Friday, March 19, 2010

တိုက်စစ်မှုး များနှင့်  ကိုမြတ်ခိုင်

“ မော.. လိုက်တာကွာ ... ရေတစ်ခွက် လောက် ပေးစမ်းပါ မိန်းမရာ....”
ကို မြတ်ခိုင်က သူ့  မဟေသီ မဝင်းမေ ကို လှန်း ပြော လိုက်တာပါ။
မဝင်းမေက ရေအိုးကို အသာလေးစောင်း၍ ဘုံဘိုင်ဂေါင်းဖွင့်ပြီး သူ့လောင်တော်မင် အတွက် သောက်ရေခွက်ကို ခံ ပေးရှာပါသည်။
“ ဟ.. ဒါက ဘယ်လို ဖြစ်ရပြန်တာတုံး ... မိန်းမ ရေ...”
“ အမယ်.. အစမ်း တွေ ပြောမနေပါနဲ့ တော်.... ညက မီး မှ မလာတာ ရေ တင်လို့  မရဘူးလေ...”
သူ့  မိန်းမ မဝင်းမေက ကျန်းမာရေး လွှတ် ကောင်းနေသောကြောင့် ငါး ယောက် မြောက် အငယ်ဆုံး သားထွေး
ပေါက်စီ ကို မြီးဖွား သန့် စင် ပြီးလို့  နှစ်လ မပြည့် တစ်ပြည့်လေးမို့  ချစ်တတ် လွန်းသော ကိုမြတ်ခိုင်က သူ့မဟေသီ ကို လေးလေး ပင်ပင် ဘာတစ်ခုမှ မမ ရန် မာရှယ်လော ထုတ် ထား မိသောကြောင့် တာမွေမြို့ နယ်
ဗမာ တိုင်းရင်းသား ပိုင် ပြည်တွင်းဖြစ် ကန်ထရိုက်တာများ လက်စွမ်းပြ ဆောက်လုပ် ထားသော ခုနှစ်ထပ်တိုက်
အပေါ် ဆုံးကို ခြေ လက် တို့  အတွဲလိုက် ပါလာအောင် ဒရွတ် တိုက် တက်လာရပြီးမှ ရေကို အနည် ထိုင်အောင်
စောင့်၍ သောက် ရရှာ ပါတော့သည်။

အင်း... “သောက် ရေ” ဆို၍ မဝင်းမေ ခုနှစ်လွှာ ကို စ ရောက်ခါစ က နောက်ဖေး ပြူတင်းပေါက်မှ အောက်ဖက်
ငုံ့ ကြည့်မိတော့သူတို့  အိမ်မှ စ ၍ အိမ်တိုင်း ၏ မိလ္လာ ပိုက် လိုင်း တွေ အားလုံးက တိုက်အောက်ဖက် တည့်တည့် ထိုးဆင်းသွားပြီး ကွန်ကရစ် အုတ်ကန်ကြီးထဲ ထိုးဝင်သွား ကြတာကို ကြည့် ပြီး သူ့ လောင်တော်မင် အင်ဂျင်နီယာ ပေါက်စ ကိုမြတ်ခိုင် ကို မေးခွန်းတစ်ခု မေးခဲ့ဘူးပါသည်။

“ မောင်ရေ... ချီးပိုက်တွေ အကုန်လုံး တိုက်အောက် က ကန်ထဲ ပဲဆင်းနေတယ်ဆိုရင် မေ တို့  သောက်နေတဲ့ 
တိုက်အောက်က အဝီစိ ရေက ဘယ်လိုလုပ်ကြမလဲ... ချီးတွင်းကြီး နဲ့  ကပ်နေတယ် မဟုတ်ဘူးလား..” တဲ့ ဗျာ... ။
အင်ဂျင်နီယာ ပေါက်စ အဖြေရ ကျပ်သည့်မေးခွန်း ကိုမှ ပေါက်ပေါက်ရှာရှာ မေးတတ်သူပါ ။

မဝင်းမေ ကလည်း နယ်နယ်ရရ မဟုတ်ပါ၊ သူ့  ဖိုးအေ က သစ်ဟောင်း ရောင်းဝယ်ရေး ၊ အိမ် အဟောင်းတွေ
ဖျက်ဝယ် သည့် လုပ်ငန်း လုပ်တော့ လက်သမားလုပ်ငန်း အတွေ့အကြုံ အသင့်အတင့် ရှိထားသူတစ်ယောက် ဖြစ်ပါသည်။ သစ်တန်များ တွက်ပြီဆိုလျှင် ကိုမြတ်ခိုင် စာရွက်ပေါ်မှာ ချရေးနေတုံး ရှိသေး.. ၊ မဝင်းမေ ပါးစပ်က သစ်ပေကို အော်ပြီးနေပြီလေ။ ဒါတင်လား ... ဆိုတော့ မဟုတ်သေးပါ၊ မြောင်းမြက သူတို့ခြံကို တိုင်စိုက် ကာရံတုံးက ကိုမြတ်ခိုင် ရောက်နေတာနှင့်  ကြုံ၍ သူ့ အဖိုးကို ကိုမြတ်ခိုင်အား ဝင်ကူခိုင်းရာ ကိုမြတ်ခိုင်လည်း ကြွတက်စွာနှင့်ပဲ ဆိတ်ချိုတူ တစ်ချောင်း ၊ သံတစ်ထုပ် ယူပြီး ခြံထဲ ဖင်ပေါ့ စွာ ဆင်းသွားခဲ့ပါသည်။

သစ်တိုင် တစ်ချောင်းကို သံတစ်ချာင်းရိုက်လိုက်၊ မဝင်ပဲ ကွေးသွားလိုက် ၊ ထပ်ရိုက်လိုက် ဘေး စင် ထွက်သွား
လိုက်နှင့် ချွေးပြန်နေသော သူ့ယောင်္ကျားကို မဝင်းမေက အိမ်ပေါ်မှ ဆန်ပြာနေရင်း မြင်သွားလေသည်။ သူ့အဖိုးကလည်း “ ဟဲ ဟဲ.. လူလေး ဘာဖြစ်လို့လဲ...၊ အဆင်မပြေ ဘူးလား” ဟု မေးလာတော့ ကိုမြတ်ခိုင်ကလည်း အားကျမခံပဲ “ သံက ပျော့ တယ် အဘရ၊ သွတ်သံ တွေထင်တယ်၊ သစ်ကလည်း အမြစ်ဆုံ ဖြစ်နေတယ် ..” စသည်ဖြင့်  ဆင်ခြေတွေ ပေးရပါတော့သည်။

မဝင်းမေလဲ မနေသာတော့ ပဲ အိမ် အပေါ် ဆင့် မှ ကပြာပဲ ထမီ တိုတို ဝတ်ပြီး ခြံ ထဲ ဆင်းလာ၍ သူတို့ 
မြည်းအဖိုး ကြားထဲဝင်ပြီး ကိုမြတ်ခိုင် လက်ထဲမှ ဆိတ်ချို တူ ကို ယူ ပလပ်စတ်စ ကို အခေါက် ခေါက် ၊ သံ နှင့် 
တေ၍ ကိုမြတ်ခိုင် သံတစ်ထုပ် မြေမှာ မြင်မကောင်း အောင်ပုံ သည့် တိုင် မဝင်သေးသည့်  သစ်တိုင် ကြီးကို
တူကလေးနှင့်  ဆ ကာ ဆ ကာ တစ်ဒိုင်းဒိုင်း ရိုက်ပြ လိုက်ပါတော့ သည်။ ကိုမြတ်ခိုင် မဟေသီက အဲ့ ဒီလိုပါလို့  ။

ကိုမြတ်ခိုင်က ရေနံ ဖက်ဆပ်ကုမဏ္ဏီ တစ်ခု မှ ဝန်ထမ်း တစ်ဦး ဖြစ် ပြီး မဟာ ရန်ကုန် သား စစ်စစ် တစ်ဦးလဲ
ဖြစ် ပါသည်။ ( ဘာကြောင့်  ရန်ကုန် ရှေ့  မဟာ ကိုတပ်ရပါသနည်း ဆိုသော် ဟိုး ယ္ခင် က အရှေ့ တောင်အာရှ
တွင် အလှ ဆုံး မြို့  ဟု ကြားဘူး တာ နားဝ မှာ ရှိနေသေး သောကြောင့်  ) ။ မဝင်းမေ ကတော့  ငရုတ်ကောင်း
နံ့ သင်းသင်း နှင့်  မုန့် ဟင်းခါး အလွန် ကောင်းပါသည် ဆိုသော မြောင်း မြသူ ကလေး ဖြစ်ပါသည်။

ဟိုတုံးကတော့  ရေနံ ဆိုလျှင် အညာ မြေ မှာပင် ထွက်လေ့ ထွက်ထ ရှိနေပေမဲ့  ယ္ခု တိုင်းပြည် အုပ်ချုပ် မင်း လုပ်
နေသူ တို့ ၏ ဘုန်းကံ ကြောင့်  မြစ်ဝ ကျွန်းတွေ ပေါ် မှာပင် ရေနံ တွေ ထွက်နေ ပြန်ပါသည်။ သို့ မို့  ကြောင့် 
ရေနံတူးရန် လာသည့်  ကိုမြတ်ခိုင် က မဝင်းမေ တို့  မြောင်းမြမှာ ဖူးစာ ကိုပါ တူးမိတော့ သည်ပေါ့ ဗျာ..။

အကြောင်းပါကြပြီ ဆိုတော့ လဲ ခေါင်းမှာ ချာချာလည် နေအောင် မစဉ်းစားတော့ ပဲ ကိုမြတ်ခိုင်၏ ရောင် နောက်
ကို မဝင်းမေ ၏ ဆံထုံး ကလေး က ကောက်ကောက် ပါအောင် လိုက်လာမိခဲ့ သည်မှာ အထက်က ပြောခဲ့ သည့် 
အတိုင်း မဟာ ရန်ကုန်ကြီး၏ ခုနှစ် လွှာ အမြင့် ဆုံးမှာ ဘုံဆံ အဆင့် အထိ ရောက်ခဲ့ ရသည် ဆိုကြပါစို့ ..။

ခုနှစ်လွှာ ကိုရောက်ခါမှ မြောင်းမြသူ မဝင်းမေ တစ်ယောက် ဗိုက်ဖုံးအင်္ကျီ အကြိမ်ကြိမ် ဝတ်နေရသလို
ခြေသလုံးသားတို့ လည်း တုတ်တုတ် ပြီးထွား လာရပါတော့ သည်။ နေ့ တိုင်း ဘုံခုနှစ်ဆင့်  တက်နေရ
တာကြောင့်  ဘောလုံး သမား ခြေသလုံး တွေလို ဖြစ်လာရသည် ဟု ဆိုလိုတာပါ ။

လက်ကျန်ရေ လေးကို “ဂွပ်” ကနဲ ကိုမြတ်ခိုင် မော့ချလိုက်ပြီး သူ့ ပင်နီတိုက်ပုံ ကြီးကို ချွတ်လိုက်ပါသည်။ တစ်လမ်းလုံး ဘတ်(စ)ကား က နေရာ မရခဲ့ သောကိုမြတ်ခိုင်တစ်ယောက် ခြေသလုံးတွေက ကြိုးခုန်ထားရသလို ညောင်းနေသောကြောင့် ဧည့်ခန်းက ပက်လက် ကုလား ထိုင်ပေါ် ချေပစ်လက်ပစ်ပဲ ထိုင်ချ လိုက်မိပါတော့သည်။
“ ဝုန်း ”
“ အောင်မယ်လေး ဗျာ...”

အသံ ကြား၍ လောင်တော်မင့်  တိုက်ပုံ အင်္ကျီ ကို ဂျိတ်မှာချိတ် နေသော မဝင်းမေ အလန့် ထညှက် လှည့် ကြည့် 
လိုက်မိတော့ .. ကို မြတ်ခိုင် တစ်ယောက် ပက်လက်ကုလားထိုင် ဖင်ကျွံ ကျ နေတာကို တွေ့ လိုက်ရပါတော့ သည်။ ဖြစ်ပုံက အကြီးဆုံးကောင် မျောက်မူးလဲ “ ဝိုင်းချစ် ” က ပက်လက်ကုလားထိုင်ဒုတ်ကို ဆွဲထုပ်ထားသော
ကြောင့်  ဖြစ်ပါ၏။
“ ဒီကောင်.. ငါ.... ”
“ ကို နော် .. ဘာ မဟုတ်တာတွေ တုပ် အုံးမလို့ လဲ..”
မဝင်းမေ က ကပျာ ပဲ ကိုမြတ်ခိုင် ကို လှန်း တား လိုက်ပါသည်။

ကိုမြတ်ခိုင် သားတွေကလည်း ကိုမြတ်ခိုင် သွေး လို့  ပြောစရာမလို လောက်အောင်ကိုပင် အဖေ ရှုံး လောက်
အောင်ကို ဆော့ ရှာပါသည်။ သားဦး “ ဝိုင်းချစ်” မွေးတော့  သူနဲ့  တူသည့်  နားရွက် ကားကား လေးပါလို့ 
ချစ်လိုက်ရတာ တုံ လို့ ..။ ဒုတိယ သားလတ်“ တုံချစ် ” မွေးလာ ပြန်တော့ လည်း သူ့ လိုပဲ ဂေါင်း ကြီးကြီး လေး
မို့  ချစ် ရပြန်ပါသည်။ နောက် တစ်ယောက်တော့  မိန်းမ ရေ မိန်းခလေး လေး မွေး ပေးပါတော့ လို့  ဖိုး လမင်း ကြီးဆီမှာ လက်ဖြန့်  တောင်းသလို၊ မဝင်းမေ ကို အတင်း တွယ်ကပ် ပူဆာ ပါသော်လည်း ပေါက်လာ (အဲ) မွေး လာ လိုက်ပြန်သည်က ရှေ့ က ကောင်တွေလိုပဲ တိုက်စစ်မှုး “ ဇော်ပေါက် ” ၊ ဒါလဲ တူပြန်တာပဲ ။ “ သူ” နဲ့ ပဲ လေ..၊ မျက်ခုံး မှာပါ။ စုပ်တံ နှင့် ဆွဲ ထားသလို လေ ၊ ထူထူကြီးနှင့် တန်း နေတာပါ။ စိတ်ဓါတ်တော့ မကျသေးပါ။ ဟင်း တစ်ခွက် အိမ်ရောက်မည့်  သမီး မိန်းခလေး တစ်ယောက် ရဘို့  လင်မယားနှစ်ယောက် တက်ညီလက်ညီ ကြိုးစားကြပြန်ပါသည်။

ဒီတစ်ခေါက်တော့  ကိုမြတ်ခိုင် သူတို့  လမ်းထိပ်က ရုက္ခစိုး ကြီး နေထိုင်ရာ ညောင်ပင် ကြီးမှာ ငယ်စဉ်က
မသိလို့  သေးအကြိမ်ကြိမ် ပေါက်မိခဲ့ တာ ခွင့် လွှတ် အမှတ် မထား ဘို့  နှင့်  ချစ်သမီး လေး တစ်ယောက်
လောက်တော့  ပေးသနားပါရန် အကြိမ်ကြိမ် ဆွမ်းပွဲ လေးကပ်ရင်း ဆုတောင်း လိုက်ရတာအမောပါပဲ။

ဟော... မွေး လိုက်ပြန်ပါပြီ၊
အရင်ကောင်တွေလိုပဲ ညမင်းသား လေ ...။
ညဖက်မှ ထ ထ ရေမွှာ ပေါက်ပြီး “ဂျမန်ခန်ဒါ ” သားဖွား ဆေးရုံ ကို ပြေးရတာပါ။
တိုက်ဆိုင်နေတာက ဒီကောင်တွေ မွေးတိုင်း ညဖက် မီး ပျက်ပျက် နေတာဖြစ်ပါသည်။
မီး မှောင်ကြီးထဲမှာ သူ့  မဟေသီ ကို ပွေ့  ပွေ့  ပြီး ခုနှစ်လွှာမှ ခြေတုံ ဒူးတုံ နှင့်  ဆင်း ရတာ ဖြစ်သည်။

“ အား ကြီးချစ် ” လို့ ပဲ မှဲ့ လိုက် မိပါသည်။ ကိုမြတ်ခိုင်က သူနှင့် တူ သော မဟာနှစ်ဖူး ပါလာသည့် လေးယောက် မြောက်သော တိုက်စစ်မှုးကိုပါ။ မြန်မာ့ပရီးမီးယားလိဂ်အတွက် ဘောလုံးတစ်သင်းစာလောက် ဖြစ်လာတော့မည့် အရေးကြောင့် ဗမာ့ဘောလုံးလောက အတွက် အားတက်စရာ ဖြစ်နေပေမဲ့ တစ်သက်လုံးပဲ ပြုစုပျိုးထောင် ရတော့မည့် “ မိန်တိန်း ” စရိတ်ကြောင့် နောက်ဆုံးပိတ်တစ်ခါတော့ ကြိုးစားကြအုံးမဟဲ့လို့ပဲ လင်မယား နှစ်ယောက် ဂေါင်းခြင်းရိုက် ဆုံးဖြတ်လိုက်ပါတော့သည်။

“ ပေါက်စီ ” ကလေး မွေးလာပါတော့သည်။ မီးမလာ ၊ မှောင်ထဲမှာပါပဲ။ ဒီတစ်ခါတော့ ကိုမြတ်ခိုင် “ စိတ် ” လျှော့လိုက်ပါပြီ။ မီးလာရင် မိန်းခလေး မွေးမှာပါ ဆိုတာကိုပါ။ အိမ်ရှေ့  ၀ါးရံတာကိုလည်း ခြင်ဇကာ ပတ် ကာ ရပါတော့သည်။ မကာလို့လည်းမရပါလေ ၊ တိုက်စစ်မှုးများ၏ လက်ချက်ကြောင့် ဘောလုံး ခဏခဏ ဆင်းကောက်နေရလို့ ပါ။ ဖအေ လုပ်တဲ့ သူက အိမ်ဝ တောင် မရောက်သေး၊ နောက်တစ်ယောက်က ဘောလုံး တစ်လုံး ပစ်ချ လိုက်ပြန်သည်။

ကြာတော့  ပတ်ဝန်းကျင် နှင့်  ဘေးအိမ်တွေက “ မောပါ့  ကိုမြတ်ခိုင် ရယ်” ဟု စုတ် သတ် လာကြတော့ သည်။
အော်.... တိုက်စစ် မှုး များနှင့် ကိုမြတ်ခိုင်..... ရယ် လို့ ။

( ငါးယောက်မြောက် တိုက်စစ်မှုး အပြီး တွင် ကွင်းပိတ် ဖြစ်ဖို့  ကိုမြတ်ခိုင် ဆုံးဖြတ် လိုက်ပါကြောင်း )

.............................................................................................................................................................

10 comments:

kiki said...

၅ ယောက် နဲ့ တင် လက်လျှော့သွားပြီလား ကိုမြတ်ခိုင် ရယ် ..
မဝင်းမေ တောင် ဘာမှ မငြီး မငြူ ..
ဘောတသင်းစာ ရမှ ဖြစ်မှာလေ ။

ရွှေရန်ကုန် မြို့ တော်ကြီးမှာ တော့ မီးက နောင်လည်း မှန်မှာမဟုတ်တော့လို့  သမီးလေး လိုချင်ရင် ..
“ နော်ပြည်တေ ”မှာ သာ ပြောင်းနေလိုက်ကြပါ လို့  အကြံပြုပါတယ် ။

ကန်ထရိုက် တိုက် ခွန်နှစ်လွှာတိုက်ခန်းကြီး ကိုလည်း သံယောဇဉ် ဖြတ် လိုက်ပါတော့လေ .. လမ်းပေါ်မှာ ဆိုက်ကား အရှိန်ပြင်းပြင်းနင်းသွားရင်တောင် တုန်ခါ နေတတ်ကြလို့  ။ ဘယ်တော့ ပြိုကျ မယ် မသိဘူး နော် ...

(ဆက်ရန် ရှိသေး သလိုပဲ နော် .. ဆက်ရေးပါ )..

SHWE ZIN U said...

အင်း ရီရပါတယ် ကိုအဖြူလေးရဲ့ အားမငယ်ပါနဲ့ နောက်တယောက်မွေးအုန်းလေ သမီးလေး သမီးလေး ကျနော်လည်း သမီးမှ ချစ်တာ

ခင်တဲ့
ရွှေစင်

ချော(အစိမ်းရောင်လွင်ပြင်) said...

အာ လက်လျှော့တာ စောလိုက်တာ ကိုအဖြူလေးရယ်
ဟုတ်ပ ဘောလုံးတစ်သင်းစာမှမရသေးတာ
ခုခေတ်မှာ ဘောလုံးသမားတွေ လစာကောင်းနေပြီလေ
၁၁ယောက် မပြည့်ခင်မှာ မြန်မာပြည်ကြီး မီးမှန်မှန်လာသွားရင် မိန်းခလေး ဖြစ်ကောင်းဖြစ်သွားနိုင်ပါသေးတယ်လေ..
ဆုံးဖြတ်ချက်စောရန်ကော...
ဖတ်ပြီး တစ်စိမ့်စိမ့်တွေးရင်း
ခေါင်းတစ်ညိမ့်ညိမ့် ပြုံးမိပါတယ်..
ဂွတ်တယ်ရှင့်.....

လင်းကြယ်ဖြူ said...

တိုက်စစ်မှူးများတော့ အနိုင် ဂိုး ရဖို့ သေချာနိုင်တာပေါ့
နော.....း )
မီးကလေး မလာရင် ..လွမ်းမျက်ရည်လေးလယ်
ငယ်ငယ်တုန်းက .... စာပေထဲမှာသတိရပါတယ်
နှစ်ထောင့်နဲ့တစ်ဆယ်...မီးကလေးတွေလင်းမယ်
မီးနတ်မင်းကို ရှာဖွေကာ ..ပြောပေးပါလားကွယ်...
(မှတ်ချက်- ဦးကိုင်ဇာ ရဲ့ မိုးကလေးညိုရင် ဆိုတဲ့
သီချင်း အလိုက်ကလေးနဲ့ ဆိုကြည့်ပါလား...း )
ပျော်ပါစေ
*.*.*

မြစ်ကျိုးအင်း said...

လက်လျော့တာတော့ မဖြစ်နိင်ဘူး လောလောဆယ် နိင်ငံခြားထွက်နေတာပဲ ဖြစ်ရမယ်။

နာမည်မူပိုင်ခွင်တော့ တင်မှ ဖြစ်တော့မယ်

ချိုကျ said...

အဲ...တော်သေးတာပေါ့ ကွင်းပိတ်မြန်လို့ နို့မဟုတ်ရင် တော့မလွယ်ဘူးထင်ပါ့။မီးက အမြဲပြတ်နေလို့လေ :)

ဏီလင်းညို said...

အဖြူလေးရေ...
သားကလေးတွေ အများကြီးနဲ့ ဖခင်တစ်ယောက်ရဲ့ဘ၀လေးကို ဖတ်ရင်းပြုံးနေမိသဗျ.......း))
ကြိုးစားပါဦးလို့.....အဟစ်........း))
ခင်မင်တဲ့
ဏီလင်းညို

chocothazin said...

ဟားဟား ကိုမြတ်ခိုင်ရေ တာမွေမြိုနယ်၊ ဘယ်လမ်းမှာနေသလဲ ရန်ကုန်ပြန်တဲ့အခါ သဇင်လာလည်မလို့ ပါ။
သဇင်တို့ အိမ်သားတွေ လူကြီးလူငယ် တန်းစီပြီး ဓါတ်ပုံရိုက်တဲ့အခါ ဘောလုံးသင်းလို့ ပြောခံရတာ ကိုမြတ်ခိုင်ကြောင့် သတိရသွားပြီ...း)
တမြေစီရောက်နေတဲ့ အစ်ကိုတွေကို လွမ်းလိုက်တာ

ပေါ့ဆိမ့် said...

အင်း... ကုသိုလ်ကံကောင်း လိုက်ပုံများ ယောင်္ကျားချည် ၅-ယောက်... ဘာမှ အားငယ်စရာမရှိ ..။ ယောင်္ကျားလေးချည် မွေးတဲ့ မိန်းမကလည်း ရှားတယ်။ မိန်းမမြတ်လို့ ပြောကြတာကြားဘူးတယ်။

ညလင်းအိမ် said...

အဟားဟား ရီရတယ်ဗျ ...
ဖြစ်လာမှာပါဗျာ ... တချိန်ချိန်တော့း)