Saturday, July 9, 2011

လှပူရီ ဂယက် ။

ကျွန်တော့် အစ်ကိုထံမှ ကျွန်တော် ရရှိထားသော သဘောတရား တချို့  ရှိပါသည်။
အလုပ်ကိစ္စတစ်ခုကို တစ်ကြိမ် မဖြစ်မြောက်လျှင် အကြိမ်ကြိမ် ပြန်ကြိုးစားသည့်  သဘောတရားနှင့် ကိုယ့်ကို
အားပြိုင် အားစမ်းလာလျှင် ပြတ်ပြတ်သားသား စိန်ခေါ်ရင်ဆိုင်ပစ်တတ်သည့်  သဘောတရားတို့ ပင် ဖြစ်သည်။

ထိုသဘောတရားကြောင့်ပင် ကျွန်တော်နှင့်  ကိုဆန်နီတို့  ထိုင်းထောက်လှန်းရေး ဗဟိုအချုပ်မှ လွတ်မြောက်လာ
ခဲ့ ခြင်း ဖြစ်သည်။

ပြဿနာများ၏ အစမှာ နယ်မှ သူငယ်ချင်းဖြစ်သူ အေးဇော်၏ ညီတစ်ယောက် ကျွန်တော့်ထံ ရောက်လာခဲ့ ခြင်းမှ
စ, ပါသည်။ သူက မိတ္ထီလာမှ လာခဲ့ သူ ဖြစ်သည်။ ဘန်ကောက်ကို ထွက်နိုင်ဘို့  သူ့ မှာ စာအုပ်ရှိသည်။
သူ့ အစ်ကို အေးဇော်ရှိရာ စင်္ကာပူသို့ ကျွန်တော်တို့  အစီအစဉ်ဖြင့် သွားမည့် သူဖြစ်၍ ကျွန်တော် ဘန်ကောက်
လေဆိပ်မှ သွားကြိုလာခဲ့သည်။

ဤအထိကား ဘာပြဿနာမှ မရှိသေး။
ကျွန်တော်နှင့် သူ့ အစ်ကို အေးဇော်တို့  မည်သို့  ပြောဆိုထားကြသည်၊ မည်သို့  စီမံထားကြသည်ကို သူက
သေသေချာချာ မသိထားခဲ့ ။ ကျွန်တော့်ဆီရောက်ပြီး ငါးရက်အကြာတွင် ကောင်လေးက တစ်ခြားလူပွဲစားများ၏
စကားကို နားယောင်ကာ ကျွန်တော့်ဆီမှ ခွာချင်နေ၏။ သူ့ အပြစ်လည်း မဆိုသာ။ တစ်လ တစ်လလျှင် လူ ၂၀
နီးပါး အပို့ အကြို လုပ်နေသော ကျွန်တော်တို့  လုပ်ငန်းကို မနာလိုသူ တစ်ချို့  ရှိလာခဲ့ သည်။ အတူတူ နေသူများ
ထဲမှပင် ဖြစ်သည်။ သူတို့ က ကျွန်တော့်အစ်ကို မရှိခိုက် ကျွန်တော့်ကို အားစမ်းလာကြ၏။

ကောင်လေးကို ဈေးနှုန်းသက်သာစွာဖြင့် ပို့ ပေးပါမည့်အကြောင်း စည်းရုံးတော့ သည်။ ကောင်လေးကလည်း
သူ ထင်ထားသည်မှာ ကျွန်တော့်ကို သူ့ အစ်ကိုမှ ဒေါ်လာ ထောင်ချီ၍ ပေးထားသဖြင့် ကူညီနေသည်ဟု ထင်ရှာ
ပြီး ထိုငွေကို တောင်းလာ၏။ ကျွန်တော် ဘာမှ မပြောပဲ သူ့ အစ်ကို အေးဇော်နှင့် ဖုန်းပြောစေလိုက်၏။ ထိုအခါ
ကျမှ သူ့ ကို ကျွန်တော် အကြွေးဖြင့် ဆောင်ရွက်ပေးနေမှန်း ရိပ်မိသွားပြီး ဟိုဘက်မှ လူတွေကို ရှင်းပြတော့ ၏။
ကျွန်တော်လည်း ထိုတိုက်ခန်းမှာ ဆက်မနေတော့ ပဲ မဟာထိုင်လမ်းသွယ်ဘက်သို့  ပြောင်းခဲ့ ပါတော့ သည်။
ကောင်လေးထံမှ စာအုပ်က သူတို့ လက်ထဲ ရောက်နေသဖြင့် စောင့်၍ တောင်းခဲ့ ရန်မှာခဲ့ ပြီး ကျွန်တော် သူ့ ကို
ထားခဲ့ လိုက်သည်။ သူ့ ကို နည်းနည်းလည်း ဒုက္ခတွေ့ စေချင်၏။

ကျွန်တော့်အခက်အခဲကို ကူညီသူမှာ ကိုဆန်နီ ဖြစ်သည်။ သူက သင်္ဘောသားဖြစ်ပြီး၊ ယခုတော့  ယိုးဒယားမှာ
ပင်ကျင်လည်နေသူဖြစ်၏။ သူ့ အစ်ကိုက အမေရိကမှာ ရှိသည်။ သူနှင့်ကျွန်တော် ရင်းနှီးကြသည်မှာ မကြာသေး။
သူ့ ကို နှစ်ခါ သုံးခါ တွေ့ ဖူးထားပြီး စင်္ကာပူ သံရုံးကိစ္စများ၌ ထဲထဲဝင်ဝင် ကူညီပေးရင်း ရင်းနှီးလာခဲ့ ကြခြင်း
ဖြစ်သည်။ သူ့ ဥပဓိရုပ်က ခန့် ညား၏။ သဘောကောင်း၏။ ဖော်ရွေကူညီလိုစိတ် ရှိ၏။ ကျွန်တော် မဟာထိုင်မှာ
အခန်းငှားဖို့  ပြင်ဆင်နေစဉ် တစ်ဖက်လူများနှင့်  ပြဿနာမဖြစ်အောင် ထိန်းပေးထားသဖြင့် သူလည်း အတော့်
ကို ငြူစူခံရသည်။

မဟာထိုင်လမ်းသွယ်ထဲတွင် ဖိုင်တို့ အဖေက အခန်းလေးတစ်ခန်း ငှားပေးသည်။ တစ်လလျှင် ဘတ်တစ်ထောင်
သာပေးရသည်။လူ လေးငါးယောက် နေလို့ ရသည်။ ကျွန်တော်နှင့် အတူ ရန်ကုန်အိမ်ရှေ့ အိမ်မှ မောင်မောင်
လိုက်လာခဲ့၏။ သူက ဗီဇာ ရပြီးပြီ။ မကြာခင် စင်္ကာပူ ဝင်တော့ မည်။ ကျွန်တော်ပြောင်းလာပြီး နောက်နှစ်ရက်
အထိ ကောင်လေးလက်ထဲ စာအုပ် ပြန်မရောက်သေး။ ဟိုလူများက ကြိုတင် ဆောင်ရွက်ထားရသည့် အတွက်
ကုန်ကျစရိတ် ရှိသည်ဆိုကာ ငွေတောင်းနေသည်ဟု ကောင်လေးက ကျွန်တော့်ကို ဖုန်းဆက်လာသည်။
ကိုဆန်နီ၏ အဝတ်အိပ်ကိုလည်း အခန်းပြင်ထုပ်ကာ ကိုဆန်နီကို လက်မခံတော့ ဟု သိရ၏။ ကျွန်တော်မိုက်သွေး
ကြွလာခဲ့ ပြီ။ ကြက်သတ်ရုံမှာ လုပ်ခဲ့ စဉ် အတူနေသူ “ အခါ ” ဆိုသူက ကျွန်တော့်ပစ္စည်း၊ပစ္စယများကို မြောင်း
ထဲ ပစ်ချခဲ့ သဖြင့် ပယ်ပယ်နယ်နယ် ရိုက်ပစ်ခဲ့ ဘူးသည်။ ယခုလည်း တစ်ပွဲ နွှဲရပြန်ဦးမည်။ ကျွန်တော် ဘန်ဂပိ
ဈေးသို့ သွားကာ ခုတ်ဓားရှည်တစ်ချောင်း ဝယ်လိုက်သည်။ ပြီးတော့  တက္ကစီငှား၍ ကောင်လေးကို ခေါ်ရန်
ထွက်လာခဲ့ သည်။ တိုက်ခန်းသို့  ရောက်တော့ ဟိုလူများမရှိ။ သူတို့  ချာတိတ်လေးနှစ်ယောက်သာ ရှိသည်မို့ 
ကောင်လေး၏ စာအုပ်ကို တောင်းလိုက်သည်။ ကျွန်တော့်ကို သူတို့  ထုပ်ပေးကြပါ၏။
“ မင်းတို့  ဆရာလာရင် ပြောလိုက် ငါခေါ်သွားတယ်လို့  ကြားလား ”
ကျွန်တော့်လက်ထဲတွင် သတင်းစာစက္ကူနှင့် ပတ်ထားသော အရာကို ကြည့်၍ ချာတိတ်လေးတွေ ခေါင်းညိတ်၏။
ကောင်လေးကို ခေါ်၍ ကိုဆန်နီ၏ အဝတ်အိပ်ကိုပါယူပြီး ကျွန်တော် ပြန်လာခဲ့ သည်။ ကိုဆန်နီလည်း ညနေကျ
တော့  လိုက်လာခဲ့ သည်။ ဤသို့ ဖြင့် မဟာထိုင်လမ်းသွယ်ထဲတွင် အခန်းကျဉ်းလေးငှားကာ နောက်ထပ် အပို့ 
အကြိုများ လုပ်ဖြစ်ပါတော့ သည်။

တစ်ရက်မှာတော့  အစ်ကို့ သူငယ်ချင်းဖြစ်သူ ဂျွန်နသန်နှင့် သူ့ ရည်းစားတို့  ဘန်ကောက် ရောက်လာကြ၏။
ကျွန်တော် သူတို့ ကို အလည်အပတ် လိုက်ပို့ ပေးရန် အစ်ကိုက ပြောလာသဖြင့် သူတို့ တည်းခိုရာသို့  ကျွန်တော်
လိုက်သွားခဲ့ သည်။ ကျွန်တော့်ကို တွေ့ တော့  ဂျွန်တို့ ဝမ်းသာသွားကြပါသည်။ ကျွန်တော် သူတို့ ကို ဦးဆုံး အမဲ
သားမြေအိုးဟင်း ကျွေးဖို့  ခေါ်လာခဲ့ ဖြစ်သည်။

သူတို့ က သိပ်မလိုက်ချင်။ ကျွန်တော် အမတန် ချီးမွမ်း ပြောဆိုနေသည့်  ထိုဟင်းကို သံသယ ရှိနေကြ၍ပင်။
ပြီးတော့  သွားရမည့် ခရီးက မီးနစ်လေးဆယ်နီးပါး ကြာဦးမည်ဆိုသဖြင့် မလိုက်လိုကြ။ ကျွန်တော့် ဘက်က
လည်း မကောင်းဘူးဆိုလျှင် စိတ်တိုင်းကျ ဖြစ်စေရမည်ဟု ကတိပေးကာ ခေါ်လာခဲ့ ရသည်။ ကျွန်တော်က
သေချာပေါက် သိထားသဖြင့် ထိုသို့  ခေါ်နိုင်ခြင်းပင်။

ထိုဆိုင်မှ ရောင်းသော အမဲသားမြေအိုးနှင့်  အကင်သုပ်မျိုးစုံဖြင့် ဧည့် သည်များစွာကို ကျွန်တော် မျက်နှာရခဲ့ 
ပေါင်းများခဲ့ ပြီကိုး။ ဆိုင်အဆင်အပြင်လေးက ဘာမှမဟုတ်။ ကားဂိတ်နှင့် မလှမ်းမကမ်း ကွင်းပြင်တွင်
တွန်းလှည်း ခပ်ကြီးကြီးကို ဗဟိုထားပြီး ထိုင်ခုံများ ခင်းကျင်းကာ ရောင်းချသော လမ်းဘေးဆိုင်လေးပင် ဖြစ်၏။
သို့ ရာတွင် တစ်ခါတစ်ရံ စားပွဲအလုံးနှစ်ဆယ်မှာ လူပြည့်နေတတ်သည်။

ဆိုင်ကိုတွေ့ တော့ ဂျွန်က ခေါင်းခါသည်။ ကိစ္စမရှိ။ နောက်မိနစ်နှစ်ဆယ်ကြာလျှင် ကျေးဇူးတင်စကား ပြောတော့ 
မည်ကို ကျွန်တော် သိပြီးနေပြီ။ ကျွန်တော်တို့  စားပွဲမှာ ဝင်ထိုင်တော့  ကျွန်တော့်ကို ရင်းနှီးနေသော ဆိုင်ရှင်က
ထုံးစံအတိုင်းပဲလားဟု နှုတ်ဆက်၏။ သူသိထားသည်မှာ ကျွန်တော်လာလျှင် အမဲသားအရွတ်ကင်နှင့် အသား
ကင်၊ ကြက်သားမြေအိုးဟင်း၊ ကြက်သားသုပ်များ မှာနေကြဖြစ်သောကြောင့် ပင်။ ယခုလည်း ကျွန်တော်
ခေါင်းညိတ်လိုက်ပြီး စားစရာတစ်ချို့  ထပ်တိုးမှာလိုက်၏။ မျက်နှာ မကြည်မသာ ဖြစ်နေသည့်  ဂျွန်အား ဘီယာ
ပုလင်းဖြင့်  စ, ၍ ဧည့်ခံလိုက်တော့ သူ နည်းနည်း ပြုံးလာသည်။ သူက ဘီယာသမား၊ အစ်ကိုနှင့် သူတို့ ဘီယာ
ဆိုင်ထိုင်လျှင် လေးဂျားကုန်သည့် တိုင် အရှိန်မပျက်တတ်။ ယခုလည်း ဘီယာကို တွေ့ တော့  နဲနဲ စိတ်ပျော်လာ
ခြင်းဖြစ်မည်။

ဂျွန်က ဓါတ်ပုံသမားဖြစ်သည်။ ဓါတ်ပုံပြပွဲများပင် ကျင်းပခဲ့ ပြီးပြီ။ အစ်ကိုနှင့် သူက အစုစပ်ကုမ္ပဏီတစ်ခု ဖွင့် ထား
ကြသည်။ ဂျွန်တစ်ယောက် မကြာခင် မြန်မာပြည်သို့  အလည်အပတ်သွားရင်း ဓါတ်ပုံရိုက်ဦးမည်ဟု သိထား
သည်။ မြန်မာ့ ရေမြေတောတောင်နှင့်  ကျေးလက်ဒေသများကို ဓါတ်ပုံရိုက်ပြီး ပြပွဲလုပ်ရန်လည်း သူ စိုင်းပြင်းနေ
သည်။ ဘန်ကောက်လာခြင်းမှာလည်း လှပူရီ ရေပေါ်ဈေးသို့  ဓါတ်ပုံရိုက်ရန် လာခဲ့ခြင်း ဖြစ်၏။ မနက်ဆိုလျှင်
ကျွန်တော် လှပူရီ ရေပေါ်ဈေးသို့  လိုက်ပို့ ပေးရဦးမည်။

ကျွန်တော်တို့  ဘီယာငုံနေစဉ်မှာပင် အကင်တစ်ချို့  ရောက်လာ၏။ မြေအိုးတစ်အိုးလည်း အောက်ခြေ၌ မီးသွေး
ဖို အသေးစားလေးဖြင့် ရောက်လာ၏။ အမဲသုပ်တော့  ရောက်မလာသေး။ မီးသွေးမီးအားကောင်းလာအောင်
စောင့် ရင်း ပွက်လာသည့် အခါ မြေအိုးထဲထည့် ရန် ယမ်းစိမ်းတို့ ၊ အမွှေးနံ့ သာတို့ ဖြင့်စီမံထားသော အသား
ပန်းကန်ထဲမှ အသားများ ဖြည်းဖြည်းချင်း ထည့် ရ၏။ မြေအိုးက ပရိတ်အိုးသာသာလေးဖြစ်သည်မို့  အများကြီး
ထည့် ၍မရ။ မီးအားပြင်းလာပြီး အသားမကျက် တကျက်မှာ အသီးအရွက်များ ထည့် သည်။ နည်းနည်းမွှေပြီး
လျှင် စားလို့ ရပြီ။

ဂျွန်တို့ ရှေ့ မှ ပန်းကန်လုံးများထဲသို့  ကျွန်တော် စပ်ထည့် ပေးပြီး အချဉ်နှစ်မျိုးရှိသည့် အနက် ကြိုက်တာနှင့် 
တို့ စားရန် ရှင်းပြသည်။ အနံ့ က ထောင်းထောင်းထ, နေပြီမို့ သူတို့ ကြာကြာမစောင့် တော့ ဘဲ စားကြ၏။ အချဉ်
က အစပ်ပြင်းပြင်းက တစ်မျိုး၊ အစပ်မပါသည်က တစ်မျိုး ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံး အစပ်ဖြင့်သာ
တို့ ကြ၏။ ကျွန်တော် ဘာမျှမပြောပဲ အမဲသုပ်ကို စားရင်း သူတို့ ကို စောင့်ကြည့်နေမိသည်။ ဂျွန်တို့ နှစ်ယောက်
လုံး အပြုံးကိုယ်စီဖြင့် စကားတွေ တွတ်ထိုးနေကြပြီ။ နောက်တော့  သူတို့ ဘာသာစပ်၍ တစ်ပွဲပြီးတစ်ပဲ စားကြ
လေပြီ။ ဂျွန်တစ်ယောက် ဘီယာငုံလိုက်၊ ဟင်းတွေစားလိုက်ဖြင့် သူ့ ရည်းစားက တားမှပင် ဘီယာနှစ်လုံးကုန်ပြီး
နောက် သူ ထပ်မမှာတော့ ။ ဟင်းကိုတော့  စားဆဲပင်။ စား၍ သောက်၍ ဝ, ကြပြီဆိုမှ ဂျွန်က ပြောလာ၏။
“ မင်းကို အစက မယုံဘူးကွ၊ ဒီလောက်ကောင်းမယ်လို့  မထင်ခဲ့ ဘူး၊ စားလို့ မကောင်းခဲ့ ရင် လာခဲ့ ရတဲ့  အချိန်
တွေကို ပြန်ရော်ခိုင်းမလို့ ၊ အခုတော့  .. ကျေးဇူးပဲဟေ့ ”

ကျွန်တော် ပြုံးရင်း နောက်တစ်နေ့  လှပူရီ ရေပေါ်ဈေး သွားဖို့ ကိစ္စ ဆွေးနွေးဖြစ်ကြ၏။
လှပူရီ ရေပေါ်ဈေးကို ကျွန်တော်မရောက်ဖူးပါ။ သွားပုံကိုတော့ သိသည်။ ထို့ ကြောင့်  အဝေးပြေးကားဂိတ်သို့ 
ကားငှားပြီး ထွက်လာခဲ့ ကြသည်။ အချိန်က မနက်ဆယ်နာရီကျော်ကျော်သာ ရှိသေး၏။ ကျွန်တော်တို့  စီးလာ
သည့်တက္ကစီကားမှ ကားဆရာက ရေဒီယိုဖွင့်ရင်း သီချင်းနားထောင်လာသည်။ ထိုအချိန်မှာပင် သီချင်းသံ ရပ်
သွားပြီး အရေးပေါ် ကြေညာချက်ထွက်လာ၏။ လှပူရီဆေးရုံကို မြန်မာလက်နက်ကိုင်ကျောင်းသားတွေ ဝင်စီး
ထားသည့်  သတင်းဖြစ်သည်။ သတင်း ကြေညာချက်ကို မရှင်း၍ တက္ကစီသမားအား မေးကြည့်ရာ တကယ်ပါဟု
ဆို၏။ တိုက်ရိုက် ထုပ်လွှင့်ပြသနေခြင်းဟုပင် ရှင်းပြသည်။ ကျွန်တော် ဂျွန်တို့ ကို ရှင်းပြသည်။ ဂျွန်တို့ လည်း
အံ့ သြနေကြ၏။ ယခုပင် လှပူရီ ရေပေါ်ဈေးသို့  သွားရန် အဝေးပြေးကားဂိတ်သို့  လာခဲ့ ကြသည်ကိုး..။

ကျွန်တော် စဉ်းစားရတော့ သည်။
“ ဂျွန်ရေ .. ငါလိုက်လို့  မဖြစ်တော့ ဘူး၊ ငါတို့  ရောက်ရင် ကားဂိတ်တွေမှာ စစ်ဆေးနေမှာ သေချာတယ် ”
“ ဘာဖြစ်လို့ လည်းကွာ .. မင်းမှာ ပတ်(စ)ပို့  ရှိနေတာပဲ ”
“ မတူဘူး ဂျွန် .. ဒီအချိန် အဲဒီကို ငါရောက်သွားရင် ဘာမှ မေးမြန်းမှာ မဟုတ်ဖူး၊ မြန်မာဆိုတာနဲ့  ခေါ်ထားမှာ
သေချာတယ်။ မင်းတို့ က ကိစ္စမရှိဘူး၊ စင်္ကာပူတွေ၊ ဒါပေမဲ့  ဂျွန်... မင်းဓါတ်ပုံရိုက်ရင်တော့  သတိထားနော်၊
ဒီနယ်မြေတွေက သိပ်မကောင်းဘူး”

ဂျွန်က သိပ်နားမလည်။ သို့ သော် ကျွန်တော်မလိုက်ခြင်းကိုမူ မကန့် ကွက်။ ဤသို့ ဖြင့် ဂျွန်တို့ နှစ်ဦးအား လှပူရီ
ကားပေါ်သို့  တင်ပေးခဲ့ ပြီး အခန်းသို့  ကျွန်တော် ပြန်လာခဲ့ ပါသည်။ လှပူရီကို ကျွန်တော် ရှောင်ခဲ့ သော်ငြား
လှပူရီဂယက်က ကျွန်တော်နှင့်ဆန်နီကို မရှောင်ပါချေ။ နောက်သုံးရက်အကြာတွင် ဖိုင်တို့  လမ်းထဲမှ ရဲသတင်း
ပေး ကောင်လေးတစ်ယောက်က ကျွန်တော်တို့ ကို ဘာတွေမှန်းမသိဟု တိုင်တန်းလာသဖြင့်  လေဆိပ်သို့ 
ဧည့် သည်များပို့ ပြီး ပြန်အလာတွင် လမ်းထိပ်အရောက်၌ ဆီးဖမ်းပါလေတော့ သည်။

ဤနေရာသည် ယခင်နေခဲ့ သော တိုက်ခန်းများလို မဟုတ်။ ဆူပူရှုပ်ထွေးသော ရပ်ကွက်လေးဖြစ်ပြီး လူမျိုးစုံနေ
သည့် နေရာလည်း ဖြစ်၏။ ကျွန်တော့် ကို ဖမ်းချိန်၌ ကျွန်တော့် မှာ စာအုပ်က နှစ်အုပ်၊ နှစ်အုပ်စလုံး ဗီဇာရှိနေ၏။
ကိုဆန်နီ့ ဆီမှာလည်း သင်္ဘောသားစာအုပ်ရော၊ ပတ်(စ)ပို့  စာအုပ်ပါ အဆင်သင့်  ရှိနေ၏။

ကိုထောက်လှမ်းရေးကြီးများက ဒါကို လက်မခံ။ ရုံးရောက်မှ စစ်ဆေးပြီး လွှတ်ပေးမည်ဟု ဆိုကာ လက်ထိပ်
နောက်ပြန်ခတ်ပြီး ဟိုင်းလတ်ကားပေါ် မ,တင်ကာ ခေါ်သွားပါတော့ သည်။ ကျွန်တော်တို့ အား လှပူရီကန့် ထဲမှ
လူများဟု ထင်နေကြ၏။ ဘယ်လိုမှ ရှင်းပြ၍ မရ။ ထိုင်းစကား တတ်သလားမေးတော့  ကျွန်တော်ရော ကိုဆန်နီပါ
အင်္ဂလိပ်လိုချဉ်း ဘုတောတော့ သည်။

“ ခွေးသားတွေ မျက်နှာက သူပုန်ရုပ်တွေပဲဟေ့  ” ဟု သူတို့ က ကောက်ချက်ချ၏။ သို့ ရာတွင် သူတို့ ထဲ၌
အင်္ဂလိပ်စကားတတ်သူ မရှိ။ ယိုးဒယားလိုသာ မအေ၊ နှမ မိုးမွှန်အောင် ဆဲ၍ ဓါတ်ပုံများကို တိုက်ကြည့် နေကြ၏။
ဓါတ်ပုံများနှင့်  ကျွန်တော်တို့ ပုံများ မတူလေ သူတို့  ဒေါပွလေလေပင်။ သူတို့ ထင်သည်က လှပူရီမှ လက်နက်
ကိုင် ဝင်စီးသူများနှင့်  ကျွန်တော်တို့  တစ်ဖွဲ့ တည်းဟု ယူဆကာ သူတို့  ရထားသော ဓာတ်ပုံများနှင့်  လာလာ
တိုက်ကြည့် နေခြင်း ဖြစ်သည်။

စခန်းကို ရောက်သည်အထိ မပြီးသေး။ လင်မယားနှစ်စုံတွဲနှင့် လူလတ်ပိုင်း နှစ်ဦးကို ခေါ်ကာ ကျွန်တော်တို့ ကို
ပြပြန်၏။ ဟိုလူတွေ ခေါင်းခါပြသည်။ ဒါလည်း သူတို့ က မလွှတ်ပေးသေးပါ။ ပြီးတော့  သူတို့ အကြံက မကုန်သေး
ပါ။ ကျွန်တော်တို့  နားတွင် မြန်မာတစ်ယောက် လာထားပြီး ကျွန်တော်တို့  စကားများကို နားထောင်ခိုင်း၏။
တော်တော်ကြာတော့ မှ ကျေနပ်လက်ခံပြီး စကားအေးအေးဆေးဆေး ပြောလာတော့ သည်။ သူတို့  လူမှားဖမ်း
သည့်  အကြောင်းပင်။ သို့ သော် စစ်ဆေး၍ မပြီးမြောက်သေးသဖြင့်  အချုပ်ထဲသို့ ဝင်လိုက်ပါဦးဟု နားချလေ
တော့ ၏။


( ဆက်ရန် )

..............................................................................................................

ဆရာမာန် ( တောင်လုံးပြန် )၏ ဝတ္ထု ဖြစ်ပါသည်။

7 comments:

Angelhlaing(May everybody be happy and healthy! said...

အဲလိုပဲ အကိုနော်..ကောင်းခန်းဆို ဖြတ်ပြီ...:)

ချော(အစိမ်းရောင်လွင်ပြင်) said...

ရင်မောရပါလား
အချုပ်ခန်းထဲရောက်ရပြန်ပြီ
ဘာတွေများဆက်ဖြစ်ဦးမှာပါလိမ့်။
ပိုပြီးစိတ်ဝင်စားလာတယ်

mstint said...

မဖိတ်ခေါ်ပဲ ရောက်လာတတ်တဲ့ ကံကြမ္မာပေါ့ကွယ်။ ဒီလိုမျိုးကိစ္စတွေ မကြာခနကြားနေရတယ်။
ကြိုတင်သတိထားနေတဲ့ကြားက ဖြစ်ခဲ့တာဆိုတော့လည်း ကံကိုသာပုံချရတော့မှာပေါ့လေ။
စိတ်အစဉ် ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ဟန်ကြည် said...

အလို ယိုးဒယားရဲတွေလည်း မိုက်မိုက်ရိုင်းရိုင်းဆဲတတ်သားပဲကိုး...သူတို့တွေ ၀တ်စားထားတာက သပ်သပ်ရပ်ရပ် ကျကျနနဆိုတော့ လူကြီးလူကောင်းတွေပဲ မှတ်နေတာ...ဒီပို့စ်ကိုဖတ်ရင်း အမဲသားမြေအိုးချက်တောင် စားချင်စိတ်ပေါက်လာမိတယ်...ကောင်းမယ့်ပုံပဲ....

စံပယ်ချို said...

အမဲသားမြေအိုးချက်လေးတော့စားချင်ပါတယ်..
ကောင်းခန်းကျမှ.....ဆက်ပါအုန်းနော်...

sosegado said...

သူပုန်တွေ သူပုန်ရုပ်တွေ ဘယ်လိုသိပါလိမ့်။

IDIOT-Ki said...

ထိုင်းရဲတွေထဲမှာလဲ လပ်စားကြတဲ့သူတွေ အများကြီးရှိပါတယ် ။
ကိုထွေး အတွက်ကတော့ အချုပ်ခန်းဆိုတာ အိမ်ဦးနဲ့ကြမ်းပြင်လို ဖြစ်နေလောက်ပြီပေါ့..
ရှေ့ ဆက် ဘာ ဖြစ်အုံး မလည်း..

လာမယ် ကြာ မယ် ပေါ့ နော်..မပြန်ခင်၊ ဇာတ်လမ်း အဆုံးသတ် ခဲ့ ပါ..

မကိ..