည်းသလိုလို ၊ ခံစားရတယ်။

SHWE ZIN U said...

အင်း အဖြူလေး ရေ အားပေးနေတယ်နော်

ချော(အစိမ်းရောင်လွင်ပြင်) said...

လူသားသဘာဝ ပီပြင်လှတဲ့ ဝတ္ထုပါဘဲ
လူတွေဲ့ အတ္တကိုလည်းတွေ့ရတယ်

sosegado said...

စုံပါပေ့ ကိုထွေးရယ်။