Friday, July 29, 2011

သင်္ဘောသားမို့  စကားမတတ်ရှာ ..။

မဟာထိုင်လမ်းသွယ်ထဲမှာ ဆက်နေလို့  မဖြစ်တော့ လောက်အောင် နှစ်ကြိမ် နှစ်ခါ ခေါ်ယူစစ်ဆေးခံခဲ့ ရပြီး
နောက် ကိုဆန်နီက သူ့ ရည်းစား “ မျှောင် ” ဆိုသည့် ယိုးဒယားမလေးနေသော ရပ်ကွက်ထိပ်ရှိ တိုက်ခန်းကြီး
တွင် အခန်းငှားပေးသည်။ တိုက်ခန်းက သိပ်မကြီး။ ဟောခန်းပါသည်။ မီးဖိုချောင်၊ အိမ်သာ တွဲလျက် ပါရှိသည်။
လစာ ကလည်း မများလှ။ ဘတ်နှစ်ထောင်သာ ပေးရ၏။ မိုးပျံတံတားကြီးကို ကျော်ပြီးနောက် တစ်မှတ်တိုင်ဆို
လျှင် လမ်းထိပ်သို့  ရောက်ပြီ။ ထိုလမ်းထိပ်မှ ဆိုင်ကယ် ငါးဘတ်ပေး၍ စီးလျှင် ရောက်ပါသည်။ စီးလုံသို့  သွား
လျှင်လည်း လွယ်၏။ လေဆိပ်နှင့် တော့  အလှမ်းဝေးလှသည်။

စင်္ကာပူသို့  ဝင်ရသည်မှာလည်း အတော်ပင် ခက်ခဲလာပါသည်။ မြန်မာပြည်မှ ဗီဇာပါလာသူများကလည်း
ဘန်ကောက်မှာ ကြာကြာမနေကြတော့ ။ အဖမ်းအဆီး ထူပြော၍ ဖြစ်သည်။ ရန်ကုန်၊ စင်္ကာပူ တိုက်ရိုက် ဝင်ကြ
သူက များသည်။ ကျွန်တော်တို့ အတွက် အရင်ကလို ဗီဇာ လျှောက်ရသည်မှာ မလွယ်ကူတော့ ပြီ။ သို့ ရာတွင်
စားပေါက် တစ်မျိုး ထွင်ကြရပြန်သည်။

သင်္ဘောသား ဗီဇာကို ရအောင် လျှောက်ကြပြန်လေပြီ။
စင်စစ် စင်္ကာပူ သံရုံးသည် သင်္ဘောတက်ရန်သွားမည့်  မည်သည့် သင်္ဘောသားကိုမှ ဗီဇာ မပေးပါ။ စင်္ကာပူမှ
သင်္ဘောအေးဂျင်းက ဖက်(စ)ဖြင့် ခေါ်စာ ပို့ ပေးသည်။ ထိုခေါ်စာဖြင့်  လေယဉ်လက်မှတ် ဝယ်ရသည်။ လေဆိပ်
ရောက်လျှင် သက်ဆိုင်ရာ လေကြောင်းလိုင်းသို့ ခေါ်စာနှင့် လေယဉ်လက်မှတ် ပေးရပါသည်။ ထို့ ပြင် စင်္ကာပူရှိ
သင်္ဘောအေးဂျင်းက လေကြောင်းလိုင်းသို့  ခေါ်စာကို ဖက်(စ)ဖြင့် ထပ်မံ ပို့ ပေးရ၏။ ထိုအခါ လေကြောင်းလိုင်း
က သင်္ဘောသားကို သူ့ လေယဉ်ပေါ်သို့  တက်ခွင့် ပြုသည်။ စင်္ကာပူ လေဆိပ်ရောက်လျှင် လ.ဝ.က မှ သုံးရက်
ဗီဇာ ပေးလိုက်၏။ အေးဂျင့် က သင်္ဘောသားကို လေဆိပ်မှာ လူကြို လွှတ်ပေးပါသည်။ လိုအပ်လျှင် လ.ဝ.က
အရာရှိက လာကြိုသော အေးဂျင့်နှင့်  တိုက်ရိုက် စကားပြောနိုင်ရန် လာစောင့် ပေးရပြန်သည်။

တစ်ရက်မှာတော့  အစ်ကိုနှင့်အတူ ပါသွားသည့် သင်္ဘောသား တစ်ယောက်အား လေယဉ်လိုင်းက အပြန်လက်
မှတ်မပါ၍ လေယဉ်ပေါ် တက်ခွင့် မပြု။ အနည်းဆုံး သံရုံးဗီဇာပါမှ တက်ခွင့် ပြုမည်ဟု ဆိုလာပါ၏။ အစ်ကို ဘာ
လုပ်ပါသနည်း။ သူရော ထိုသင်္ဘောသားကိုပါ အဝတ်အစားအိပ်များ ကိုယ်စီ ဆွဲ၍ စင်္ကာပူ သံရုံးသို့  ချီတက်ပါ
တော့ သည်။ သံရုံးရောက်တော့ လေယဉ်လက်မှတ်တွေပြ၊ လေကြောင်းလိုင်းမှ ပြောလိုက်သည်များကို ရှင်းပြပြီး
ဗီဇာမပါလျှင် ဒီသင်္ဘောသား သင်္ဘောတက်ခွင့် မရတော့ ဟု တောင်းဆိုပါတော့ သည်။ သံရုံးကလည်း သုံးရက်
ဗီဇာ ပေးလိုက်ပါတော့ ၏။ နောက်ပိုင်းတွင်လည်း သင်္ဘောသားတိုင်းကို သုံးရက်ဗီဇာ ထုပ်ပေးပါတော့ သည်။

လေကြောင်းလိုင်းများနှင့်ပတ်သက်၍ ကျွန်တော်တို့  ဘက်က ချို့ ယွင်းချက်ကလေးများလည်း ရှိပါသည်။
လေကြောင်းလိုင်းများသည် စင်္ကာပူခရီးစဉ်၌ မြန်မာများကို တင်ရသည့် အခါတိုင်း ဗီဇာမပါပဲ မတင်ချင်ကြ။
ဗီဇာပါလျှင်လည်း အပြန်လက်မှတ်ကို မေးလာတတ်ပြန်သည်။ သူတို့ ကိုလည်း အပစ်မဆိုသာပါ။ သူတို့ လေယဉ်
ဖြင့်  ပါသွားသော ခရီးသည်အား စင်္ကာပူ လ.ဝ.က မှ ပြန်ပို့ ပါလျှင် အတော်ကို အလုပ်ရှုပ်ကြရသည်။ ထို့ ကြောင့် 
မြန်မာဆိုလျှင် သိပ်မတင်ချင်ကြ။ လေယဉ်လက်မှတ် သွားဝယ်လျှင် ဗီဇာကို မေးတတ်ကြသည်။ သင်္ဘောသား
ဗီဇာဖြင့်  ဝင်ရချိန်တိုင်း သက်ဆိုင်ရာ လေယဉ်လိုင်းနှင့်  ကျွန်တော်တို့  စကားမပြောရပဲ မပြီး ။ ကျွန်တော်တို့ 
ညီအစ်ကို၏ အဓိက အတားအဆီးသည် ပိစိဖိတ်အဲယားလိုင်း ဖြစ်သည်။

သူတို့ က ကျွန်တော်တို့  လိုက်ပို့ သူများကို သင်္ဘောသားဟု မယုံ ။ စကားပြောကြည့်တော့ လည်း ကိုယ့် လူများ
က စကားမကျွမ်းကျင်။ အင်္ဂလိပ်စကားကို တောင်တောင်အီအီ ဖြစ်နေ၏။ ဒါတောင် မနဲ သင်ထားရခြင်း ဖြစ်၏။
သူတို့ က သင်္ဘောသားတွေကိုမေးတိုင်း ကျွန်တော်က ဝင်ဖြေရင်း တစ်ခါတစ်လေတော့  စကားများကြရသည်။
သင်္ဘောသားတွင် အပြန်လေယဉ်လက်မှတ်မလို၊ ရှိုးမန်းနီး မလို။ ပတ်(စ)ပို့ နှင့်  CDC ပါလျှင် ပြည့် စုံပြီမှန်း
ကျွန်တော်တို့ က ဆုပ်ကိုင်ပြောရသည်။ ထိုအခါ ဂျူတီမန်နေဂျာကို သူတို့ က ခေါ်လေပြီ။ ဂျူတီမန်နေဂျာက
စင်္ကာပူ အေးဂျင်းသို့  ဖက်(စ)ဖြင့် လှမ်းမေးသည်။ အေးဂျင်းက လက်ခံအတည်ပြုမှ လေယဉ်ပေါ် တက်ခွင့် ပြု
တော့ သည်။ နောက်ပိုင်း ဗီဇာ ယူလာသောအခါ သူတို့  ပို၍ပင် အခံရခက်ရှာသည်။ ဤလူများသည် တကယ်
သဘောင်္ာတက်မည့်သူများ မဟုတ်မှန်း သိပါလျက်နှင့်  သူတို့  လေယဉ်လိုင်းအား အသုံးချနေခြင်းကို အခံရခက်
နေရှာ၏။ သို့ သော် ဘာမှ မတတ်နိုင်။ သူတို့ ဘက်က တတ်နိုင်သည်မှာ သင်္ဘောသားအား နောက်ဆုံးပါဆင်ဂျာ
အဖြစ် ချန်လှပ်ပြီး ပညာပြခြင်းပင်ဖြစ်ပါ၏။

ဘင်္ဂလားဒေ့ ရှ်အဲယားလိုင်း ( ဘီမန်း ) နှင့်  အန္ဒိယအဲယားလိုင်းတို့ မှာတော့  နှစ်ပတ်ဗီဇာသမားများကို ဈေး
သက်သက်သာသာဖြင့် ကျွန်တော်တို့  တင်ပို့ ပေးနေသော ဖောက်သည်အဲယားလိုင်းများဖြစ်ပါသည်။ ထိုလေ
ကြောင်းလိုင်းများက အဲယားလိုင်းကြီးများနှင့်  စာလျှင် ဒေါ်လာတစ်ရာကျော် ဈေးသက်သာ၏။ ဈေးသက်သာ
သည့်  နည်းတူ အချိန်လည်း မမှန်တတ်။ တစ်ခါတစ်ရံ အခြားလေကြောင်းလိုင်းများသို့  အကူအညီတောင်း၍
လွှဲပြောင်းပေးရတတ်၏။ ထိုအခါမျိုးတွင် အချောင်စီးရသော ခရီးသည်အဖို့  အစားကောင်းကောင်း စားရသည့် 
အပြင် ဟိုဘက်လေဆိပ်မှာလည်း ဝင်ခွင့်  လွယ်ပါသည်။ အကယ်၍ ဘန်ကောက်လေဆိပ်မှာပင် လာမည့်
လေယဉ်မှာ အကြောင်းကြောင်းကြောင့်  နာရီများစွာ နောက်ကျမည်ဆိုပါက လေယဉ်လိုင်းများက စားသောက်
စရိတ်ကတ်ပြားများ ထုတ်ပေး၏။ လေဆိပ်အတွင်းရှိ မည်သည့် ဆိုင်၌မဆို ဝဝလင်လင် စားနိုင်၏။ ဤအခွင့် 
အရေးမျိုးလည်း ကြုံရသေးသည်သာ ။

ကြာလာတော့  ဘန်ကောက်လေဆိပ်သည် ကျွန်တော် ကျင်လည် ကျက်စားရာ ကွင်းပြင်ကြီး ဖြစ်လာခဲ့ ပြီ။
တစ်လလျှင် ဆယ်ကြိမ်ထက်မနဲ ဝင်ထွက် သွားလာနေသူမို့  လေဆိပ်အတွင်း နှ့ံစပ်ခဲ့ သည်မှာ မဆန်းလှပါ။
ကားငှားလျှင် လမ်းမကြီးသို့  ပေါင်းကူးတံတားမှ ဆင်း၍ ထွက်ငှားတတ်ခဲ့ ပြီ။ ပြည်တွင်းခရီးစဉ်လိုင်းဘက်မှ
ထွက်လိုလျှင် ပေါင်းကူးတံတားမှ ဖြတ်ထွက်တတ်ခဲ့ ပြီ။ လေဆိပ်တယ်လီဖုန်း အိပ်ချိန်းရုံးထဲဝင်၍ ဖောင်ဖြည့် ကာ ဈေးသက်သက်သာသာဖြင့်  ဖုန်းဆက်တတ်ခဲ့ ပြီ။ KFC ကြက်ကြော်စား၍ အချိန်ဖြုန်းတတ်ခဲ့ ပြီ။ ပို့ ဆောင်
ခန်း အတွင်းဘက်မှ စားသောက်ဆိုင်သို့  သွား၍ လေယဉ်ပြေးလမ်းများ၊ ဂိတ်ပေါက်များမှ လေယဉ်များကို
သွားငေးတတ်ခဲ့ ပြီ။ ဂိတ်အမှတ်များကို ကြည့် ပြီး မည်သည့်  လ.ဝ.က အပေါက်မှ ဝင်လျှင် နီးမည့် အကြောင်း
လမ်းညွှန်တတ်ခဲ့ ပြီ။ ဘန်ကောက်လေဆိပ်သို့  ပထမဦးစွာ ရောက်လာမည့်  မြန်မာဧည့် သည်များ အပေါက်မှား
ထွက်တတ်သည့် တစ်ဖက်ခြမ်းကို သတိထား စောင့် ကြည့် နိုင်ခဲ့ လေပြီ။ လပ်ဂိတ်ဖြင့်  ပါမလာသော အဝတ်
အစားအိပ်များကို လပ်ဂိတ်ဌာနသို့  သွားအကြောင်းကြားကာ ရွေးယူတတ်ခဲ့ ပြီ ။

ဤပညာများကို သင်ကြားပေးသူမှာ ကိုဆန်နီ ဖြစ်ပါသည်။
သူက ဝါရင့်  သင်္ဘောသားမို့  လေဆိပ်မျိုးစုံကို ဝင်ထွက်သွားလာဖူး၏။ သူ့ အကြောင်း ပြောလျှင် သူ့ ရည်းစား
“ မျှောင် ” ကို ချန်ထား၍ မရပြန် ။ “ မျှောင် ” က မချော။ သွားလေး ခေါတတ်သေး၏။ သို့ ရာတွင် “ မျှောင် ” က
ရဲတင်းသည်။ ပွင့် လင်းသည်။ အကြံဥာဏ်ကောင်းများလည်း ပေးတတ်သည်။ ပြီးတော့  ငယ်သည်။ သူက
အသက်နှစ်ဆယ်ပင် မပြည့် တတ်သေး။
ကိုဆန်နီက ကျွန်တော့် လိုပင် ယိုးဒယားစကားကို ယိုးဒယားမလေးများနှင့်  ချစ်ကြွမ်းဝင်ပြီး သူတို့  ရင်ခွင်ထဲ
ဝင်ကာ စကားသင်ပါသည်။ ကိုဆန်နီက ယိုးဒယားစကားသာမက စာလဲ ဖတ်တတ်သည်။ များများစားစားတော့ 
မဟုတ်။ ကိုဆန်နီ့ မှာ အလုပ်အကိုင် သေသေချာချာ မရှိသည့် တိုင် ငွေတော့  မရှားတတ်။ သူ့ အစ်ကိုက
အမေရိကမှာ ရှိသည်။ မိဘများက ရန်ကင်းဘက်မှာ နေကြသည်။ ကိုဆန်နီ တတ်ကျွမ်းသည်က လေယဉ်လက်
မှတ်ကိစ္စ၊ ဗီဇာ ကိစ္စ၊ လေယဉ်ကွင်း အပို့ အကြိုကိစ္စအပြင် အသစ်ရောက်လာသူများကို သွားရေး၊ လာရေးနှင့် 
လိုအပ်သော အင်္ဂလိပ်စကား၊ ဝှိုက်ကတ် ဖြည့် သွင်းခြင်းများကို စိတ်ရှည် လက်ရှည် သင်ပေးတတ်၏။
သူ့ မျက်နှာက အမြဲ ပြုံးချိုနေတတ်သည်။ စကားပြောလျှင် ပျော့ ပျောင်းညင်သာသဖြင့်  လူခင်များ၏။ လူနိုင်
လည်းများ၏။ သူ့ ကို အနိုင်ဆုံးသူမှာ သူ့ ရည်းစားလေး “ မျှောင် ” ပင် ဖြစ်ပါသည်။

“ မျှောင့် ” မှာ စေ့ စပ်ထားသူ ရှိပြီးသား ဖြစ်သည်။
ကိုဆန်နီနှင့်  ဘယ်လိုတွေ့ ခဲ့ ကြသည်ကိုတော့  ကျွန်တော်မမေးမိ။ မျှောင်တို့ ဘက်က ကိုဆန်နီ့ ကို လုံးဝ
သဘောမကျ။ “မျှောင်” တို့ မိဘများက နယ်မှာ နေကြသည်။ ဒီမှာက “ မျှောင့် ” အမ လင်မယားရှိ၏။
“ မျှောင် ” က ရွာသို့ မပြန်။ ဟိုရောက်လျှင် လက်ထပ်ရမှာ လန့် နေ၏။ ကိုဆန်နီ့ ကိုလည်း ချစ်ရှာသည်။ ချစ်၍
ပါး မကြာခဏ ရိုက်သည်။ ဤသည်မှာ ဓမ္မတာပင်။ ယိုးဒယားမများ ချစ်လျှင် ထိုသို့  ပါးရိုက်တတ်ကြောင်း
နောင်တော့် နောင်တော် မြန်မာကြီးများက ကျွန်တော့် ကို ပြောပြထားခဲ့ ပြီး ဖြစ်၏။ ဖိုင် ကတော့  ကျွန်တော့် 
ကို တစ်ကြိမ် ရိုက်ဖူးသည်။ “ မျှောင့်  ” လို ခဏခဏ မရိုက်။ သိပ်မချစ်၍လားတော့  မပြောတတ်။

“မျှောင်” သည် ကိုဆန်နီ့ ကို အနိုင်ကျင့် တတ်သော်ငြား ကျွန်တော်တို့  လုငန်းများကိုတော့  အများကြီး အကူ
အညီ ပေးပါသည်။ ကျွန်တော် ချင်းမိုင်ကို နှစ်ကူးရက်ကြီး ခရီးထွက်ဖို့  ကြုံလာစဉ်က ကားဂိတ်ရော၊ ရထားဘူ
တာမှာပင် လက်မှတ်မရ ဖြစ်နေခိုက်၊ “ မျှောင် ” က လေဆိပ်သို့  အရေးပေါ်ဟန်ဖြင့်  ဖုန်းဆက်ကာ လေယဉ်
လက်မှတ် မှာပေးသည်။ နောက်တစ်နေ့ မနက်မှာ ထိုလေယဉ်ဖြင့်  ကျွန်တော် ခရီးထွက်နိုင်ခဲ့ ပါသည်။

တစ်ကြိမ်မှာတော့  ရနောင်းနယ်စပ်သို့  သွားရန်အတွက် ကားငှားဖို့ ကိစ္စ “မျှောင့် ”ကို ခေါင်းဆောင်တင်ရသည်။
ဖိုင်နှင့်  ဖိုင်တို့ အဖေလည်း လိုက်လည်ကြပါသည်။ ကားက “ တောင်းအေ့ (စ) ” အမျိုးအစားဖြစ်ပြီး မျှောင်တို့ 
ပါနေသဖြင့်  အသွားရော အပြန်ရော အဆင်ချောပါ၏။ စကားမစပ် ထိုခရီးတွင် မျှောင်တို့ အုပ်စု သရဲခြောက်ခံ
ရပုံလေး ပြောပြပါဦးမည်။

ရနောင်းမြို့  “ GREEN PEACE ” ဟိုတယ်တွင် ကျွန်တော်တို့  အခန်းသုံးခန်း ငှားကြပါသည်။ ကျွန်တော်၊ ဖိုင်
ကိုဆန်နီ၊ မျှောင်နှင့်  မိုးမိုးတို့ က တစ်ခန်း၊ ဖိုင့် အဖေတို့ နှင့်  ကားသမားများက တစ်ခန်း ဖြစ်သည်။ မိုးမိုးက
အလည်တွင် ကုတင်တစ်လုံး အစားထိုး၍ အိပ်သည်။ သရဲသည် ကျွန်တော်တို့ ကို ပုံတူဖမ်း၍ ခြောက်ခြင်းဖြစ်ပါ
သည်။ ရေချိုးပြီး ထမင်းစားထွက်ကြသည်။ ထမင်းစားပြီး အားလုံး ခရီးပန်းလာသဖြင့် စောစောပင် မီးမှိတ်၍
အိပ်ယာဝင်ကြပါသည်။ ကျွန်တော်က အိပ်မပျော်၍ ရေ ထ,ချိုးပါသည်။ ရေချိုးပြီးတော့  ဟိုတယ်သုံး တဘက်
ကြီးဖြင့် ကိုယ်ကို ပတ်၍ စားပွဲခုံရှေ့ ၌ ဆေးလိပ် ထိုင်သောက်နေ၏။
ခဏအကြာတွင် ဖိုင်တို့  အဖေအခန်းသို့ ကားသမားများနှင့်  မနက်ခရီးစဉ်အတွက် စကားပြောရန် ထွက်သွားခဲ့ 
သည်။ ထို့ နောက် နာရီဝက်ခန့်  အကြာတွင် အခန်းသို့  ကျွန်တော် ပြန်ဝင်ခဲ့ တော့ သည်။ ကျွန်တော် ဝင်လာ
သည်ကို မြင်တော့  အရင်ဆုံး ထ အော်သူမှာ မိုးမိုး၊ နောက် မျှောင် ဖြစ်သည်။ မျှောင် အော်ပုံက ရူးပါပြီ၊ ရူးပါပြီ
ဟု သုံးလေးငါးခွန်း ထအော်နေ၍ ကျွန်တော်တို့  မီးများဖွင့် လိုက်ကြသည်။ မျှောင် ကြောက်လန့် နေသလို၊ မိုးမိုး
လည်း ခေါင်းမြီးခြုံရင်း ဘုရားတ,နေပါ၏။
သရဲက ကျွန်တော် ထိုင်နေသလိုထိုင်၊ ကျွန်တော် ပတ်ထားသော တဘက်ကို ပတ်၍ မှန်တင်ခုံရှေ့ ၌ တစ်ချိန်လုံး
ဆေးလိပ်ဖွာနေရင်း မိုးမိုးမေးသမျှ ခေါင်းညိတ်၊ မျှောင်ပြောသမျှ လိုက်ရယ်သံ ပေးခဲ့ သည်တဲ့ ။ မျှောင်က စကား
ပြောခဲ့ သူမို့  ပို၍ ကြောက်နေ၏။ သရဲ၏ လုပ်ကွက်ပိုင်ပုံကို ကျွန်တော် အတော် အံ့ သြပါ၏။ ကျွန်တော်
ထွက်သွားချိန်လေးကို အမိအရ နေရာယူနိုင်ပုံလေးကို ချီးကျူးရမလိုပင်။ သို့ သော် မချီးကြူးနိုင်။ ဟော်တယ်
ဝန်ထမ်းခေါ်၍ ချက်ခြင်း အခန်းပြောင်းကြတော့ ၏။ ဝန်ထမ်းများက ဘာမျှမပြော၊ ရယ်၍သာနေလေသည်။ ထို
သရဲ ဝင်မွှေသွားသဖြင့်  ဖိုင်တို့  မိန်းမသားသုံးယောက် ခုတင်တစ်လုံးတွင် အိပ်ခွင့် ရယူ၍ ကျွန်တော်နှင့် ကိုဆန်
နီတို့  လက်ကျန်ပုလင်းကို ရှင်းရင်း သူတို့ နှင့်  ခပ်ခွာခွာ အိပ်ရပါလေ၏။

သရဲတစ္ဆေနှင့် ပတ်သက်လျှင် ကျွန်တော်မကြောက်တတ်ခြင်းက မျိုးရိုးလိုက်၍ ဖြစ်ပါလိမ့် မည်။ ကျွန်တော့်ထက်
သတ္တိကဲသူမှာ ကျွန်တော့်ဦးလေး ဦးတင်အေးပင်။ သန့် စင်တို့  အဖေပင် ဖြစ်ပါသည်။ သူငယ်စဉ်က တစ္ဆေနှင့် 
နပန်းလုံးဖူးသည်ဟု အဒေါ်က ပြောပြဖူးပါသည်။ သူတို့ နေသော ကံဘောက်ရွာသည် တစ်ခေတ်၊ တစ်ခါက ခဲမိုင်းတွင်းပေါင်းများစွာ တူးဖေါ်ထုပ်လုပ်ရင်း စီးပွားရှာကြသူများဖြစ်သည်။ ခဲမိုင်းများက အမျိုးအစား များလှ၏။
အများအားဖြင့် တရားမဝင် ခဲမိုင်းထောင်သူများက အများစု ဖြစ်သည်။ ကျွန်တော်တို့  အဖိုးလည်း ဖ.ဆ.ပ.လ
ခေတ်က ယောက်ဖဖြစ်သူ ပြည်နယ်အမတ် ဦးစံမြိုင်၏ အရှိန်အဝါကို သုံး၍ ခဲမိုင်းထောင်ဖူးသည်။ သူ့ သားသမီး
များ လက်ထက်ကျတော့ လည်း ဆက်လက်လုပ်ကိုင်ခဲ့ ကြ၏။ ထိုခေတ် ထိုအခါက ခဲမိုင်း ထောင်စားသည်မှာ
ဘာမှမဆန်းလှ။

ကျွန်တော်တို့  မြို့ နေသူများအဖို့  လက်တွေ့  မဟုတ်၍ မယုံနိုင်သည်များက အဖေတို့ နယ်တွင် အများအပြား
ရှိလှပါသည်။ လူကြမ်းလျှင် နတ်ကြမ်း မခံနိုင်သည့် စကားကို သက်သေပြခဲ့ သူလည်း အဖေတို့ နယ်တွင် ရှိခဲ့ ဖူး
ပါ၏။

ကျွဲ၊ နွားများကို တစ်ဖက်နိုင်ငံသို့  ခိုးပို့ ကြရာတွင် လမ်း၌ နတ်စင်နှင့်  နတ်ကွန်း ရှိသော ညောင်ပင်ကြီးတစ်ပင်
ကို ဖြတ်သန်းသွားရပါသည်။ ထိုဒေသ၌ အလေ့ အထလုပ်ထားသည်မှာ ထိုညောင်ပင်၌ နားခို၍ထိုညောင်ပင်မှ
ဖြတ်သန်းသွားကြသည့်  ကျွဲ၊ နွား မှောင်ခိုသမားများ အနေဖြင့် ကျွဲ၊ နွား တစ်ကောင်ကောင်ကို ချန်ထားပေးခဲ့ ရသော ထုံးစံ ရှိ၏။ ထိုညောင်ပင်က နတ်ကလည်း အလွန်ကြမ်းလှသည်ဟု သတင်းကြီးလှသည်မို့  ထိုထုံးစံကို
ကျွဲ၊ နွား မှောင်ခိုသမားများ မဖျက်ရဲ။

တစ်ချီမှာတော့  ခပ်ရွတ်ရွတ်၊ ခပ်ကန်းကန်း၊ ကျွဲမှောင်ခိုသမားတစ်ယောက် သူ့ ကျွဲအုပ်နှင့် အတူ ညောင်ပင်
အောက် ရောက်လာကြတော့ သည်။ အချိန်တန်သည့် အခါ ကျွဲမှောင်ခိုသမားက ထုံးစံအတိုင်း သူ့ ကျွဲအုပ်ထဲမှ
ကျွဲတစ်ကောင်ကို ချန်ထားရစ်ပါ၏။ သို့ ရာတွင် သူချန်ထားပုံမှာ သူများတွေလို ညောင်ပင်နှင့် ချီနှောင်၍ ချန်
ထားသည်မဟုတ်။ နတ်စင်တိုင်နှင့်  ကျွဲကို ချဉ်နှောင်ထားခြင်း ဖြစ်၏။ ကျွဲအုပ်က ခရီးနှင်လေသောအခါ ကျန်ခဲ့ 
ရသော ကျွဲက ရုန်းပါလေတော့ သည်။ ခပ်မာမာ စောင့် အရုန်းတွင် နတ်စင်ခင်မျာလည်း ဒရွတ်တိုက်ကာ ကျွဲနှင့် 
ပါချေတော့ ၏။ ထိုအခါ ကျွဲမှောင်ခိုသမားက နတ်စင်ကို ဖြုတ်၍ “ ကိုင်း .. ရှင်ကြီးရေ၊ ငါတော့  ထားခဲ့ တာပဲ၊
ဒါပေမယ့်  ရှင်ကျွဲကြီးက မနေဘူး၊ ဒါကြောင့် ခေါ်သွားပြီဝှေ့  ” ဟု ဆိုကာ ကျွဲကို ပြန်ခေါ်သွားလေတော့ သည်။
ညတွင်ပဲ ထိုညောင်ပင်ထိပ်၌ မီး ထ လောင်တော့ သည်။

ထို့ နောက် ရွာသူကြီးထံ နတ်ဝင်ပူးသော လူတစ်ယောက် ရောက်လာ၍ အကျိုးအကြောင်း မေးမြန်းသည်တွင်
နတ်က တိုင်ချက်ဖွင့် ပါလေတော့ ၏။ သူကြီးက အရေးယူပေးပါမည့် အကြောင်း၊ ကျွဲ၊ နွား မှောင်ခိုများ ပြန်လာ
လျှင် အရေးယူပေးပါမည့် အကြောင်း၊ ကျွဲ၊ နွား မှောင်ခိုများ ပြန်လာလျှင် မည်သူ့ လက်ချက်မှန်း ပြောပါဟု
နှစ်သိမ့် ကာ နတ်စင်အသစ် ပြန်တည်ပေးရတော့ ၏။

ကျွဲ၊ နွား မှောင်ခိုသမားများ ပြန်လာချိန်တွင် လူစုစေပြီး ထိုနတ်ကြမ်းကို ပင့် ကာ မေးရပြန်လေတော့ သည်။
နတ်ကြမ်းက လူကို ဝင်ပူးပြီး တန်းစီရပ်နေသော ကျွဲ၊ နွား မှောင်ခိုသမားများကို စေ့ စေ့ ငှငှ လိုက်ကြည့် ၏။
ကိုလူရမ်းရှေ့  ရောက်သည့် အခါ ကိုလူရမ်းက မျက်ဒေါင့် နီကြီးဖြင့်  ကြည့် ကာ အံကြိတ်ပြလိုက်၊ နတ်ကြမ်းက
နောက်တစ်ယောက်ကို မျက်နှာလွှဲလိုက်နှင့် ၊ နောက်ဆုံး သူကြီး ရိပ်မိတော့ မှ ကိုလူကြမ်းက ဝန်ခံပါလေတော့ 
သည်။ သို့ ရာတွင် နတ်ကြမ်းက ဘာမှ မပြောဝံ့ ဟု ဆိုကြ၏။

ကျွန်တော်နှင့်  ဖိုင်တို့ အချစ်ကို အားကျကာ ကျွန်တော်တို့ ကဲ့ သို့  သားသမီးရရန် ကြိုးစားခဲ့ သော ကိုဆန်နီနှင့် 
မျှောင်တို့ ၏ ဇာတ်သိမ်းက ကြားရသည်မှာ မချိရှာပါ။ မျှောင်တစ်ယောက်၊ သူ့ အသိုင်းအဝိုင်း၊ သူ့  ဓလေ့ ထုံးစံ
များကို ဆန့် ကျင်၍ သားသမီးယူရင်း မီးတွင်းထဲမှာပင် ဆုံးပါးသွားရှာပါသည်။ ကိုဆန်နီလည်း မြန်မာပြည်သို့ 
ပြန်သွားသည်ဟု သိရပါသည်။ ကလေးကိုတော့  ဘာသတင်းမှ ဆက်၍ မကြားရတော့ ။ ကိုဆန်နီတစ်ယောက်
မျှောင်နှင့်  စကားများကြတိုင်း ပြောလေ့ ရှိသည့် စကားတစ်ခွန်းကို ကျွန်တော်ကြားယောင်နေမိသည်။
“ သင်္ဘောသားလေ၊ ထိုင်းစကား ဘယ်ကျွမ်းပါ့ မလဲ” ဟူသော စကား။ ကိုဆန်နီက ဆဲလျှင် မြန်မာလို ဆဲ၏။
မျှောင်ကမေးလျှင် ထိုစကားလေးဖြင့်  နှာနှပ်လွယ်တတ်ပါ၏။

ယခုတော့  “ မျှောင် ” လည်း မရှိရှာတော့ ပြီ။ သူ့ မိဘ များကတော့  ကျေနပ်ကြမည်မထင် ။


( ဆက်ရန် )

.................................................................................................................

ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။
မကြာခင် ကာလအတွင်း ကိုထွေး၏ ဇတ်ကို သိမ်းရပါတော့ မည်။
ရေးခွင့်  ပြုခဲ့ သော ဆရာ့ ကိုလည်း ကျေးဇူးတင်နေမိပါသည်။

11 comments:

Anonymous said...

မျှော်နေပါတယ် စာရိုက်ရတာ ညောင်းနေပြီလား

ရွှေစင်ဦး

IDIOT-Ki said...

ယိုးဒယားမ လေးတွေက ချစ်ရင် ပါးရိုက်တတ်ကြသတဲ့လား...
ဒါဆို ဗမာယောကျာင်္းလေးတွေက ချစ်ရင် လက်သီးနဲ့ထိုးတတ်တယ် လို့  ပြောပြထားရမလို ဖြစ်နေပြီ...း))

ကို ကျော်ကြီးလည်း သတိထားနေ ပေါ့...

ထိုင်းသူရဲ ကလည်း အလာကြီးပဲ.. ပုံမှားရိုက်တတ်တယ် ဆိုတော့..အင်း.. ထိုင်းသရဲ အစစ် မှ ဟုတ်ပါ့မလား

ဇာတ်သိမ်းခန်း ကို စောင့်မျှော်လျှက်..

မကိ

Angelhlaing(May everybody be happy and healthy! said...

အင်းဗဟုသုတတွေအများကြိးရတယ်...သင်္ဘောသားတစ်ယောက်ရဲ့ အတွေ့အကြုံတွေရောပေါ့...
စောင့်မျှော်လျှက်ပါဗျို့.....:):0

စံပယ်ချို said...

သူငယ်ချင်းလဲထိုင်းမလေးတွေကိုစိတ်ဝင်စားရင်
မျက်နှာကို သံခေါင်းစွပ်မင်းသားလိုလုပ်ထားပါလား
ပါးရိုက်ရင်ခံသာအောင်လို့ပါ။
အကြံပြုခြင်းဖြစ်ပါသည်။

ဟန်ကြည် said...

အရသာ ပိုရှိလာတယ်...တောင်လုံးပြန်ရဲ့ ၀ထ္ထုကို ရှာဖတ်ရင် ရမှန်းသိပေမယ့် အခုလို တဖြည်းဖြည်းနဲ့ အရသာခံဖတ်ရတဲ့အရသာကို ပိုမက်တာမို့ စိတ်ရှည်လက်ရျည် စောင့်ဖတ်ဦးမယ်...လက်ညောင်းခံပြီး တပင်တပန်း စာရိုက်တင်ပေးတဲ့ အဖြူလေးကိုလည်း ကျေးဇူးအနန္တပါ...

လရောင်ချို.... said...

သဘောင်္ံသားတွေကကြောက်စရာကြီးတွေပါလားးးးခုမှသိရတော့ တယ်...ကျေးဇူးးးး

nyopyar88888 said...

ဆန်နီဆိုတာ ဖတ်တီး(ဆန်နီ)လာဝေးးးးး ဘယ်ကျော်ဘန်နီးအကိုလေး

nyopyar88888 said...

အမယ်းးးးလရောင်ချိုက သင်္ဘောသားကိုသာကြောက်တာ၊ သင်္ဘောသီးတော့ ကြိုက်တယ်မဟုတ်လာ????လက်သုပ်လုပ်စားရင် အရမ်းကကောင်းးးးးး

mstint said...

အဖြူလေးရေ အခုလို စာကောင်းပေကောင်းတွေ မျှဝေပေးတဲ့အတွက် ကျေးဇူးပါကွယ်။ ဆက်ရန်လေးကို စောင့်မျှော်နေတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

sosegado said...

ဖတ်ရင်းနဲ့ ဘန်ကောက်မှာ လည်ဘူးတဲ့အချိန်တွေကို သတိရမိတယ်၊ ပါးတော့အရိုက်မခံဖူးဘူး….းD

မေသိမ့်သိမ့်ကျော် said...

ဖတ်လို့ တော်တော်ကောင်းတယ်။ ဆက်ရန်ကို မျှော်နေပါတယ်။


ခင်တဲ့