Sunday, December 12, 2010

အသက်ရှု လိုက်တိုင်း .... ( ၃ )

အသက်ရှုပါ ဟု ကျွန်တော် အပိုင်း( ၁ ) နှင့်  ( ၂ ) တွင် အခါခါပဲ ပြောမိခဲ့ ပါသည်။
အသက်ရှုနေသည့် အချိန်နှင့် အမျှပဲ ကိုယ် တစ်နေ့ တာကျင်လည်နေရသော ဝန်းကျင်တို့ မှ အမျိုးမျိုးသော
အာရုံတို့ ကြောင့်  နေ့ လေးတစ်နေ့  ဘဝလေးတစ်ခု ကုန်ဆုံးသွားတိုင်း ကိုယ့် စိတ်ဘဝင် ကလေးကတော့ 
အမြဲတန်းညစ်နွမ်း ပင်ပန်းနေခဲ့ ရသည်ဆိုတာကိုလည်း ဆွေးနွေးခဲ့ မိပါသည်။ တငွေ့ ငွေ့  သော မီးအိုးကလေး
ကို ရင်ဝယ်ဆွဲချိတ်မိနေရင်းက ကိုယ့် ဘဝရဲ့  ဘယ်တော့ မှ ပြန်မရနိုင်တော့ သည့်  ဘဝနာရီ၊ ဘဝ အချိန်များကို
အမှုမဲ့  ဖြတ်ကျော်လာနေပြီး ဘဝရဲ့  နေဝင်ချိန်ကိုတောင် တဖြည်းဖြည်းရောက်ရှိလာကြပြီဟု မြင်မိပါသည်။

ဘယ်တော့ မှ အနိုင်မရခဲ့ ဘူးသော လောကကြီး ထဲမှာ အရွယ်အမျိုးမျိုးသော ကျွန်တော်တို့ က ပုံသန္တန်မျိုးစုံဖြင့် 
အမှုမဲ့ အမှတ်မဲ့  ဖြတ်ကျော်မိနေရင်း လျင်မြန်စွာကုန်ဆုံးနေသော ၊ ပျောက်ဆုံးသွားနေသော အချိန်နာရီတို့ ကို
လည်း သတိမပြုမိပဲ ရှိနေကြပါသည်။

သည်နေရာမှာတော့  ကျွန်တော်နာယူမှတ်သားခဲ့ မိသော အလွန်မြန်လွန်းနေသောကြောင့် အကြာကြီး ပါ ၊
မပျောက်တော့ ပဲ မြဲ နေတုံး ၊ ရှိနေတုံးပါ ပဲ ဆိုသည့် “ သဘော ” လေး တစ်ခုကို ထည့် သွင်းဆွေးနွေးကြည့် ချင်
ပါသည်။

မီးသီး ၊ မီးချောင်း တို့ ကို ခလုပ်ကလေးနှိပ်လိုက်ရုံမျှဖြင့်  အမြဲတန်းလင်းနေပါသည်ဟု အမြင်အားဖြင့် အထင်မှား
ရှိလိုက်နိုင်သော်လည်း အတွင်းထဲရှိတန်စတင်နန်းကြိုးတို့ တွင် သိပ္ပံသဘောအရ မတူညီသော အဖို၊အမဓါတ်
သဘောတို့  အကြိမ်ကြိမ် တွန်းကန် ဖြစ်ပျက်လာပြီးမှအမြဲ တန်း နေရသည့်  အလင်းတန်းကြီး ဖြစ်ပေါ်နေရသလို၊
အမြဲပဲ တငေးငေးနှင့်  ကြည့် နေခဲ့ မိသော တီဗွီ ဖန်သားပြင်ပေါ်ဝယ် ရောင်စုံလွန်းသော ရုပ်သံတို့  ထွက်ပေါ်လာ
ရသည်မှာလည်း တစ်စက္ကန့် လေးအတွင်းမှာပင် မတူညီသော မော်လီကျူးဒြဗ်အမှုံတို့  သူတို့ အချင်းချင်း အကြိမ်
ပေါင်းသိန်းသန်းမကအောင် ရိုက်ခတ်လိုက်ရခြင်းကြောင့်  ဖြစ်ပေါ်လာရသည်ဟု မှတ်သားထားမိပါသည်။

မတူညီသောသဘောတွေ ရိုက်ခတ်နေရသောကြောင့်  အကြိမ်ကြိမ်ပဲ မော်လီကျူးအဟောင်းတို့  ပျက်စီးပျောက်
ကွယ်သွားရသည့် တစ်ချိန်ထဲမှာပဲ အသစ်သစ်သောမော်လီကျူးအသစ်တို့ သည်လည်း တပြိုင်နက်ထဲ အစား
ထိုး ဖြစ်ပေါ်သွားရသည့်  ဖြစ်စဉ် အားလုံးတို့ သည် မျက်စေ့ တမှိတ် ၊ လျှပ်တပြက် အတွင်းကလေးမှာပဲ ဖြစ်ပေါ်
ခဲ့ ခြင်းပဲ ဖြစ်ပါသည်။

အမြဲမပြတ်ပဲ နှစ်ပေါင်းများစွာ၊ ခေတ်ပေါင်းများစွာ ဖြတ်သန်းစီးစင်းနေသည့်  “ ဧရာဝတီမြစ်ကြီး ” နှင့် ခိုင်းနှိုင်း
ထားသော ဥပမာတစ်ခုကိုလည်း မှတ်မိနေပါသေးသည်။ တသွင်သွင်စီးစင်းနေသောမြစ်ရေတွေကို အမှတ်မဲ့ 
ကြည့်လျင်တော့  မြစ်ရေတွေက စဉ်ဆက်မပြတ်ပဲ အမြဲပြည့် နေ၊ ရှိနေသလို၊ မြဲ နေသလို ထင်ရ မြင်ရပေမဲ့ 
ဒိထက်များ မြစ်ပြင်ထဲကို စူးစူးစိုက်စိုက် ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လျင်ဖြင့်  “ ရှေ့  ရေ ကို၊ နောက်ရေ က တွန်း
သွားနေတဲ့  အရှိသဘော တွေ ပဲ ” မြင်လာရမည်ဖြစ်ပါသည်။

မြစ်ရေထဲကို ခြေရာ တစ်ခါပဲ ချလို့ ရပါမယ် ဟူသော စကားပုံတစ်ခုကိုလည်းအမှတ်ရမိလာပါသည်။
ပထမဆုံးချလိုက်မိသည့်  ကိုယ့်ခြေရာက ချသည့် နေရာတွင်ပဲ မရှိတော့ တဲ့ သဘော တစ်ခုကို ပြောချင်တာဟု
လည်း ထင်မိပါသည်။


လျင်မြန်စွာပဲ ဖြစ်ပျက်ပြောင်းလဲနေတတ်သော သဘောကို ကျွန်တော်တို့  သာမန်မျက်စေ့ ဖြင့်  အလျင်မှီအောင်
လိုက်မကြည့် နေနိုင်ပေမဲ့  တကယ့် အစစ်အမှန် “ သဘော ” လေးကိုတော့  အရှိအတိုင်း မှတ်ယူရမည်ပဲဖြစ်ပါ
သည်။ ငြင်းလို့ မရသည့်  တကယ့်  အရှိသဘော ပါဟုလည်း ဆင်ခြင်မိပါသည်။

အရှိသဘော ... တဲ့ ။
သိပ်အရေးကြီး နေပါသည် ။
ထိုမျက်စိတမှိတ် လျှပ်တစ်ပျက်အတွင်းမှာကိုပဲ တရွရွ တမွမွ ဖြင့်  အဟောင်းအဟောင်းတို့  ချုပ်ညိမ်း၍ အသစ်
အသစ်တို့  ထပ်ပြန်တလဲလဲ အစားထိုးနေသည့် အချိန်တွေ ၊ရုပ်ဝတ္ထုတွေ ကနေတဆင့်  မိမိရဲ့  ခန္ဓာအိမ်ကြီး
ထဲရှိ အသွေး၊အသား ဆဲလ် အမှုန်တွေ ရုပ်ကလတ်စည်းတွေ အထိ တဆင့် ပြီးတဆင့်  ဆွဲယူထိုးဖောက်ပြီး ခံစား
ကြည့် လိုက်စေချင်ပါသည်။

အဟောင်းအဟောင်းတို့  အမြဲ ကုန်ဆုံးပျောက်ကွယ်နေသလောက် အသစ်အသစ်တို့ ဖြင့်  အမြဲအစားထိုးဖြစ်
တည်နေသော မမြဲသည့် သဘောတရားတို့ နှင့် သာ ဖြစ်တည်နေရသည့်  မြဲ သည်ဟု ထင်နေရသည့်  ကျွန်တော်
တို့  ခန္ဓာ အိမ်တွေမဟုတ်ပါလား လို့ ။

ကျွန်တော်တို့  အရွယ်ရောက်လာသည့် အချိန်မှစ၍ ယနေ့ အချိန်အထိ ကျင်လည်နေခဲ့ ရသော ဗုဒ္ဓဘာသာ
အသိုင်းအဝိုင်းကြီးထဲမှာ နီးနီးတစ်မျိုး၊ ဝေးဝေး တစ်မျိုး၊ တိုးတိုးတစ်မျိုး ၊ကျယ်ကျယ်တစ်မျိုး ကြားကြားနေခဲ့ ရ
သော ဆရာတော်ကြီးများ အာပေါက်အောင် အကြိမ်ကြိမ် သင်ကြားနေသော “ ဖြစ်ပြီးတဲ့  အရာတိုင်း ပျက်နေ
ရသော ဖြစ်ပျက် ” ဆိုသည့် တကယ့် အရှိသဘော ကိုဖြင့်  အထက်က တင်ပြခဲ့ သည့်  မြန်လွန်းသောကြောင့် 
ကြာနေ ၊ မြဲနေရပါသည် ဆိုသည့်  သဘောတရားတို့ နှင့် သာ နှိုင်းယှဉ်လက္ခံ လို့ ရပါသည်ဟု ပြောကြည့် ချင်
ပါသည် ။

အရင်တုံးကတော့  ကြားဘူးနားဝရှိနေသည့် “ ဖြစ်ပျက် ” ဆိုသည့်  ဝေါဟာရကို ကျွန်တော်လုံးဝ နားမလည်နိုင်
အောင်ကိုဖြစ်နေခဲ့ ရပါသည်။ ကျွန်တော့် ဘိုးဘွားမိဘတွေအားလုံးက အစဉ်အဆက် ဗုဒ္ဓဘာသာဝင်များပဲဖြစ်ခဲ့ 
၍သာ ကျွန်တော်က မိရိုးဖလာအရ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်နေရုံမျှပဲဆိုတော့ လဲ ဗုဒ္ဓစာပေ၊ ဗုဒ္ဓဘာသာ၏
အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်သဘောတရားတွေ ၊ ကျင့် စဉ်တွေနှင့်  နီးနီးကလေးဖြစ်နေပေမဲ့  အမြဲ ဝေးဝေး မှာ
သာရှိနေခဲ့ ရပါသည်။

ယ္ခုတော့  မိတ်ဆွေတစ်ချို့  ဆီမှ ရရှိလိုက်သော ဘာသာရေး “ လင့် ”ကလေးများကို တဖြည်းဖြည်းဝင်ရောက်
နာယူ ဆင်ခြင်မိလာရင်းမှ တစ်သက်လုံးမှာမှ လုံးဝ နားမလည်ခဲ့ ဘူးသော “ ဖြစ်ပြီးတိုင်းပျက်နေသည့် ဖြစ်ပျက်
သဘော ” လေးတွေကို သဘောပေါက်သလိုလို ရှိလာခဲ့ ပါသည်။ ခု ချိန်ထိ “ သလိုလို ” အဆင့် ပဲ ဆိုတာကို
တော့ ရိုးသားစွာပဲ ဝန်ခံ လိုက်ပါသည်။


ကျွန်တော်တို့ လိုသာမန်ပုထုစဉ်တို့ အနေနှင့် တော့  ထိုကဲ့ သို့  မိနစ်စက္ကန့် မပြတ်၊ မျက်စေ့ တမှိတ် လျှပ်တပြက်
အတွင်းကလေးမှာတောင် မမြဲနိုင်အောင်ပဲ ကိုယ့် ခန္ဓာအိမ်ကြီး တစ်ခုလုံး ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတာကို ဘယ်
လိုနည်းနဲ့ မှ မမြင်နိုင်ပေမဲ့ “ ဗုဒ္ဓ ” ရှာပေးခဲ့ သော ဘယ်တော့ မှ မပြောင်းလဲ ၊ မမှားယွင်းနိုင်သည့်  ထာဝရအမှန်
တရားကိုတော့  နားလည်နှလုံးသွင်းထားသင့် ပါသည်။

ဘုရားရှင်မြင်သလိုမမြင်နိုင်ပေမဲ့ လဲ ဘုရားရှင်က သူမြင်တာတွေအားလုံးကို အရှိအတိုင်းပဲ ဟောကြားထားခဲ့ 
တာတွေ ဖြစ်သောကြောင့်  ဗုဒ္ဓ ရဲ့  သာသနာကို ကိုးကွယ်နေကြတဲ့ ကျွန်တော်တို့ အားလုံးက အကြွင်းမဲ့ ယုံ
ကြည်လက္ခံရမည်ပဲ ဖြစ်ပါသည်။

လူပိန်းတွေးဖြင့်  တကယ်ပဲ မကုန်တော့ ပါဘူး ၊ မြဲ နေတုံးပါပဲကွာ ဟု ဆိုလျင် ကျွန်တော်တို့  အခု ဘယ်အရွယ်
ရောက်နေခဲ့ ကြ ပြီ လဲ လို့ ။ ငယ် သူတွေ ကြားထဲမှာ ကိုယ်ပါ မေ့ မေ့ လျော့ လျော့ နှင့်  ရောငယ်နေမိတာပဲ
မဟုတ်ပါလား လို့ ။

စ ထားမိသည့်  အသက်ရှုသည့် ကိစ္စကို ပြန်ဆက်ကြည့် ပါမည်။
၁၀ယောက်မှာ ရှစ်ယောက်ကတော့  ကိုယ်အသက်ရှုနေတာကို မသိမိပဲ၊ အမှုမဲ့  အမှတ်မဲ့  နေ နေမိကြမှာပဲဖြစ်
ပါသည်။ အဲ .. ကိုးယောက်လောက်လဲ ဖြစ်နိုင်သလို အဲ့ ဒီ ကိုးရောက်မှာ ကျွန်တော်လည်း ပါနေတာပါပဲ ။

ဘယ်လို “ သိ ” ရပါ့ မလဲ ..။
ဟိုလို ဒီလိုမဟုတ်ပါ ။ ရိုးရိုးရှင်းရှင်းကလေးပါပဲ ။
ရှုလိုက်သောကြောင့်  နှာသီးအဝတို့ မှတဆင့်  တွန်းတိုက် တိုးဝင်သွားသော “ ဝင်လေ ” နှင့်  ၊ ကိုယ့် ခန္ဓာကိုယ်
အတွင်းမှ ပြန်တက်လာပြီး နှာသီးဝကလေးတွေကိုပဲ ပြန်လည်ပွတ်တိုက် ထိုးထွက်သွားသော “ ထွက်လေ ” တို့ 
ကို သတိလေး အသာကပ်ကြည့်ပြီး သိ သိ ပေးနေတာကလေးပဲ ဖြစ်ပါသည်။

“သိပေးကြည့် ကြပါဗျာ...” သိပ်လွယ်တဲ့ အလုပ်ကလေးပါပဲ။
အခုပြောနေ၊ ရေးနေ ၊ ဖတ်နေ၊ လုပ်နေ၊ ကိုင်နေရင်းပဲ ချက်ခြင်းလက်တွေ့  လုပ်ကြည့် လိုက်လို့ ရပါသည်။
မယုံကြည်စိတ်၊ မခံချင်စိတ်၊ အထင်မကြီးချင်သည့် စိတ်ကလေးဖြင့်  စမ်းကြည့်  လိုက်စေချင်လှပါသည်။

သီးသန့် အနေနှင့် မဟုတ်ပဲ လှဲ၊နေ၊ရပ်၊သွား အနေအထား အားလုံးလုပ်လို့ ရသည့်  အကျင့် ကလေးဖြစ်နေသော
ကြောင့်  မျက်စေ့  မှိတ်လိုက်စရာမလိုပါ။ သတိလေးနှင့်  သိပေးရုံပဲ ဖြစ်ပါသည်။ စိတ်ထဲကလဲ လိုက်ဆိုနေစရာ
မလိုသလို ကိုယ့် နှာခေါင်းကိုလည်း ငုံ့  ကြည့် နေစရာ မလိုပါ လို့ ။

လုပ်ရောလုပ်ကြည့် မှာလား ဟု မေးချင်ပါသည်။

ကြုံရင်ကြုံသလို ၊ သတိရလျင် ရ သလို၊ စက္ကန့်  လေးသောအချိန်ကလေးတွေကို တဖြည်းဖြည်းအကျင့် လုပ်၍
မိနစ်ကလေးတွေ မှ တဆင့်  ဖြည်းဖြည်းချင်း လေ့ ကျင့် တက်ယူ သွားလို့ ရပါသည်။

ထိုကဲ့ သို့  ရှုလိုက်တာလေးများကို သတိပြုမိ၊ သတိရမိနေသည့်  အလွန်သေးငယ်သော အချိန်ကလေးတွေ
အတွင်းမှာပင် ကိုယ့် ရင်ကို တစပ်စပ် ရိုက်ခတ်လာနေသော အာရုံ မျိုးစုံတို့ ကတော့  ကိုယ်နဲ့  မဆိုင်လိုက်
သလို ဖြစ်နေတတ်ပြီး ကိုယ့် ရင်ဝယ်လဲ နဲနဲလေး ငြိမ်သွားသလို ဖြစ်နေတတ်မှာ အသေချာပဲ ဖြစ်ပါသည်။

ထိုသို့  အသက်ရှုနေမိသော တစ်ခဏလေးအတွင်းဝယ် တစ်သက်လုံး၊ တစ်သံသယာလုံးက ပွက်ပွက်ဆူလာနေ
ခဲ့ ရသော ကိုယ့် ရင်ဂျိုင့် ကလေးက ရုတ်ချဉ်းငြိမ်ပြီး အေး လာတာ ၊ အေး သွားတာကို ချက်ခြင်းပဲ သိ ရှိ၊ ခံစားမိ
မှာ အသေချာပါပဲ ဟု ကျွန်တော်ပြောရဲပါသည်။

ရင်ထဲမှာလဲ အေးသွားတော့  ပြန်ထုပ်လိုက်မိသော “ ထွက်လေ ” တို့ လည်း ၊ “ အေး ” သွားတော့ တာပဲ ဖြစ်
ပါသည်။

တကယ်လို့ သာ ......
ပြောခဲ့ ဘူးသည့်  မြန်လွန်းနေသော အချိန်တို့ အတိုင်း သာ ယ္ခု လို အသက်ရှုနည်းလေးများကို ကိုယ်က သတိ တရများ ထူထောင်နေမိနိုင်ရင်တော့  ဘယ်လောက်များ အေးနေလိုက်မလဲလို့ ။
သတိရတိုင်းသာ အသက်ရှုနေတတ်လျင် ၊ အသက်ရှုနေတတ်သမျှကာလ ပတ်လုံးလဲ ဝန်းကျင်က ကိုယ့် ကို
စိုးမိုးလာနေသည့်  အာရုံ တို့ ကို ဆင်ဆာဖြတ်တောက်လက္ခံ နေပြီးသားဖြစ်နေမှာ အသေအချာဖြစ်ပါသည်။

အသက်ရှုနေသမျှလဲ အမြဲကုန်ပျောက်နေတတ်သောသဘောလေးတွေကို ဆင်ခြင်နေနိုင်မည်ဆိုလျင် အချိန်
နှင့် အမျှပဲ အရောင်အသွေးတို့ စုံလင်စွာပြောင်းလဲနေတတ်သော အာရုံပေါင်းစုံတို့  ဖွဲ့ စည်းထားသည့် လောက
ကြီးကိုပါ တုန်လှုပ်ခြင်းအလျင်းမရှိပဲ တဖြည်းဖြည်းရင်ဆိုင်လာမိနေပါမည်ဟု ထင်မိပါသည်။

လောကကြီးရဲ့  လွှမ်းမိုးချယ်လှယ်မှုအောက်ကစတင် ကင်းလွတ်လာနေပြီး ဘယ်တော့ မှ အနိုင်မရခဲ့ ပဲ သူ့ သ
ဘောအတိုင်း သူဖြစ်နေသောလောကကြီးကို အနိုင်ယူနိုင်တော့ မည့်  လမ်းစ ပေါ်သို့ လည်း ခြေအစုံ ချမိ တော့ 
မှာဖြစ်ပါသည်။

တစ်စက္ကန့် လေးရဲ့  ဆယ်ပုံတစ်ပုံလေးမျှတောင်မှ မြဲမနေနိုင်သည့်  ကျွန်တော်တို့  ခန္ဓာအိမ်ကြီးတွေပေါ်မှာသာ
ရှုနေတာလေးကို သိ သိ ပေးနေသည့်  အသက်ရှုနည်းလေးကိုများ စက္ကန်ပေါင်းများစွာပဲ နေ့ စဉ် ထူထောင်နေ
နိုင်ကြရင်ဖြင့်  ......... ။

......................................................................................................................

( ဆက်ပါအုံးမည် )











5 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆက်ပါဦး ကိုအဖြူလေး
တကယ်ဘဲ အသက်ရှူတာကို အသိလေးနဲ့ ရှူနိုင်ရင် စိတ်တွေလည်း အေးချမ်းလာမယ်ပေါ့နော်
လိုက်လုပ်သင့်ပါတယ်...
ကြိုးစားပါမယ်လေ

မိုးယံ said...

အဲလို ထိသိ သတိလေးတွေကို ကြိုးစားနေသူမို့ .ဒီလိုလေး စေတနာနဲ့ရေးသားပေးတာ ကျေးဇူးတင်သဗျာ... သတိထားပြီးတော့တော့ လုပ်ပါတယ်.. လွတ်သွားတဲ့ အချိန်တွေများတယ်.. သတိရတဲ့ အချိန်တွေရှိတယ်.... ဘာပဲဖြစ်ဖြစ် လေ့ကျင့်လျက်ပဲ... အော်ကြုံတုံး ကြော်ငြာ ၀င်ရဦးမယ်... အဲဒီ ၀င်လေ ထွက်လေ သတိမှတ်တာလေးက.... တစ်ခြားမြင့်မြင့်မားမားတွေ ခဏထားဗျာ.. .အိပ်မပျော်တဲ့ ညတွေ အတွက်တော့ အန္တရယ်ကင်း ဘေးရှင်းတဲ့ အိပ်ဆေးဆိုတာတော့ ကိုယ်တွေ့ပါဗျာ... (တစ်ယောက်နဲ့ တစ်ယောက်ထပ်တူကျဖို့တော့ မလွယ်ဝ

Anonymous said...

အသက်ရှုတတ်ဖို့ သတိပေးနေတဲ့ အဖြူလေး စာကိုဖတ်ရလို့ ကျေးဇူးတင်ပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

sosegado said...

အသက်ရှုတဲ့ မှတ်တဲ့ အကြောင်းတွေဆက်ဖတ်သွားမှာပါ၊
ခုဆိုရင် နာနို စက္ကန့်အတွင်းမှာပင် ဖြစ်ပျက်နေကြတာတွေကို ဖေါ်ထုတ်နိုင်ကြပါပြီ။
ဧရာဝတီမြစ်ကြီးလည်း နောက်ရေတွေ ဆက်မတိုးနိုင်တဲ့သနေ့ ရပ်တန့်သွားမှာပါ။

ကိုဇော် said...

ရှူသွင်း ၊ ပြန်ထုတ် သဘာဝက လူ့စိတ်ကို ညစ်နွမ်းမှုကနေ ကြည်လင်စေတာကတော့ အမှန်ပါပဲဗျာ။ ကျနော် ငယ်ငယ်က နှာခေါင်းသွေးလျှံတဲ့ ရောဂါ မွေးရာပါ ရှိတယ်။ သူများတွေလည်း ဖြစ်တာပါပဲ ဆိုတာထက် ဆိုးလို့ ရောဂါလို့ ပြောတာပါ။ ဘယ်လိုမှ ကုမရဘူး။ နောက်ဆုံးတော့ အသက် ၁၈ ကျော်ရင် သူ့ဖာသာ ကောင်းသွားတတ်တယ် ဆိုတဲ့ ဆရာဝန်တွေ စကားနဲ့ အသက်ရှူထုတ် လေ့ကျင့်ခန်းလေးကြောင့် လုံးဝကို ပျောက်သွားခဲ့တယ်။ ကျနော်တော့ အသက်ရှူထုတ်ပုံကို ယုံကြည်ပါတယ်။ စိတ်နဲ့ ပတ်သတ်ပြီး အရာရာအပေါ်မှာ ကြည်လင်စေနိုင်ပါတယ်။
ဆက်ပါဦးဗျာ။