Friday, May 20, 2011

၉၇ မှာ ပျော်ခဲ့ သမျှ ...။

ကျွန်တော် မိသားစုကိစ္စကို ငဲ့ ကွက်၍ စင်္ကာပူသို့  ပြန်လာခဲ့ မိသည်။
ကျွန်တော်ရောက်သည့်  အချိန်မှာပင် အစ်မနှင့်  အစ်ကိုတို့  အမွေကိစ္စ ကမောက်ကမ ဖြစ်ကြသည်။ ဘယ်သူက
အနစ်နာခံကြောင်း၊ ဘယ်သူက ကိုယ်ကျိုးရှာကြောင်း၊ ဘယ်သူက ဘယ်လိုလုပ်ခဲ့ ကြောင်း စကားတွေ များကြ၏။
ကျွန်တော့် တစ်သက်တွင် အထိန့် လန့် ဆုံး ခံစားချက် ဖြစ်သည်။ ကျွန်တော် အရင်ကတည်းက အစ်မဖြစ်သူ
စင်္ကာပူ ထွက်လာခြင်းကို သဘောမကျ။ မိန်းမများ ငွေရှာနိုင်လျှင် အလွန်ထိန်းရခက်ကြောင်း အစ်ကို့ ကိုရော၊
အမေ့ ကိုပါ ပြောဖူးသည်။

ယခု အမွေကိစ္စတွေ စကားအချေတင်ဖြစ်ကြပြီ။ ဤသည်ကား ပမာဏ တိုက်ပွဲမျှသာ ဖြစ်သေး၏။ ထိုအဆိုင်အခဲ
သည် ထိုမျှနှင့်  မပြီး။ အမက သူ့ ဖာသာသူ ခွဲထွက်ပြီး အိမ်ရှာသည်။ အလုပ်ရှာသည်။ ရသမျှ ကျစ်နေအောင်
စု သည်။ အစ်ကို့ လုပ်ငန်းများကိုမူ သူ သဘောမကျ။ ကျွန်တော်လည်း အစ်ကို့ လုပ်ငန်းများကို သဘောမကျ။

အစ်ကိုသည် လွန်စွာပင် ဥာဏ်နီဥာဏ်နက်များပြီး ကောက်ကျစ်ရဲသူဖြစ်သည်။ သူ့ အတွက်ဆိုလျှင် ဘာကိုမှ မညှာချင်။ အဆင်ပြေနေစဉ်၊ ငွေဖောဖော ဝင်နေစဉ် လွန်စွာ သဘောသကာယ ကောင်းသလို၊ သူ အခက်အခဲ
တွေ့ လျှင် မြင်သမျှ မဲတော့ သည်။ ဤစရိုက်ကို ကျွန်တော် မကြိုက်။

ကျွန်တော်ရောက်လာပြီး နောက်ပိုင်းတွင် အစ်ကိုရော၊ အစ်မပါ ဝင်ငွေ စံချိန်တင်ခဲ့ ကြပါသည်။ အမေကတော့ 
ပျော်မဆုံး၊ မော်မဆုံး ဖြစ်၍ နေလေပြီ။ သူတို့  ဝင်ငွေ တိုးလေ၊ အတွင်းစိတ်များ ပို၍ မာကျော ခက်ထန်လေ
ဖြစ်လာသည်ကို ကျွန်တော် မြင်နေရပါသည်။ တစ်ဦးနှင့် တစ်ဦးလည်း မျက်နှာချင်းလည်း မဆိုင်ကြတော့ ။
ဘယ်သူ မှားသလဲဆိုလျှင် နှစ်ဦးစလုံး မှားနေကြပါ၏။ ငွေကလွဲ၍ ဘာမှမရှိသော ကြွယ်ဝမှုနောက်သို့ ကောက်
ကောက်ပါအောင် လိုက်နေကြသူများမှာ ကျွန်တော့် ကိုလည်း တိုက်ခိုက်လာပါသေးသည်။ သူတို့  တိုက်ခိုက်မှု
ကို ကျွန်တော်မမှု။ တစ်နေ့ နေ့  တစ်ချိန်ချိန် ငွေအာသာကြောင့်  ဖြစ်ရမည့် စိတ်ဒုက္ခများကို ကျွန်တော် စဉ်းစား
ထားမိပြီး ဖြစ်သည်။ အစ်ကိုနှင့်  အမေတို့ လည်း ကတိမတည်ကြတော့ ပြီ။ ကားတွေဝယ်၊ အိမ်ခန်းတွေဝယ်၊ မြေ
တွေ ဝယ်ရင်း လောဘက လိုသည်ချည်းသာ ပြပြနေ၏။ ကျွန်တော်လည်း ဂျပန်စားသောက်ဆိုင်တွင် အလုပ်ဝင်
ခဲ့ ရတော့ ၏။

ထိုဂျပန်ဆိုင်တွင် အချိန်ပိုင်း အလုပ်ဝင်နေသူများက အစ်ကိုနှင့် မင်းမင်းဟန်တို့ ပင်။ သူတို့ က စားပွဲထိုး လုပ်
သည်။ မီးဖိုချောင်မှာ လူလိုနေသဖြင့်  ကျွန်တော့် ကို ခေါ်သွားရင်း အလုပ်ရခဲ့ သည်။

ဂျပန်အစားအစာများက ကျွန်တော်နှင့် စိမ်းလွန်းနေ၏။ ကျွန်တော် ကျွမ်းကျင်နေသော အနောက်တိုင်းအစား
အစာမျိုး တစ်ခုမှ မပါ။ ကျွန်တော် စိတ်အဆင်းရဲရဆုံးအလုပ်မှာ ရှေ့ မှန်ဘောင်ထဲမှ ပုဇွန်ထုပ်များကို အရှင်
လတ်လတ် သွားခပ်၍ ရေပုံးထဲ သွန်ထည့်ကာ ဇီဝိန်ခြွေရသည့်  အလုပ် ဖြစ်သည်။ ပုဇွန်ထုပ်များက အေးလွန်း
သည့် ဒဏ်ကို မခံနိုင်ကြ။ ရေခဲရည်၏ အထိအတွေ့ ကြောင့် ဆတ်ဆတ်ခါ ခုန်ရင်းပြုရင်း သေကြရသည်။
ဤသည်မှာ တစ်နေ့ လျှင် သုံးကြိမ်နီးပါး ကျွန်တော် လုပ်ရသောတာဝန် ဖြစ်၏။ ထို ပုဇွန်ထုပ်များက အကင်
အတွက် ဖြစ်သည်။

ပုဇွန်တန်ပူရာအတွက် ရောက်လာသော ပုဇွန်များကိုတော့  အခွံချွတ်ပြီး ကျောရိုးမှ ချီးများကို ပြောင်အောင်
ထုတ်ပစ်ရသည်။ ပြီးလျှင် ပလပ်စတစ်ဘူးထဲသို့  ကျကျနန စီတန်းထည့် ပြီး အအေးသေတ္တာထဲမှာ သိမ်းထားပေး
ရသည်။ အပင်ပန်းဆုံးက ဆန်ဆေးရသည့်  တာဝန်နှင့်  ဆူကီရာကီပွဲများ ထုပ်ပေးရခြင်း ဖြစ်သည်။

ဂျပန်ဆန်ကို အမေရိကမှာ စိုက်၍ ဂျပန်သို့ တင်ပို့ ပေးခြင်းဖြစ်သည်။ ဖြူ ၏။ ချော၏။ ရှည်၏။ မွှေးပျံ့ ၏။ ထိုဆန်
ကို ဂက်(စ)ထမင်းပေါင်းအိုးကြီးတွင် ထည့် မတည်ခင် ရေ ခုနှစ်ကြိမ်၊ ရှစ်ကြိမ် ဆေးရ၏။ ဒါကိုပင် ဂျပန်စားဖိုမှုး
ကြီးလာကြည့်ပြီး မကြိုက်သေးလျှင် ဆက်ဆေးရပြန်သည်။ ဂျူတီချိန်ကျတော့  တစ်နေ့ ဆယ်နာရီ၊ တစ်ပတ်
တစ်ရက် နားခွင့်ရ၏။ ကျွန်တော်တို့  ဆိုင်က ဘူဂစ်ဂျမ်းရှင်း၏ မျက်နှာစာတန်းမှာမို့  အတော်လေး စည်ကား
ပါသည်။ ဘူဂစ်ဂျမ်းရှင်းမှ ရုပ်ရှင်ရုံတွင် ဆိုင်ကို ဆလိုက်ထိုးကြော်ညာပြီး ပြသည်။

မနက်ပိုင်းမှာတော့  ဆိုင်က သိပ်မစည်လှ။ ညဘက်မှာတော့  သောကြာ၊ စနေ၊ တနင်္ဂနွေဆိုလျှင် ချွေးဒီးဒီးကျ
အောင် လုပ်ရသည်။ ဆိုင်မှာက ရောင်းအား သတ်မှတ်ချက် ရှိ၏။ ထိုသတ်မှတ်ချက်ကျော်လျှင် ဆိုင်ရှင်က
တစ်ဝက်၊ ဆိုင်ဝန်ထမ်းများက တစ်ဝက် ခွဲဝေယူခွင့်ရသည်ဟု ကျွန်တော် ကြားရသည်။ တိတိကျကျတော့ 
ကျွန်တော်လည်း မသိ။ တစ်မန်းနီးများကိုတော့  အားလုံး အချိုးကျကျ ခွဲဝေပေးသည်မှာ သေချာသည်။

မီးဖိုဆောင်မှာက ရှေ့ တွင် ဂျပန်စားဖိုမှုးကြီး ရှိသည်။ နောက်ခန်းတွင် အကင်ဆရာ၊ အကြော်ဆရာ၊ ဟော့ ပေါ့ 
ဆရာ၊ အသားပေါင်းဆရာနှင့်  အထွေထွေသမား ကျွန်တော်နှင့်  အနှဲတို့ ရှိသည်။ ကျွန်တော့်တာဝန်က မနက်
ပိုင်းတွင် ဆန်တစ်အိုး ဆေးကြောပြီး တည်ပေးရမည်။ အသီးအရွက်များကို လှီးချွတ်ပြီး သက်ဆိုင်ရာ ဟော့ ပေါ့ 
အမျိုးအစားအလိုက် ပန်းကန်ဖြင့်ထည့် ၍ အပေါ်မှ ပလတ်စတစ်အကြည်ဖြင့် အုပ်၊ အအေးခန်းအတွင်းသို့ 
ထည့်ရသည်။ အော်ဒါလာလျှင် အော်ဒါစာရွက်ကို ကြည့်၍ ထုတ်ပေးရုံပင်။ ကျွန်တော့်ရှပ်က ဟော့ ပေါ့ ကို ပြုတ်
ပြီး စပ်ဟပ်သမျှထည့်ပေးပြီးလျှင် စားပွဲထိုးကို ပေးလိုက်သည်။ စားပွဲဝိုင်းမှာက သီးသန့် မီးဖြင့်  ဆက်ပြီး အပူငွေ့ 
ပေးကာ စားကြသည်။

ရောင်းအားကောင်းလာပြီ ဆိုလျှင် ဂျပန်ကြီးက ဆာကေးအရက်ကို ယူလာကာ မီးဖိုထဲ ဝင်လာပြီး လျှောက်တိုက်
လေတော့ သည်။ မသောက်လျှင် စိတ်ဆိုး မာန်ဆိုး ဖြစ်၏။ သောက်လျှင် အမြည်းလေးပါ လက်ညှိုးထိုးပြပြီး
လက်မကို ထောင်ထောင် ပြသွားတတ်သည်။ ညဘက်တွင် အစားအသောက် အပိုအလျှံများ ရှိပါက သွန်ပစ်လျှင်
မကြိုက်။ အနှဲ ပန်းကန်ဆေးလျှင် မှာထားသည်။ ဟော့ ပေါ့ များ၊ အကင်များ ပါလာလျှင် ဘေးဖယ်ထားရန်၊
အလုပ်သိမ်းလျှင် အတူစားကြရန်၊ တစ်ခါတစ်ရံ ဘီယာကို ဂျားလိုက် လာပို့ ပေးပြန်သည်။

ကျွန်တော် ဂျပန်ဆိုင်တွင် တစ်နှစ်ကျော် အလုပ်ဝင်လုပ်ခဲ့ သည်။ ကံဆိုးချင်တော့  အနှဲတစ်ယောက် စင်္ကာပူ
နိုင်ငံသားမှတ်ပုံတင်အတုဖြင့်  အဖမ်းခံရသည်။ သူက ငြိမ်ငြိမ်မနေခဲ့ ၍ပင်။ သူ့ အိုင်စီကို အတုမှန်း သိသိကြီးနှင့် 
မီးဖိုဆောင်ဝန်ထမ်းများ ဆေးစစ်ရမည်၊ တစ်ဆိုင်လျှင် နှစ်ဦးလာပါဟု ဆင့် ခေါ်သည်ကို သွားခဲ့ သည်။ သူဌေးက
တော့  ဘယ်သွားသွား ဘာမှ မပြော။ အနှဲ သွားပြီး သိပ်မကြာလိုက်၊ လ.ဝ.က မှ လာဖမ်းပါလေတော့ သည်။
ကျွန်တော့် မှာ စားဖိုဆောင်ဝတ်စုံကြီးနှင့်  အပြေးအလွှား အိမ်ပြန်ခဲ့ ရ၏။ ကျွန်တော်လည်း ကျောင်းသားကတ်
ဖြင့်  အလုပ်လုပ်နေသည်ကိုး။ ကတ်ကတော့  ကျောင်းသားကတ် အစစ်ပင်။ ကျွန်တော့် အစ်ကို တက်နေသော
ကွန်ပြူတာကျောင်းမှ ကတ် ဖြစ်သည်။ သို့ ရာတွင် ထိုကတ်သည် အလုပ်လုပ်ခွင့် မရှိ။

ကျွန်တော်ကတော့  ပျော်နေသည်။ အလုပ်မလုပ်ရတော့ သဖြင့်  အေးအေးဆေးဆေး စာဖတ်ခွင့် ရသည်။
ဇာတ်ညွှန်းတွေ၊ ဝတ္ထုတွေ ရေးသည်။ အမေရိက ပို့ ပေးမည် ဆိုသည့် စကားကို မယုံတစ်ဝက်၊ ယုံတစ်ဝက်ဖြင့် 
မျှော်လင့်ခဲ့ သော အိပ်မက်လည်း ပျက်ပြီ။ ကျွန်တော့် နှလုံးသားထဲ မိသားစုအဖွဲ့ အစည်းသည် တဖြည်းဖြည်း
ဝေးဝေးလာချေပြီ။ ထိုအချိန်မှာပင် ဝမ်းသာစရာစကားတစ်ခွန်း ကျွန်တော် ကြားရတော့ သည်။ ဖိုင် ကိုယ်ဝန်
ဆောင်ထားသည့်  စကားပင်။

ကြည့် စမ်း ... ဖိုင် ကျွန်တော့် ဆီကို အကြောင်းမကြား၊ စာလည်းမထည့် ။ ဘာဆို ဘာမှ အဆက်အသွယ်မလုပ်
ပဲ နေနိုင်ရက်ခြင်းကို ကျွန်တော် အံ့ သြနေ၏။ ကျွန်တော် ဖုန်းဆက်သည့် အခါမှာလည်း အရင်လို စကားတွေ
ဟုတ်တိပတ်တိ မပြောတော့ ။ ကျွန်တော် ငွေပို့ သောအခါ ရကြောင်းမျှသာ စကားဆို၏။ ဖိုင်ဘာတွေ ရင်ဆိုင်
နေရသနည်း။ မိဘဆွေမျိုး အသိုင်းအဝိုင်းများ ကြားတွင် အတော်ပင် နာကြည်း ခံခက်နေပါသလား။ ကျွန်တော့် 
ကို မုန်းနေပါသလား။ လက်မထပ်ပဲ ကိုယ်ဝန်ဆောင်ရသည့် အတွက် ဖိုင် ကြုံရမည့်  ပရိဒေဝကို ကျွန်တော်
တွေးဆ၍ပင် မရနိုင်။ ဖိုင် ကျွန်တော့်ကို ချစ်သေးရဲ့ လားဟုပင် ကျွန်တော် မေးချင်သည်။ ထို မေးခွန်းသည်
စော်ကားခြင်း ဖြစ်နေမှာမို့  မမေးရက်တော့ ။ ကျွန်တော်လည်း သူ့ ဆီ မပြန်နိုင်သေး။ သူ မွေးဖွားဖို့  စရိတ်လို၏။
ထို့ ကြောင့် ကျွန်တော်ရသမျှ အကြိမ်ကြိမ် ငွေပို့ ပေးခြင်း ဖြစ်သည်။ ကျွန်တော့်ဆီကို ဖုန်းဆက်ရ မလွယ်လျှင် စာထည့်ပါဟု တောင်းဆိုမိသည်။ ဖိုင် ဘာမှ မတုံ့ ပြန်။

ဖိုင် ရှက်ရွံ့ နာကြည်းနေသလား ...
သွေးပျက်နေသလား ...
အခက်အခဲ ကြုံနေသလား ...
ကျွန်တော့်ဖာသာ ကျွန်တော် စဉ်းစားရင်း စိတ်ဆင်းရဲမှု ကြုံရလေပြီ။ ဖိုင့်ကို ကျွန်တော် မကျေမနပ် မဖြစ်ပါ။
အချိန်တန်လျှင် ကျွန်တော့်ကို ပြန်ချစ်လာမည်ဟု ကျွန်တော် ယုံကြည်သည်။ ဖိုင့်ဆီကို စာတွေရေးသည်။
ကလေး မွေးပြီးလျှင် အမေတို့ ဆီ သွားလည်မည်။ ကလေးကို မြန်မာပြည်မှာ ကြီးစေမည်။ ဖိုင်သဘောတူပါနော်
ဟု တောင်းဆိုမိသည်။

ဤသည်ကား ကျွန်တော့် မဟာအမှား ဖြစ်လေတော့ သည်။
ဖိုင်သည် အဒါ၏ ဖိုင်မဟုတ်တော့ ။ ဖိုင့်မှာ ရင်သွေးလေး ရှိနေပြီ။ ထိုရင်သွေး၏ ဖိုင်ဖြစ်နေပြီ။ တွေးရင်း တွေးရင်း
ကျွန်တော် သိလာသည်မှာ ဖိုင် ကျွန်တော့်ကို သစ္စာဖောက်လေပြီ။ ဤရင်သွေးလေးသည် သူ့ ရင်နှင့်  လွယ်မွေး
ရသော်ငြားလည်း ကျွန်တော့်သွေးသား ဖြစ်နေသည်။ ဖိုင် ပိုင်သလို၊ ကျွန်တော်လည်း ဆိုင်သည်။ ဟုတ်ပြီ။
ဖိုင်သည် သူ့ ရင်သွေးကို အသည်း အသက်မျှ ချစ်ရင်း ကျွန်တော့်ကို ရှောင်လေပြီ။ ကျွန်တော် ခလေးကို ခေါ်မည်
ဆိုသည်ကို သူ ကြားပင်မကြားချင်တော့ ။ သူ့ ဖာသာ မွေးမည်။ သူ့ ဖာသာ ပြုစုမည်။ အဒါ ဆိုသော သူ့ ချစ်သူ
သည် သူ့ အသည်းနှလုံး၏ ပြင်ပသို့  ရောက်သွား၍ သည်ရင်သွေးလေးသည် သူ့ အသည်းနှလုံး ဖြစ်သွားချေပြီ။
ကျွန်တော် ဖုန်းဆက်၍ ဆွေးနွေးသောအခါ သူ ငိုသည်။ ဟုတ်ပါသည်ဆိုသည့်  အငိုပင်။

ကျွန်တော် သူ့ ဆီကို စာရေးခဲ့ ပါသည်။
ဖိုင် ကျွန်တော့် ကို ဤသို့ မရက်စက်ပါနှင့် ။ ကျွန်တော် မနာကြည်းချင်ကြောင်း၊ ဖိုင်နှင့် ကျွန်တော် ရာသက်ပန်
ချစ်ချင်ခင်ခင် နေလိုကြောင်း၊ ကျွန်တော့် ဆီ စာပြန်စေလိုကြောင်း၊ ဖိုင်နှင့် ခလေးကို ကျွန်တော် ခွဲမည် မဟုတ်
ကြောင်း ကျွန်တော် စာရေးခဲ့ သည်။
ဖိုင့်  ထံမှ ဘာဆို ဘာမှ တုန့် ပြန်မလာ။ ဖုန်း ကလည်း ဖိုင်တို့ အိမ်နှင့်  လှမ်းနေသည့် အပြင် ဖိုင့်ကို သနား၍
မခေါ်ပေးလိုကြ။ ဖိုင်ကတော့  ကျွန်တော့် ကို လူရမ်းကား ဇာတ်သွင်းလေပြီ။ နောက်ပိုင်းတွင် ဖိုင့်အဖေ ဖုန်းလာ
ကိုင်သည်။ ဖိုင့် အတွက် စိတ်မပူစေလိုကြောင်း၊ ကလေး၏ အဖေနာမည်တွင် အဆင်ပြေသည့်  နာမည်ဖြင့် 
စာရင်း ပေးထားကြောင်း၊ သား စိတ်အေးအေး နေစေလိုကြောင်း ပြောလာပါသည်။ ဖိုင့်အဖေကို ကျွန်တော် ချစ်
သည်။ဖိုင့် အမေထက်ပင် ပိုချစ်သည်။ ဟိုးတစ်ခါဆီက သူ ကျွန်တော့်ကို သူ့ ရပ်ရွာသို့  လိုက်၍ ထိုင်းနိုင်ငံသား
အဖြစ် လျှောက်ဖို့  ခေါ်သည်။ ကျွန်တော် လက်မခံသော်လည်း သူ စိတ်မဆိုး ။ ကျွန်တော် ဝမ်မခရဲစခန်းတွင်
အချုပ်ကျနေစဉ်က နေ့ တိုင်း ထမင်းလာပို့ ပေးသည်။ အာမခံဖြင့် ရွေးထုပ်ပေးသည်။ လူရိုး၊ လူဖြောင့်  မဟုတ်
မခံသမားပင်။ သူက ဖိုင့်ကိုရော ကျွန်တော့်ကိုပါ အကာအကွယ်ပေးနေသူ ဖြစ်၏။

သူပြောလာမည့်  စကား အတိမ်အနက်ကို ကျွန်တော် နားလည်ပြီးပါပြီ။ ဖိုင် နှင့် ကျွန်တော်တို့ ၏ အချစ်ဇာတ်
လမ်းကိုလည်း သူ နားလည်ပါလိမ့် မည်။ ကျွန်တော် ဖိုင့် ကို ဘာမှ မပြောလိုတော့ ပြီ။ ကျွန်တော့် ကို ဖိုင် သစ္စာ
ဖေါက်ခြင်းသည် သူ့  ရင်သွေးကို သူ ချစ်ခြင်းပင်။ ကျွန်တော်ပင်လျှင် ဝမ်းနှင့်  မလွယ်ရပါလျက် ရင်သွေးလေးကို
တောင်းဆိုလျှင် ဖိုင်သည် ဝမ်းနှင့်  လွယ်ရသူပေကိုး ။

ကိုင်း ... ကျွန်တော်သည် လွမ်းဟေ့ ၊ ဆွေးဟေ့ ၊ ခံစားဟေ့  ဆိုလျှင် နှလုံးသားကို ရှုတ်ချမုန်းတီးသူတည်း။
ဖိုင့် ကို ကျွန်တော် မပတ်သက်တော့ ။ သူ့ ရင်သွေးကို သူ ချစ်ပါစေတော့ ။ ကျွန်တော့်  လက်ထဲ ရှိသမျှ ဘတ်ငွေ
တစ်သောင်းကျော် ပို့ ပေးအပြီး ကျွန်တော့် စိတ်ကို ဆွဲဆန့် လိုက်၏။ သူ့ ရင်သွေးကို သူ ရှု့ မဝ ချစ်မငြီးပါစေ။
တစ်နေ့ တွင် သူ ကျွန်တော့် ကို လွမ်းဦးမည်သာ။ ထို အချိန်လောက်တွင် ကျွန်တော် သူ့ ဆီ သွားမည်။
ကျွန်တော့်ကလေးနှင့်  တွေ့ ပေးနိုင်မည်လားဟု တောင်းဆိုမည်။ သူ တွေ့ ပေးလျှင် တွေ့ မည်။ မတွေ့ ပေးလည်း
ကိစ္စမရှိ။ ဤစိတ်ကူးဖြင့်  ကျွန်တော် သူ့ ကို မေ့ ထားကြည့်လိုက်တော့ သည်။

ကျွန်တော်သည် ဥပေက္ခာတရားကို နိုင်နင်းကျွမ်းကျင်သူ ဖြစ်သည်။ ကျွန်တော့် မှာ ကိစ္စဝိစ္စ များလွန်းလှ၏။
ထို့ ကြောင့်  ဘယ်အရာကိုမှ မပြတ်သားနိုင်သည်ဟူ၍ မရှိလှ။ မိသားစုကိုလည်း ကျွန်တော် မခင်တွယ်၊ ဖိုင့် ကို
လည်း စိတ်ထဲက မောင်းထုတ်ထားလိုက်သည်။ စာတွေ၊ ကဗျာတွေ၊ ဇာတ်ညွှန်းတွေ ရေးသည်။ ASCANDAတွင်
ကျောင်းတက်စဉ်က တွေ့ ခဲ့ သော တရုပ်မကို နောက်ပိုး ပိုးနေလိုက်သည်။ ဘီယာတွေ အလွန်အကျွံသောက်၏။
ပိုက်ဆံရှိလျှင် သုံးပစ်ဖို့ သာ တွေးလိုက်သည်။

တစ်ခါတစ်ရံ ထိုင်းသို့  လူပို့ လူကြို ရောက်သည်။ မလေးရှား၊ ထိုင်းနယ်စပ် ဟပ်ချိုင်မြို့ မှပင် ကျွန်တော် လှည့် 
ပြန်သွားတတ်သည်။ ဘန်ကောက်ရောက်သည့် အခါလည်း ဖိုင့်  ဆီ မသွားတော့ ။ ဖိုင်တစ်ယောက် ကျွန်တော့် 
ကို ဘယ်လောက် ရှောင်တိမ်းနေနိုင်မလဲဟု ကျွန်တော် တွေးကြည့် သည်။ သူတို့ နေသော ရပ်ကွက်လေးမှ
ပြောင်းရွှေ့ သွားသည်ကိုတော့  ဖုန်းဆက်ကြည့် ရင်း ကျွန်တော် သိထားသည်မှာ ကြာခဲ့ ပြီ။ သမီးလေး မွေးထား
ကြောင်းလည်း သိထားရသည်။ ဘန်ကောက်ထဲမှာ ရှိနေမှာတော့  သေချာသည်။ ကျွန်တော်ရှာလျှင် မတွေ့ 
စရာမရှိပါ။ ဖိုင့်  သူငယ်ချင်းများထဲတွင်လည်းကောင်း၊ ဖိုင်တို့ နေခဲ့ သော အိမ်နားမှ အိမ်နီးချင်းများသည်
လည်းကောင်း ကျွန်တော် သွားတွေ့ လျှင် ဖိုင် ရှိရာကို ညွှန်ပြကြမည်သာ ဖြစ်သည်။ သို့ သော် ကျွန်တော် မတွေ့ 
ချင်သေး။ ဖိုင့် ကို အရှိန်ကောင်းတုန်း လိမ့် စေဦးဟု တွေးထားလိုက်သည်။

သည့် နောက် မြန်မာပြည်သို့  ကျွန်တော် ပြန်လာခဲ့ ၏။ ကျွန်တော်နှင့်အတူ ပိုးနှစ်မျိုး ပါလာသည်။ တစ်မျိုးက စာ၊
ကဗျာ ပိုးနှင့် တစ်မျိုးက ဇာတ်ညွှန်း ဒါရိုက်တာပိုးတို့  ဖြစ်၏။ ရန်ကုန်မြေကို ခြေအချမှာပင် သူတစ်ပါး ပတ်(စ)ပို့ 
ဖြင့် ဝင်လာမိ၍ အဖမ်းခံရလေသည်။

ရယ်စရာတော့  ကောင်းလှပါ၏။ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်္ကာပူ စသည့် နိုင်ငံများသို့ 
ပတ်(စ)ပို့  မျိုးစုံဖြင့်  ဝင်ထွက် ကျင်လည်ခဲ့ သော ကျွန်တော် တစ်ယောက် အမမြန်မာပြည် လေဆိပ်တွင်
ပတ်(စ)ပို့  လွဲမှားစွာ ကိုင်ဆောင်လာသဖြင့်  အဖမ်းခံရသည်။ အဖမ်းခံရပြီဆိုတော့  လေဆိပ်ရဲစခန်းမှာ ညအိပ်
ရသည်။ ပစ္စည်းများကိုတော့  အမေနှင့် ထည့် ပေးလိုက်သည်။ အမှုကလည်း အကြီးစားမဟုတ်သဖြင့်  ညစာကို
အပြင်မှာပင် သွားစားခွင့် ရသည်။ မနက်ဖြန် တရားရုံးတွင် ဒဏ်ငွေ ဆောင်လိုက်လျှင် ပြီးပြီကိုး။

အချုပ်သည် ကျွန်တော်နှင့် စိမ်းလှသောနယ်မြေ မဟုတ်။ ယိုးဒယားမှာဆိုလျှင် ရနှောင်းအချုပ်၊ ချုံဘွန်အချုပ်၊
ကန်ချပူရီအချုပ်၊ ထောင်၊ ဘန်ကောက် ဝမ်ခမရဲစခန်းအချုပ် စသည်တို့ သည် ကျွန်တော် ယဉ်ပါးကျက်စားခဲ့ ရာ
နေရာများဖြစ်သည်။ ပြီးတော့  ကျွန်တော်သည် ကန်ချပူရီထောင်မှ အချုပ်သို့  ပြောင်း၍ နယ်စပ်သို့  ပြန်ပို့ ခါနီး
တွင် ထွက်ပြေးခဲ့ သောကြောင့်  လိုက်လံ ပစ်သတ်ခံရဖူးသည်။ ရဲအိမ်မှာ နေသော ချာတိတ်နှစ်ယောက်က လိုက်
ပစ်ခြင်းပင်။ ရဲများက ကျွန်တော်တို့ လို ထောင်မှ ထွက်လာသူများကို ရဲစခန်းမှာ ခေတ္တထားစဉ် အလုပ်ခေါ်ခိုင်း
တတ်သည်။ ကျွန်တော်တို့ က ပြစ်ဒဏ် ကျခံပြီးသားလူတွေမို့  နယ်စပ်ပို့ ပေးဖို့ တာဝန်သာရှိသည်။ ကားလာလျှင် ပို့ ပေးရုံသာ ဖြစ်သည်။ ထို့ ကြောင့်  နယ်စပ်မလိုက်ချင်၍ ရဲတစ်ဦး ကျွန်တော့် ကို အလုပ်ခေါ်ခိုင်းစဉ် ထွက်ပြေး
ခဲ့ ခြင်းပင်။ ရဲအိမ်မှ ချာတိတ်နှစ်ယောက်က ကျွန်တော့်ကို သေနတ်နှင့် လိုက်သည်။ မိရင်တော့  သေလူဖြစ်ပြီ။
ထို့ ကြောင့်  အခက်အခဲ အကျပ်အတည်း တွေ့ လေတိုင်း ကျွန်တော် အသက်ကို ခပ်ပြင်းပြင်း ရှုလိုက်သည်။
ပြီးလျှင် ငါအသက်ရှုနေသမျှ အမြတ်ကြီးပဲဟု တွေးကာ ကြုံလာသော အခက်အခဲကို ရင်ဆိုင်လိုက်၏။ သေပြေး
ရှင်ပြေး ပြေးခဲ့ ရစဉ် ဘုရားရှင်ကို ကတိပေးခဲ့ ၏။ နောက်နောင် ကျွန်တော့်  တစ်ကိုယ်ရေအတွက် တစ်ကိုယ်
ကောင်း မဆန်တော့ ပါ။ အများအတွက် အကျိုးပြုသူ ဖြစ်ရပါစေမည်ဟု ကတိခံခဲ့ သည်။

ဤကတိကဝတ်ကို တစ်ခါတစ်လေတော့  ကျွန်တော် မေ့ နေတတ်သည်။
အချုပ်အနှောင် ထိပြီဆိုလျှင်တော့  ထိုကတိစကားကို ပြန်ပြန်တွေးမိ၏။ သစ္စာတရားက ငါ့ ကို ဒဏ်ခတ်ခြင်းလား၊
ငါ တစ်ကိုယ်ကောင်း ဆန်နေ၍ သတိပေးခြင်းလားဟု ပြန်စဉ်းစားမိသည်။ ကျွန်တော် ဖြစ်ချင်သည်က
ပရိတ်သတ် အသိအမှတ်ပြုသည့်  စာပေသမားနှင့်  ဇာတ်ညွှန်းဒါရိုက်တာ၊ ထိုဝါသနာနှင့်အသက်မွေးချင်သည်။
အောင်မြင်ခြင်း၊ ကျော်ကြားခြင်းထက် ပရိတ်သတ်၏ နှလုံးသားထဲက လူ ဖြစ်ချင်သည်။ ပရိတ်သတ် နှလုံးသား
ထဲမှာ နေချင်သည်။ နှုတ်ဖျားမှာ မနေချင်၊ နားဝမှာ မနေချင်၊ နှလုံးသားတွေထဲမှာ နေချင်သည်။ ကျွန်တော့်
အနုပညာမှော်ကို ကျွန်တော် မည်သို့  မွေးမြူရမည်နည်း။

လောလောဆယ် အချုပ်မှ လွတ်လျှင် ဒုလ္လဘ ဝတ်ဦးမည်။ ခရီး ထွက်ဦးမည်။ အထက်အညာဒေသတွင်
ကျွန်တော့်  ဒုတိယမိခင် ရှိသည်။ ရှစ်တန်း၊ ကိုးတန်း၊ဆယ်တန်းများတွင် ကျွန်တော့် ကို ကျွေးမွေးပေးကမ်းခဲ့ 
သော ရွာမှ ဒေါ်ကြီး ရှိသည်။ ကျွန်တော့် ဘဝကို တည့်မတ်ပေးခဲ့ သော ကျောင်းဆရာ ဦးစိုးသန်း ရှိသည်။
ကျွန်တော် သူတို့ နှင့် တွေ့ ချင်သည်။

လေဆိပ်ရဲစခန်းမှာ ကျယ်ကျယ်ဝန်းဝန်း ရှိလှသည်။ ထိုရဲစခန်းကို မပို့ မှီ လ.ဝ.က မှ စစ်ချက်ယူသည်။ စစ်ချက်
မှာ အတော်ရှည်လျားသော စစ်ချက် ဖြစ်သည်။ ကျွန်တော် မြန်မာပြည်မှ တရားဝင် ထွက်ခွါချိန်မှ ယခု ပြန်ဝင်
လာသည်အထိ မေးမြန်းစစ်ချက်ယူသည်။ ကျွန်တော်လည်း ရှည်ရှည်ဝေးဝေး မဖြေတော့ ။ ထွက်သွားသည်။
တရားမဝင်နေသည်။ အလုပ်လုပ်သည်။ ယခု သူများပတ်(စ)ပို့  ငှား၍ ပြန်လာသည် ဟု ဖြေလိုက်သည်။
ကျွန်တော့် ပတ်(စ)ပို့ ကိုလည်း ပြန်မအပ်နိုင်တော့ ။ ဘယ်အိမ်မှာ ရှိနေမှန်းပင် မသိ။ ရဲစခန်းမှာလည်း စစ်ချက်
ထပ်ယူသည်။ လေဆိပ်မှာလိုပင် အသေးစိပ် စစ်ချက် ထပ်ယူသည်။ ကံကောင်းသည်မှာ စနေ၊တနင်္ဂနွေ ပိတ်
ရက် ခံမနေသဖြင့်  မနက်ဖြန် ရုံးတင်မည်။ ဒဏ်ငွေ ဆောင်ရမည်ဟု ဆို၏။ အချုပ်ထဲမှာတော့  ကျွန်တော့် လို
ဘဝတူ နှစ်ယောက် တွေ့ ရသည်။ သူတို့ က ပတ်(စ)ပို့ ဖြင့်  တရားဝင် ထွက်သွားသူများ မဟုတ်။ ပြန်လာမှသာ
သူတစ်ပါး ပတ်(စ)ပို့ ဖြင့်  ပြန်လာသူများမို့  သက်ဆိုင်ရာ ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်းမှ ထောက်ခံစာ၊ ပြစ်မှု
ကင်းရှင်းကြောင်း ထောက်ခံစာ၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း များ တင်ပြဖို့  တောင်းခံထားသည်။ ကျွန်တော့်
အမှုနှင့်မတူ။ ကျွန်တော်ကတော့  ထွက်သွားစဉ်က ပုံစံ စာရွက်များ၊ ပတ်(စ)ပို့  မိတ္တူများ၊ D- form များ ပြနိုင်၍
ရုံးတင်ပြီး ဒဏ်ငွေ ဆောင်ရမည်ဟု ဆို၏။ ဒဏ်ငွေက ထွက်သွားသည့်  နှစ်အလိုက် ဆောင်ရတတ်သည်ဟု
ပြောသည်။

မနက်ကျတော့  အမေတို့  လာတွေ့ ပြန်သည်။ တရားရုံးသို့  သွားဖို့  ကားစီစဉ်ကြသည်။ တရားလို လ.ဝ.က
အရာရှိကိုလည်း အကြောင်းကြားထားရသည်။ သူ လာပါမှ ရဲက စွဲချက်တင်၊ တရားလိုက သက်သေ၊ ကျွန်တော်
က အပစ်ကျူးလွန်သူအဖြစ် တရားသူကြီးက အပြစ်ဒဏ် ချပါမည်။ တရားရုံးကို ရောက်တော့  အချုပ်ခန်းထဲတွင်
အချုပ်သားများ ပြည့်နေ၏။ လာရောက်တွေ့ ဆုံသူများ၊ ဈေးသည်များ၊ တရားရေး ဝန်ထမ်းများ၊ လုံခြုံရေး
ရဲဘော်များ ရှိနေကြသည်။ ကျွန်တော့် အမှုက နောက်ပိတ်ဆုံးမှ စစ်မည်။ တစ်ခြား အရေးကြီးသည့်  အမှုများ
စစ်ဆေးပြီး သုံးနာရီခန့် တွင် ကျွန်တော့် ကို ခေါ်သည်။မေးမြန်းသည်။ စစ်ဆေးသည်။ အပြစ်ရှိကြောင်း ဝန်ခံ
စေသည်။ ဝန်ခံသဖြင့်  ဒဏ်ငွေ တပ်သည်။ ဆောင်နိုင်မလားဟု မေးသည်။ ဆောင်ပါမည် ဆိုသောအခါ ဒဏ်ငွေ
ဆောင်စေပြီး စလစ်တင်ပြ၍ အမှုပြီးလေပြီ။
( ၉၇ ) မှာ ပျော်ခဲ့ သမျှ ( ၉၈ ) မှာ ဆွေးရပါ၏။


( ဆက်ရန် )

......................................................................................................................

ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

6 comments:

Angelhlaing(May everybody be happy and healthy! said...

အပစ်ကျူးလွန်သူအဖြစ် တရားသူကြီးက အပစ်ဒဏ် ချပါမည်။...အကိုရေ..အပြစ်လို့တော့.. ညီမလေး ထင်တာပဲ။။။ ညီမလေးလဲ မှားနေကျမို့ ပါ..ညီမလေး မှားသွားရင်လဲ ခွင့်လွတ်နော်အကို...သေချာတော့မသိဘူး ထင်တာပြောကြည့်တာပါ...:):)
စောင့်မျှော်အားပေးနေပါတယ် လို့...

ahphyulay said...

အမယ် ကျွန်တော်လည်း အမြဲမှားနေကျ၊ မမှားရမနေ
နိုင်တာကလွဲလို့  ဆိုသလို၊ ကျေးဇူးပဲ ..။

IDIOT-Ki said...

ကိုထွေးကလည်း ကလေးအဖေဖြစ်နေပြီဟာကို ဘာလို့ ဖိုင့်ဆီ မသွားပဲ အလေလိုက်နေရတာလည်း....
ယောကျာင်္းတွေများ ဒီလိုပဲ ရမယ် အမျိုးမျိုးရှာပြီး တာဝန်မဲ့တတ်ကြတယ် ..း))

လရိပ်အိမ် said...

ဘာလို့ခဏခဏအချုပ်ထဲဝင်နေရလဲမသိပါဘူး။

ကိုဇော် said...

အကုန်လုံးစုပြီး ဖတ်သွားတယ် ကိုဖြူရေ။
ဖတ်လို့ကတော့ ကောင်းပါရဲ့။

ခနွဲ said...

အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာ ကြုံရ ဆိုသလိုပေါ့ဗျာ။ ဆက်ရန်ကို မျှော်နေပါတယ်ခင်ဗျာ။