Sunday, November 22, 2009

ကျွန်တော် ရေနံ အလုပ်သမား ဘဝ ( ၃ )

တူနှစ်ကိုယ် ချစ်ခရီး
....................................

အိမ်နောက်ဖက် လယ်တီ ကျောင်းဆီမှ တုန်းခေါက်သံ စ ကြားရပါပြီ။ အိမ် အောက်ဖက် ထုပ်တန်းပေါ် တက်
နှပ်နေသော ကြက်မကြီးကလဲ အတောင် တဖြတ်ဖြတ် ရိုက်၍ အလန့် တကြား ထ တွန် ပြန်ပါသည်။ သွပ်မိုးပေါ်
တဖျောက်ဖျောက် ကျနေသော မိုးစက် သံလေး များက ထပ်ပြီး ကွေးချင်သွားအောင်ကိုပဲ စီး ချက်လေးများ
သဖွယ် ဖြစ်လာ၍ တစ်ဖက်လှည့်  ပြီး မဟေသီ့  ကို စမ်း မိတော့  သူ မရှိတော့ ပါလေ။

ဘုန်းကြီးကျောင်းမှ တုံးခေါက်နေသံက ကျဲ နေရာမှ တဖြည်းဖြည်း စိပ်လာပါသည်။
အောက်ဖက်မီးဖိုဆောင် ဆီမှ ရေစို ထင်းစတို့  မီးကျွန်းလောင်နေသည့်  မီးခိုးအူသည့်  အနံ့က အိမ်အမိုး မျက်နှာ
တို့ ကို ဖြူ လွလွ အခိုးများအဖြစ် အလိပ်လိုက် ဦးတိုက်၍ တစ်အိမ်လုံး ပြန့် နှံ့ မွှန်ထူ လာနေသောကြောင့် 
ကျွန်တော်လည်း ဆက်မနှပ်နိုင်တော့ ပဲ အိမ်အောက်ကို ဆင်းလာခဲ့ မိတော့ သည်။

"ဟော.. ကိုယ်တော်လေး နိုးတော် မူပါပေါ့ လား.. လို့ ၊ မနက် ကားဆင်းဖို့ ရှိတယ်၊ မိုးမချုပ်ပါစေနဲ့ လို့  အတန်
တန်မှာလိုက်ရဲ့ နဲ့  ရောက်ဖ တွေနဲ့  အလေလိုက်နေတာလေ..၊အခု မထနိုင်တော့ ဘူးမှုတ်လား..." မဟေသီက
မီးဖိုချောင်ထဲမှ မီးပြောင်းကို ကုန်းမှုတ်နေရင်းက အဖွားကြီးအိုလေးလိုပဲ တတွတ်တွတ် မြည်တွန် တောက်တီး
ပါတော့ သည်။

ကျွန်တော်လည်း သူ့ ဆီပဲ အရင်သွား၍ သူ့ ကိုပဲ အနမ်း တစ်ပွင့် နှင့်  အရင် နှုတ်ဆက်ရန် နောက်မှ သူ့ ခါးလေး
ကို သိုင်းအဖက်၊ မီးပြောင်းနှင့် " ဂေါက်" ကနဲပဲ ကျွန်တော့်  လက်ဖျံ ကို ခပ်ဖွဖွ ရိုက်ထုပ်ပါတော့ သည်။
သွား.. စမ်းပါ.. ငညစ်ပတ်ကြီး...၊ အိမ်ရှေ့ မှာ မျက်နှာသစ်ဖို့ .. သူများ အဆင်သင့် လုပ်ထားတယ်၊ရေချိုးရင်
တော့ .. ခပ်သွက်သွက်လုပ်နော်.. ကို..၊ မိုးအေးတယ်သိလား... ဒါမှမဟုတ်..အခုတည်တဲ့ ရေနွေးကိုပဲ .. ခဏ
စောင့် မလား..... ဟု အမေ တစ်ယောက်လိုပဲ စီမံ နေပါတော့ သည်။

အိမ်ရှေ့ ရေကပြင် ထွက်လိုက်တော့  ညကရွာထားသော မိုးတို့ ကြောင့်  ရေသလျောက်မှ ရေစက်တို့ က ဖွင့် 
ထားသော စဉ့် အိုးထဲ တစ်ပေါက်ပေါက်ကျကောင်းနေတုံး။ တံဆက်မြိတ်အောက် ကွေး နေအောင် နှပ်နေသော
ကျောနက်ကြီးက ထလာပြီး သူ့ တစ်ကိုယ်လုံး ဘယ်ညာ လှုပ်ရန်း၍ တစ်ဖပ်ဖပ်နေအောင်ခါလိုက်ပြီး ကျွန်တော့် 
ကို တအီ..အီ.. နှင့်  နှုတ်ဆက်ပါတော့ သည်။ မိန်းမကို ဈေးဦးပေါက် မနမ်းခဲ့ ရပေမဲ့  သူ့ ကိုတော့  မိန်းမထက်
ဦးအောင်ကိုပဲ ခပ်ဖွဖွ လေးနမ်းလိုက်မိပါသည်။ ကျွန်တော်တို့  ရည်းစား ဘဝက ပန်းကမ္ဘာ စက်ဘီးလေးနှင့် 
ကောလိပ်ဖက် ထွက်နင်းတိုင်း လျှာလေး တလစ်လစ်နှင့်  မမောနိုင်၊မပန်းနိုင်အောင်ကို တကောက်ကောက်
လျှောက်လိုက်တတ်သည့်  ဟင်္သာတ မှာ မဟေသီ့ အပြင် နောက်ထပ် တွယ်တာ ရသည့်  ခွေးကလေးပါပေ။
အင်း... အခုတော့ .. မင်းတစ်ယောက်ထဲ၊သုံးလ လောက် ကျန်ခဲ့ တော့ မှာ ဟု၊ ရင်ထဲ မကောင်းစွာပဲ တွေးလိုက်
မိပြန်ပါသည်။ ကြီးဒေါ်ကြီးနှင့်  သိပ်မတည့် ပေမဲ့  သူ့ ကိုတော့  ဂရုစိုက်မှာပါလေ..ဟု စဉ်းစားနေတုံးပဲ
" ကလင်လင်......" ဟု ဘဲလ် သံ ပေး၍ ကိုထွေး တို့ ဆိက္ကား နှစ်ဆီး ခြံ ထဲ ထိုးဝင်လာတော့ သည်။

........................................................................................................................................................

ကျွန်တော်တို့ စီးရသည့် ကားက ဟီနိုး ရိန်းဂျားကားကို ပါကင် အင်ဂျင်တွေလဲ၊ လေးထုပ်တွေ အထပ်ထပ်ပိုး
ထားသည့်  အလွန်မြင့် သည့်  ခရီးသည်တင် ကုန်ကားကြီးပါ။ ထိုင်ခုံ အောက်မှာခြေထောက်တို့ ချလို့ မရအောင်
ဆန်အိပ်၊ပဲအိပ် ..စသည့်  ဝန်ထည်မျိုးစုံ တို့ ကို ကြမ်းခင်း အပြည့်  သိပ်ထည့် ထားပြီး၊ အမိုး ပေါ်တွင်လည်း
ဓါတ်တိုင်တို့  ဖြတ်ဆွဲထားသည့်  ဓါတ်ကြိုးတို့ တောင် မလွတ်ချင်အောင်ကို တောင်ကြီး ကို ထမ်းတင်လာသလို
ဝန်စည်စလယ်တို့ ကို အထပ်ထပ် တင်လာသည့်  ကြံတိုင်းအောင် ဆိုသည့်  ကားကြီးပါ။ ခြေနင်းမှာလဲ လူတွေ
အပြည့် ။ သူတို့ ကြည့် တော့ လဲ စပယ်ယာတွေ၊ကားသမားတွေ နှင့်  တဝါးဝါး၊တဟားဟား အဖွဲ့ ကျလို့ နေသည်။

ကျွန်တော်တို့ လဲ အဖွဲ့ ကျနေပါသည်လို့ ။ မဟေသီနှင့် ပါ။
သေတ္တာကြီးနှစ်လုံးကို သူများမနင်းစေပဲ ကိုယ့် ခုံအောက်ကိုယ်ထားပြီး ကားတစ်စီးထဲပေမဲ့  လွတ်မထွက်သွား
အောင် တစ်ယောက်လက်တစ်ယောက် ခပ်ဖွဖွပဲ ကိုင်လာခဲ့ မိကြပါသည်လို့ ။ ပျော် နေတာကို ပြောချင်တာပါ။
တစ်လမ်းလုံးပဲ မဟေသီက.. အကို ရေသောက်မလား၊လ္ဘက်စားအုံးမလား စသည်ဖြင့်  တတွတ်တွတ် ကြွေးလာ
ပေမဲ့ .. စားဘူး၊စားဘူး..ပေါ့ လေ..။ ရင်ပြည့် နေတာ၊ရင်ခံနေတာလေ...။
အရင့်  အရင် အခေါက်တွေတုံးကတော့  သည်လမ်း၊သည်ခရီးတွေကို တစ်ယောက်ထဲပဲ အထီးကျန်စွာ ဟိုငေး
ဒီငေး၊ ကုန်ခဲလှစွာသော အချိန်တို့ ဖြင့်  ရောက်ခဲ လှစွာသော ခရီး အထပ်ထပ်တို့ ကို ပျင်းပျင်းရိရိ၊ချောက်
ချောက်ကပ်ကပ်ဖြင့်  သွားခဲ့ ရသလောက် ယ္ခု တစ်ခေါက်တွင်တော့  နွား ရေကူးသည့်  မျက်နှာနှင့် ကျွန်တော်
ဖြစ်နေပါတော့ သည်။

ကား စ ထွက်တော့  မနက် ငါးနာရီ ထိုးပြီ။
ကားဆရာ ကိုကြိုင် က မနိုးသေးတဲ့ သူတို့  နိုးအောင်၊ နိုးပြီးတဲ့ သူတွေ ပိုပြီးနိုးကြား သွားအောင် သူ့ ကား အဲယား
ဟွန်းကြီး "တစ် ပွမ်ပွမ် " ဖြင့်  တစ်လမ်းလုံး တီးလာပေမဲ့  မြို့ ခံ ဓါတ်သိခြင်းမို့  ထွက်မဆဲကြပေမဲ့  သည်းမခံနိုင်
သည့်  ခွေး တို့ ကတော့  ခေါင်းထိုးပြီး "တဝုန်း ဝုန်း " ထိုးဟောင် ကုန်ကြပါတော့ သည်။

အလင်းတို့  ပွင့်  စပြုပြီ။ လယ်တီ ကွင်း အထွက်ရောက်တော့  ဆွမ်းခံ ကြွ လာနေ သော သံဃာတန်းကြီး နှင့် 
ကြုံတော့  ကိုကြိုင် က သူ့ ကား ကို အရှိန်ရှော့  ရပ်လိုက်ပြီး သံဃာတို့ ကို ဦးတိုက်နေတော့ သည်။

မြူ မှုံထု ကို ထိုးဖောက် ထွက်လာသော နေလုံး နီနီ ကြီး က လယ်ကွင်းထဲမှာ မေးတင် ထွက်ပေါ်လာနေတုံး
နီညိုရောင် သံဃာတန်း အရှည်ကြီးကို အရင်ဆုံးပဲ ဖူးတွေ့ လိုက်ရ၍ ကျွန်တော် တို့ လဲ ကြည်ညိုစိတ်၊ကြည်နူး
စိတ် တို့ ဖြင့်  ကားပေါ်မှပဲ လက်အုပ်ချီ ရှိခိုး ဖြစ်လိုက်တော့ သည်။

ကျွန်တော်တို့  ဟင်္သာတမှ ပြည်ကို တက်မည့် လမ်းက ပဲခူးရိုးမ အနောက်ဖက် ခြမ်း၊ ဖောက်လုပ်ဆဲ ပုသိန်၊ မုံရွာ
လမ်းမကြီး မှ ဖြစ်ပါသည်။ တောင်ဆင်း၊တောင်တက် တောင်ကျ ချောင်းတို့  အလွန်ပေါများလွန်းသည့်  ကျောက်
ချော လမ်းမကြီး ဖြစ်ပါသည်။ နွေ ခေါင်ခေါင် ဆိုလျင် ဖုံ အလိမ်းလိမ်း ထ တတ်သလောက် မျက်နှာချင်းဆိုင် မှ
လာသော ကားတို့ တောင် ကောင်းစွာ မမြင်ရတတ်ပေ။ ယ္ခု မိုးတွင်းကာလ၊ ည က မိုးတို့ ရွာ ထား၍ မြေသားတို့ 
သိပ်နေပြီး ဖုံတို့ ကွယ်ပျောက်နေပါသည်။

မြို့ ထွက်လမ်းတလျှောက်၊ လမ်းကကျဉ်း၊ နွားလှည်း၊ဆိုက္ကား၊ ကားပေါင်းစုံ နှင့်  ကြက်၊ဝက်၊ခွေး တို့ ကြောင့် 
တစ်လမ်းလုံး အရှိန်ကောင်းကောင်းဖြင့် မမောင်းခဲ့ ရသလောက် အဝေးပြေး လမ်းမကြီး ကို စ တက်ပြီ ဆိုသည်
နှင့်  အင်ဂျင်သံ တဗျင်းဗျင်းနှင့်  မီခိုး မဲအောင် နင်း မောင်းပါတော့ သည်။

ဒီတစ်ခေါက် တရိပ်ရိပ် ကျန်ခဲ့ သော တောတောင် ရှုခင်းတို့ ကို ကြည့် ရသည်မှာ ပို၍ အသက်ဝင်သလို ဖြစ်နေ
ပါတော့ သည်။ ဘာကြောင့် ဆို အပြင် ငေးကြည့် မိတိုင်း မဟေသီ့  မျက်နှာလေးကို နောက်ခံထား၍ တောအလှ
ရှုခင်းတို့ ကို ကြည့် နေရလို့ ပါ။ တစ်ယောက်နှင့် တစ်ယောက်တော့  တစ်လမ်းလုံး ဆုပ်ကိုင် လာခဲ့ မိသော လက်
တို့  မလွှတ်ခဲ့ မိတော့ ။ သတိရလို့  ကြည့် မိတိုင်း နှစ်ယောက်သား ပြုံးရယ် နေမိကြပါသည်။

" ပေါက်တော ရောက်ပြီနော..... "ဟု စပယ်ယာ အော်လိုက် သံကြောင့်  ခရီးသည် တွေ တိုးတိုး၊ခွေ့ ခွေ့  ဖြင့် 
နောက် ပေါက်ဖက် ကျော်ထွက် ကုန်ကြတော့ သည်။ မဟေ သီ ကတော့  မိန်းခလေးအုပ်နှင့်  ပါသွားပေမဲ့ 
ကျွန်တော်ကတော့  ပြသနာ တက်တော့ သည်။
ဖြစ်ပုံက... သူများတွေလို၊ အမျိုးသမီး များလို တောစပ်၊ခြုံစပ် တွင် ပုဆိုးလေး ကို သပ်သပ်ရပ်ရပ် ကပ်တင်ပြီး
သေသေသပ်သပ် ဆောင့် ကြောင့် ထိုင်မသွားတတ်တော့ အားကိုးတကြီးနှင့် သွားချင်သည့် ဆီး ကိုစိတ်ရှည်ရှည်
လေး ထားပြီး အပင်ကြီးကို ရှာရင်းနှင့်  ကားနှင့်  ခပ်ဝေးဝေး အထိ ရောက်သွား တော့ သည်။
စိတ်တိုင်းကျသည့်  ကုက္ကိုလ် ပင်ကြီး တစ်ပင် ကို တွေ့ တော့  အားတက်သွားမိပြီး ရုက္ခစိုးကို ခွင့် တောင်း ပြီး ဆီး သွားတော့ မည်ဟု စိတ်ကူးလေးနှင့်  စိတ်လျှော့ လိုက်ရုံ ရှိသေး " ပွမ်... " ကနဲ ကိုကြိုင် က ဟွန်း တီးလိုက်ပါ
တော့ သည်။ လိုနေသေးသောတစ်ယောက်ဖြစ်သည့်  ကျွန်တော့် ကို ပါ။ သူတို့  ထွက်တော့ မည် လေ။
ရော... ခက်ပြီ။
အမြန် ပဲ သူတို့  ကားကိုကွယ်ရန် အပင်တဖက်ကို ကပ်ပြီး အသာလေး လှည့် ၍ ပုဆိုးကို မ ပြီး ကိစ္စ ကို ရှင်းလိုက်
တော့ မည်ဟု ပြင်လိုက်ခါမှပဲ လမ်းတစ်ဖက်က ဆင်းလာသည့် ကားနှင့်  ပက်ပင်းကြီး တိုးပါတော့ သည်။
ကျွန်တော့်  အဖြစ်က မဟေသီ လဲ မကယ်နိုင်တော့ ၊ အင်း.. ဖြစ်သမျှ အကြောင်းပေါ့ လေ.. ဟု၊ စိတ်ကို လျှော့ 
လိုက်ရပါတော့ သည်။

ကားပြန်ထွက်တော့  မဟေသီက ကျွန်တော့် အဖြစ် ကိုကြည့် ပြီး အထော မသတ်နိုင်အောင် ရယ်နေပါတော့ 
သည်။ " ကိုယ်.. တောထဲ မှာ ဘယ်လို သွားလဲ..ဟင်.." သူ ရယ်ရင်းက ကျွန်တော့် ကို မေးလာတော့  "ဟေ့ ...
အိုင်..ကတော့  တစ်တောလုံးမှာရှိတဲ့  ရုက္ခစိုးကြီးတွေနဲ့  ဘော်ဘော် တွေဖြစ်နေပြီ၊ အိုင်..ချီတက်လာပြီဆိုရင်
သူ တို့ မျက်နှာလွှဲနေပြီလေ.. ဟဲ..ဟဲ.." လို့  ပြန်ဖြေလို့ အဆုံးပဲ သူ့  ဗိုက်ကြော လိမ်အုံးမည့်  ပြုတ်တူ လက်
ကလေး ထိုးဝင်လာတာကို လှစ် ကနဲ သိလိုက်၍ ဖမ်း ဆုပ်ရင်း ဘရိတ်အုပ်လိုက်ရပါသည်။

"ယုံပါတယ်နော်.. အကို.. အမေ ခေါ်လို့  ခိုင့် တို့ ဆီ စ လာတဲ့ နေ့ က အိမ်သာတက်ချင်တာကို အိမ်မှာ မတက်ပဲ
ပန်းပဲတန်း ကနေ ဟိုး.. တာကလေး အထိ အရောက်ပြန်ပြီး တက်တာလေ၊ ထွက် မကျတာကံကောင်း.."
"ဟေ့ ..ဒါ ကတော့ .. ဒို့  ဖင် က မြင့် မြတ်တာကိုး.." ဟု သူ့ ကို ပြန်ပြောမိသည့် အခါတွင်တော့  သူ့ ရဲ့  ပြုတ်တူ
လက် ကလေးကို ကျွန်တော် မလွတ်နိုင်တော့ ပါ။ ပူ လိုက်တာဗျာ၊ သူ့  ရဲ့  လိမ် ချက်က၊ ဆီး သာမသွားခဲ့ ရရင်
ကားပေါ် တွင်ပဲ ထွက်ကျ သွားနိုင်ပါသည် လို့ ..။

အုပ်ရှစ်ပင် လမ်းဆုံ ရောက်တော့  ကားခဏ နားပါသည်။ ပူ လာသော အင်ဂျင်ကို အအေးခံ ရန်နှင့်  လမ်းစုံမှ
လူ ထပ်ခေါ် နိုင်ရန်ပါ။ ကျွန်တော် တို့ လဲ အညောင်း အညာဆန့် နိုင်ရန် ကားအောက် ဆင်း ရတော့ သည်။
ကားနောက် ခြေနင်း က သိပ်မြင့် လွန်းတော့  မဟေသီ့ ကို ဂျိုင်းအောက်မှ ခလေး တစ်ယောက်လို ဖေးမ၍
အောက်ကို ကူချ ပေးရပါသည်။ နွား ရေကူးသည့်  မျက်နှာ နှင့် ပေါ့ လေ..။

အုပ်ရှစ်ပင် လမ်းဆုံက မြန်အောင်၊ ကြံခင်း၊ ရခိုင် ရိုးမ တို့ ကို အသီးသီး ခွဲ ထွက် သွားသည့်  လမ်းဆုံဖြစ်ပါသည်။
အဲဒီက ထမင်းဆိုင်တို့ တွင် တောတွင်းသား၊ တောကောင် အစုံ ရ တတ်ပါသည်။ လမ်းဖောက် အဖွဲ့ မှ လမ်း
ဖောက်လုပ်သားတို့  အခြေချ၊ ဖွင့် လှစ် ထားသော ဆိုင်ဖြစ်ပါသည်။
တစ်ယောက်ထဲ သွားလာခဲ့ စဉ်က ပါးစပ် သရမ်း၍ အစုံစား၊ အစုံ သောက်ခဲ့  မိသော်လည်း အခုတော့  မဟေသီ့ 
ကြောင့်  အစုံ မသရမ်းဖြစ်တော့ ပဲ သူ အပင်ပန်းခံ ချက်ခဲ့ သော ထမင်းဂျိုင့် ကြီးပဲ ဖွင့် ဖြစ်ပါတော့ သည်။
ငါးခူကြော်နှပ်ဗျာ၊ သရက်သီးသုပ်ဗျာ၊ နောက် ပုဇွန်ချောက် နိုင်းခြင်းနဲ့  လ္ဘက် သုပ်ဗျာ။
ဘာ..တောတွင်းစာ..လဲ၊ လိုပါဘူးနော်လို့ ...။
အချစ်နှင့်  ခရီးသွားနေတာလေ..။ ရေ လေး သောက်တာတောင် ချိုနေတာလေ..၊ကျွန်တော့်  ပါးစပ်ကြီးက..ပါ။

ဆင်တဲ ဇက်ဆိပ် ရောက်တော့  နေ့ လည် ဆယ့် နှစ်နာရီ ထိုးပြီ။
ဇက်က တစ်နာရီခွဲမှ ရောက် မည်ဆိုသောကြောင့်  ကားတွေ အားလုံး သူ့ စုရပ်နှင့် သူ ထိုးဆိုက် အနားယူကုန်
ကြတော့ သည်။

...............................................................................................................................................................

( ဆက်ရန် )

8 comments:

သုဒြေ္န said...

အားပေးမယ်တစ်ရပြီထင်တယ်

သုဒြေ္န said...

အချစ်ရှိရင် အ၇ာ၇ာပြည့် စုံသလို အချစ်၇ှိရင် အရာရာချိုမြိန်နေတာပါ တကယ်တော့ အချစ်ဘဲလိုတာနော် သြော်ခုတော့ အချစ်နဲ့ ဝေးနေတဲ့  မင်းတို့ ငါတို့ ဘ၀တွေပါလား သုဒြေ္န

kiki said...

တောထိုင် ထိုင်လိုက်ဖူးလား ...ခုနေသာဆို အခက်ပဲ ၊ ရုက္ခစိုးတွေတောက် ဘုံပျောက်ကုန်ကြပြီဗျိုး ၊
မဟေသီများ နမ်းရမလား အောင်းမေ့ပါတယ် ။ဘယ့်နှယ် တအီအီနဲ့ ကျောနက်ကြီး ကိုနမ်းရတာတုန်း ။ ခက်တယ် ။

ခုနေမှာရော ရိန်းဂျားကားကြီးတိုးခွေ့ စီးနိုင်ပါအုံးမလား ကိုကြီးကျော်ရေ ...
ကဲ ..ရွာစားရေ..
ဆက်လိုက်ကြအုံးစို့  တူနှစ်ကိုယ် ခရီးလေး ..
(ခုတလော အိပ်မက် လှလှတွေ မက်နေပုံရတယ် နော် ..း))

မြစ်ကျိုးအင်း said...

ဟန်းနီးမွန်း ခရီးလို့တောင် ထင်မိသေး နောက်မှ ခေါင်းစဉ်ပြန်ကြည့်မှ လုပ်ငန်းခွင်သွားမှန်း သတိရ တော့တာ။ အရေးကောင်းတဲ့ အကြောင်းပြောချင်တာပါ
ဆက်ဆွဲထား ကိုယ့်လူရေ

ကြည်နူးခန်းတွေ အရမ်းများရင် မိန်းမယူချင်စိတ် ဖြစ်မိ တော့မယ် ဟဲဟဲ

မြစ်ကျိုးအင်း said...

ဘာပဲဖြစ်ဖြစ် ဒါမျိုးလေးတွေ ရေးတော့ မဟေသီ ဖတ်ပြီး ကြည်နူးရမှာသေချာတယ်း)

thawzin said...

မိန်းမယူချင်စိတ်တောင် ပေါက်လာပြီးဗျာ...။
ဒါပေမယ့် ခင်္ရီးသွား၇င်တော့ အဲလိုကားစီးဘူး။ ကိုယ်ပိုင်ကားနဲ့သွားမှာ။ ဒါမှ စိတ်ချလက်ချ စိတ်အေးလက်အေး အားရပါးရ၊ သွားလို့ရမှာ။ ဆက်ရေးဗျို့၊ မြ၀တီဇတ်လမ်းထက်တော့မတိုစေနဲ့။

Unknown said...

ကိုးရီးယားကားတွဲတွေလိုပဲထင်တယ်။ဆက်ရန်ဆိုတာ မျှော်နေပါမယ်ဗျာ။

နှင်းနဲ့မာယာ said...

ခရီးသွား ဇာတ်လမ်းလေးက
အရှိန်ရနေပြီနော်...
အဲဒီဘက်ကို တစ်ခါမှမရောက်ဖူးသေဘူး...
အခုမှပဲ ဘလော့ထဲကနေ လိုက်ငေးနေရတယ်...

နှင်း